နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ညောင်နှစ်ပင်စိုက်ပျိုးမွေးမြူရေးအထူးဇုန်နှင့် ရွှေပြည်စိုက်ပျိုးမွေးမြူရေးဇုန်စီမံကိန်းသို့ သွားရောက်ကြည့်ရှုစစ်ဆေး နေပြည်တော်၊ မေ - ၂၂
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါ၍ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ညောင်နှစ်ပင်စိုက်ပျိုးမွေးမြူရေးအထူးဇုန်နှင့် ရွှေပြည်စိုက်ပျိုးမွေးမြူရေးဇုန်စီမံကိန်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ညောင်နှစ်ပင်စိုက်ပျိုးမွေးမြူရေးအထူးဇုန်ရှိ စိမ်းလန်းစိုက်ပျိုး ထုတ်လုပ်ရေးနှင့် အထွေထွေရောင်းဝယ်ရေး သမဝါယမအသင်းလီမိတက်အသင်းနှင့် “ထွန်း”ဓာတုကင်းလွတ် သမဝါယမအသင်း စိုက်ပျိုးရေးခြံများသို့ ရောက်ရှိပြီး မုန်ညှင်း စိမ်း/ ဖြူ၊ ယုဆိုင်၊ ထိုင်ဝမ် မုန်ညှင်း၊ ဆလပ်၊ ချဉ်ပေါင်၊ မုံလာ၊ ဖက်ဖယ်၊ ကန်ပွန်းချဉ်၊ ဆူးပုတ်၊ နံနံပင်နှင့် အခြားရာသီပေါ်သီးနှံများ စိုက်ပျိုးထားရှိမှု၊ ခြံထွက်ဟင်းသီး ဟင်းရွက်များ၊ ဈေးကွက်တင်ပို့မှုနှင့် အပင်စွန့်ပစ်ပစ္စည်းနှင့် အီးအမ်ဘိုကာရှီ ရောစပ် ထားသည့် ရွက်ဖြန်းအားတိုးဆေး၊ ကာကွယ်ဆေးများ အသုံးပြုမှုတို့ကို လိုက်လံကြည့်ရှု ပြီး သိရှိလိုသည်များကို မေးမြန်းဆွေးနွေးသည်။
ညောင်နှစ်ပင်စိုက်ပျိုးမွေးမြူရေအထူးဇုန်သည် မြေဧက ၉၁၀၆ ဒသမ ၄၇ ဧက ရှိသည့်အနက်မှ စိုက်ပျိုးရေး မြေဧကမှာ ၇၄၅၈ ဒသမ ၅၇ ဧက ဖြစ်ပြီး စိမ်းလန်းစိုက်ပျိုး ထုတ်လုပ်ရေးနှင့် အထွေထေွရောင်းဝယ်ရေး သမဝါယမအသင်း လီမိတက်အသင်းတွင် အသင်းဝင် တောင်သူဦးရေ ၂၄၂ ဦးတို့က မြေဧက ၁၄၀ တွင် ဟင်းသီးဟင်းရွက်များနှင့် အခြားရာသီပေါ်သီးနှံများကို လည်းကောင်း၊ “ထွန်း”ဓာတုကင်းလွတ် သမဝါယမအသင်း တွင် အသင်းဝင် တောင်သူဦးရေ ၁၀၈ ဦး တို့က မြေဧက ၆၀ တွင် ဟင်သီးဟင်းရွက် များနှင့် အခြားရာသီပေါ်သီးနှံများကို လည်းကောင်း စိုက်ပျိုးထားပြီး စိုက်ပျိုးရေးဇုန် အတွင်းမှ ထွက်ရှိလာသည့် ဟင်းသီးဟင်းရွက်များနှင့် ရာသီပေါ်သီးနှံများအပေါ် မူတည်ပြီး ဒေသအတွင်းရှိ လက်လီလက်ကားဈေးများသို့ နေ့စဉ် တန်ချိန် ၂၀ နှင့် ၃၀ အကြား ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း သိရသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် အဖွဲ့ဝင်များသည် C.P Group ရှိ Learning Center သို့ ရောက်ရှိကြပြီး Evaporated Cooling System ဖြင့် အဆင့်မြင့်အသားတိုးဝက်မွေးမြူ ထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်း ပြသပြီး သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကာ လိုအပ်သည်များကို မှာကြားသည်။ အဆိုပါ Learning Center တွင် ဝက်မွေးမြူရေးခြံ ၂၇ ခြံရှိပြီး တစ်ခြံတွင် အကောင်ရေ ၆၀၀ နှုန်းဖြင့် ဝက်အကောင်ရေ စုစုပေါင်း ၁၆၀၀၀ ကျော်မွေးမြူ ထားရှိကြောင်းနှင့် ဒေသတွင်း အသားငါးလိုအပ်ချက်များကို နေ့စဉ် တစ်ဖက်တစ်လမ်းမှ ကူညီပံ့ပိုး ပေးလျက်ရှိကြောင်း သိရသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် အဖွဲ့ဝင်များသည် Myanmar Green Light (MGL) စိုက်ပျိုးမွေးမြူရေးခြံသို့ ရောက်ရှိကြပြီး ဥစားကြက်နှင့် ငါးကန်တွဲဖက်မွေးမြူထားမှု၊ ဇီဝဇိုးငှက်များ မွေးမြူထားရှိမှုနှင့် ကျွဲကောပင်များနှင့် ဒူးရင်းပင်များ စိုက်ပျိုးထား ရှိမှုတို့ကို လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို အကြံပြု မှာကြားသည်။အဆိုပါ Myanmar Green Light (MGL) စိုက်ပျိုးမွေးမြူရေးခြံသည် ဧက ၃၀၀ ခန့် ကျယ်ဝန်းပြီး ကြက်မွေးမြူရေးခြံ ၁၃ ခြံတွင် မီးကိုင်ကြက်အကောင်ရေ ၂၀၀၀၀ နှင့် ဥစားကြက် အကောင်ရေ ၈၀၀၀၀ မွေးမြူထားရှိပြီး ဒေသတွင်းရှိ လက်လီလက်ကား ဆိုင်များသို့ နေ့စဉ်ကြက်ဥအလုံးရေ ၅၈၀၀၀ ကျော် ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း သိရသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် အဖွဲ့ဝင်များသည် ညောင်နှစ်ပင်စိုက်ပျိုးမွေးမြူရေး အထူးဇုန်ခန်းမသို့ ရောက်ရှိကြပြီး ဇုန်အတွင်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်နေကြသည့် လုပ်ငန်းရှင်များ၊ မှော်ဘီမြို့နယ်အတွင်းမှ ဌာနဆိုင်ရာ တာဝန်ရှိ သူများနှင့် တွေ့ဆုံစဉ် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဇုန်များအတွင်း စိုက်ပျိုး ရေးနှင့် မွေးမြူရေးလုပ်ငန်းများကို အပိုင်းလိုက်ခွဲခြား ဆောင်ရွက်ထားရှိမှု၊ ဇုန်အလိုက် ကော်မတီများ ဖွဲ့စည်းထားရှိမှု၊ ဇုန်အလိုက် စိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်ငန်း များဆောင်ရွက်လျက်ရှိမှုနှင့် ဟင်းသီးဟင်းရွက်များနှင့် ရာသီပေါ်သီးနှံ၊ အသား၊ နွားနို့နှင့် ဥများ ထုတ်လုပ်ရောင်းချပေးနိုင်မှု၊ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှာကြားချက်များ အပေါ် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိမှု၊ စိုက်ပျိုးမွေးမြူရေးဇုန်ကို ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားမည့် အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဉက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က အမှာစကားပြောကြားရာ၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အနေဖြင့် နိုင်ငံရေး ရည်မှန်းချက်များနှင့် အမျိုးသားရေးရည်မှန်းချက်များကို ချမှတ်၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ပြင် အမျိုးသားရေးရည်မှန်ချက် ၂ ရပ် အနက်မှ ဒုတိယအချက်ဖြစ်သည့် စားရေရိက္ခာ ဖူလုံရေးကိုလည်း အောင်မြင် အောင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်ငန်းများတွင် သန့်ရှင်းသော သုံးရေ၊ သောက်ရေများ ရရှိအသုံးပြုနိုင်ရေးသည် အရေးပါကြောင်း၊ ထို့ကြောင့် ရှိပြီး ရေအရင်းအမြစ်များ မဆုံးရှံးစေရေး အထူးသဖြင့် ချောင်းဖျား၊ မြောင်းဖျားနှင့် ရေထွက်နေရာများ၏ ရေဝေရေလဲနေရာများတွင် သစ်တော များ၊ သစ်ပင်များ အကြောင်းအမျိုးမျိုးကြောင့် ပြုန်းတီးမှုမရှိစေရေး ကာကွယ်ထိန်း သိန်းရမည် ဖြစ်သကဲ့သို့ ပြုန်းတီးမှုရှိပါကလည်း အမြန်ဆုံး ကြီးမြန်သစ်ပင်များ စိုက်ပျိုးထူ ထောင်ရန် လိုအပ်ကြောင်း၊ ၎င်းအပြင် ရှိပြီး မြစ်၊ ချောင်း၊ မြောင်းများ ရေကြီးရေလျှံမှုများ မဖြစ်စေ ရေးအတွက် မြစ်ညာနှင့် ချောင်းဖျားနေရာများမှ စတင်၍ ရေဝေရေလဲပြုန်း တီးမှုများမှ တစ်ဆင့် အပေါ်ယံမြေဆီလွှာများ ထိခိုက်ဆုံးရှုံးမှုမရှိစေရေး ထိန်းသိမ်းခြင်း လုပ်ငန်းများ ဆောင်ရွက်သွားကြရန်လိုကြောင်း။
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိသော ပြည်သူများအားလုံးနေ့စဉ် စားသုံးသည့် အသား၊ ငါး၊ ဥနှင့် ဟင်းသီးဟင်းရွက်များ လုံလုံလောက်လောက်ရှိစေရေး လုံလောက်စွာ ထုတ်လုပ်ဆောင်ရွက်သွားကြရန်လိုကြောင်း၊ ရေးဆွဲထားသည့် စီမံကိန်းများအလိုက် အောင်မြင်အောင် ဆောင်ရွက်ရန်လိုကြောင်း၊ ထိုသို့ထုတ်လုပ်ရာတွင် သတ်မှတ်ထားသည့် စိုက်ပျိုးမွေးမြူရေးဇုန်များအလိုက် အသား၊ ငါး၊ ဥနှင့် ဟင်းသီးဟင်းရွက်များကို ထုတ်လုပ် သွားရန်လိုကြောင်း၊ လက်ရှိထုတ်လုပ်နေမှုများမှာ လုံလောက်မှုမရှိသေးသဖြင့် စီမံကိန်း ရေးဆွဲသူများ၊ စီမံကိန်းအပေါ် စီမံဆောင်ရွက်ရေး ကြီးကြပ်ရမည့် တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ အကောင်အထည်ဖော်ကြရမည့် ထုတ်လုပ်သူများ အနေဖြင့် လူဦးရေနှင့်အညီ Supply နှင့် Demand ကိုမျှတ မှုရှိစေရေး တွက်ချက်၍ စားရေရိက္ခာဖူလုံမှုရှိစေရေး ဆောင်ရွက်သွားကြရန်လိုကြောင်း၊ အဆင့်ဆင့်ကြပ်မတ်သူ တာဝန်ရှိသူများအနေဖြင့်လည်း စနစ်တကျကြပ်မတ် အကောင်အထည်ဖော်ရမည့်အပြင် မွေးမြူရေးအတွက် လိုအပ်သည့် မျိုး၊ အစာ၊ ဆေးတို့ကိုလည်း အချိန်မီရရှိရေး ကူညီ ဆောင်ရွက်ပေးကြရန် လိုကြောင်း။
၎င်းအပြင် မွေးမြူရေးလုပ်ငန်းများတွင် ဇီဝကာကွယ်မှုလုပ်ငန်း Biosecurity သည်လည်း အဓိကအရေးကြီးအတွက် စနစ်တကျ ကြိုတင်ကာကွယ်မှုများကို စတင်ထူထောင်စဉ်ကပင် စဉ်းစားဆောင်ရွက်သွားကြရန် လိုကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် မိရိုးဖလာ စိုက်ပျိုးမွေးမြူခြင်းထက် ခေတ်မီ သိပ္ပံနည်းကျ စိုက်ပျိုးမွေးမြူရေးစနစ်များကို ဆောင်ရွက်သွားရန်လို ကြောင်း၊ ထိုသို့ ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာ တိုင်း/ခရိုင် ဦးစီးမှူးများ က အကြံပေးဆွေး နွေးခြင်းများ၊ ကျွမ်းကျင်ပညာရှင်များဖြင့် အသိပညာပေး ခြင်းလုပ်ငန်း များကို ဆရာစား မချန်ဘဲ ကူညီဆောင်ရွက်ပေးကြရန်လိုကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့်လည်း မိမိတို့တာဝန် ယူထားရသည့် မွေးမြူရေးဇုန်များ၊ စိုက်ပျိုးရေးဇုန်များအလိုက် လုပ်ငန်းများ အောင်မြင် မှုများရရှိရေး ကြိုးပမ်းဆောင်ရွက်သွားကြရန် လိုကြောင်း၊ ဒေသတွင်း စားရေဖူလုံမှုကို ဆောင်ရွက်ပေးနိုင် ယုံသာမက တိုင်းဒေသကြီးအတွင်း ပိုလျှံသော သား၊ ငါးများကို ခေတ်မီအေးခဲစနစ်ဖြင့် ထိန်းသိမ်းနိုင်ရေးနှင့် ပြည်ပဈေးကွက်သို့ ပို့ဆောင် နိုင်ရေး အထိစီမံသွားရန်နှင့် လုပ်ငန်းရှင်များ လာရောက်ရင်းနှီးမြှုပ်နှံနိုင်ရေး ဖိတ်ခေါ် ဆောင်ရွက် သွားရန် လိုကြောင်း စသည်ဖြင့် မှာကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ဇုန် (၂) အတွင်းရှိ အသားတိုးဝက်များနှင့် အဆင့်မြင့် ဥစားကြက်များ မွေးမြူထားရှိမှုများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများကို လိုအပ်သည်များ မှာကြား သည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် နှင့်အဖွဲ့ဝင်များသည် ညောင်နှစ်ပင်ကျေးရွာအနီးရှိ အမျိုးသားညီလာခံကျင်းပခဲ့သည့် ညောင်နှစ်ပင် ပြည်ထောင်စုခန်းမကြီးသို့ သွားရောက်၍ ပြည်ထောင်စုခန်းမကြီးနှင့် သီးသန့်ဆွေးနွေးခန်းမများကို ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုများ အား လိုက်လံကြည့်ရှုကာ ဒုတိယဝန်ကြီးချုပ်က သမိုင်းဝင်အဆောက်အအုံများ ဖြစ်သည့် အတွက် အဆောက်အအုံများ ပျက်စီးဆုံးရှုံးမှုမရှိစေရေး စနစ်တကျ ထိန်းသိမ်း ထားရှိရန် နှင့် အဆောက်အအုံများ အတွင်း/အပြင်နှင့် ပတ်ဝန်းကျင်သန့်ရှင်းရေး လုပ်ငန်းများကို ပုံမှန်ဆောင်ရွက်သွားကြရန်နှင့် အခြားလိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြား သည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် အဖွဲ့ဝင်များသည် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းမှ ဆောင်ရွက်လျက်ရှိသည့် ရွှေပြည်စိုက်ပျိုးမွေးမြူရေးဇုန်စီမံကိန်းသို့ ရောက်ရှိကြရာ အဆိုပါဇုန်အတွင်းရှိ အစည်းအဝေးခန်းမ၌ တာဝန်ရှိသူတစ်ဦးက ရွှေပြည်စိုက်ပျိုး မွေးမြူရေးဇုန်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ဥစားကြက် မွေးမြူရေး၊ အသားတိုးဝက်မွေးမြူရေး၊ အသားတိုးဝက်ပေါက်ထုတ်လုပ်ရေး၊ အစေ့ထုတ် ပြောင်းစပ်မျိုး (Hybrid) မျိုးစေ့ စိုက်ပျိုးထုတ်လုပ်ရေး၊ တိရိစ္ဆာန်အစာ ထုတ်လုပ်ရေး လုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများ၊ ဥစားကြက်ခြံများအတွက် ဆိုလာစနစ်ဖြင့် လျှပ်စစ်ဓာတ်အား ပေးနိုင်ရေး ဆောင်ရွက်နေမှု အခြေအနေများနှင့် အဆောက်အအုံများ တည်ဆောက် ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြချက်များအပေါ် ဒုတိယဝန်ကြီးချုပ်က မြန်မာ့စီးပွားရေးဦးပိုင် အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်နှင့် မြန်မာစီးပွားရေးကော်ပိုရေးရှင်းတို့မှ တိရိစ္ဆာန်အစားအစာများ ထုတ်လုပ်ပြီး မြန်မာပြည် အထက်ပိုင်းနှင့် အောက်ပိုင်း ဒေသများသို့ သက်သာသည့် ဈေးနှုန်းဖြင့် ဖြန့်ဖြူးရောင်း ပေးနိုင်ရေး၊ ဇုန်များမှ ထွက်ရှိ သည့် အသား၊ ငါး၊ ဥနှင့် အခြား စားသောက်ကုန်ပစ္စည်းများကိုလည်း တပ်မတော်သား များ၊ နိုင်ငံ့ဝန်ထမ်းများနှင့် ဒေသခံပြည်သူများကို သက်သာသော ဈေးနှုန်းဖြင့် ရောင်းချ ပေးနိုင်ရေး နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ စနစ်တကျ အကောင် အထည်ဖော် ကြိုးစားဆောင်ရွက်သွားရန်၊ မွေးမြူရေးလုပ်ငန်းများဖြစ်သည့်အတွက် ဇီဝကာကွယ်ရေး (Biosecurity) သည် အရေးကြီးသဖြင့် စတင် တည်ဆောက်သည့် အချိန်မှပင်စပြီး မွေးမြူရေးခြံများအပြင် စီမံကိန်းဧရိယာ တစ်ခုလုံးအတွက် ကြိုတင်စီမံ ဆောင်ရွက်နိုင်ရေး ကြပ်ကြပ်မတ်မတ် ဆောင်ရွက်ရန် ၊ တိရိစ္ဆာန်အစာ ထုတ်လုပ်မှု အပိုင်းတွင် ကျွမ်းကျင်ပညာရှင်များ ရှိပြီးဖြစ်၍ အမှန်တကယ်အောင်မြင်သည့် အစာ စပ်နည်း စနစ်များဖြစ်အောင် ဆောင်ရွက်သွားရန်၊ အစေ့ထုတ် ပြောင်းစပ်မျိုး(Hydrid) မျိုးစေ့များ ထုတ်လုပ်ရာတွင်လည်း သုံးစွဲသူတောင်သူများအတွက် အာမခံမှုရှိသည့် မျိုးများဖြစ်ရန် လိုအပ်ပြီး စိုက်ပျိုးသည့် တောင်သူများ သီးထပ်စိုက်ပျိုးနိုင်သည့် ပြောင်းမျိုးစေ့များ ဖြစ်စေရေးအတွက် ကျွမ်းကျင်ပညာရှင်များနှင့် ပူးပေါင်း၍ ဆောင်ရွက် ရန်၊ မွေးမြူရေးဇုန်များအလိုက် တိရိစ္ဆာန်အကောင်ရေ သောင်းဂဏန်း သိန်းဂဏန်း မွေးမြူရာတွင် မျိုးလုံလောက်စွာ အချိန်မီ မရရှိမှုကိုလည်း တစ်ဖက်တစ်လမ်းမှ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး နည်းလမ်းများ ရှာဖွေဆောင် ရွက်ရန်၊ မျိုးကောင်း မျိုးသန့်များနှင့် တိရိစ္ဆန်အစာများ သက်သာသောဈေးနှုန်းဖြင့် ထုတ်လုပ်ရောင်းချ ဖြန့်ဖြူးပေးရန်နှင့် ဇုန်နယ်နိမိတ်တွင် အရိပ်ရလေကာပင်များကို အပင်သုံးတန်း Zigzag စနစ်ပုံစံဖြင့် စိုက်ပျိုးထားရှိရန် မှာကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် အဖွဲ့ဝင်များသည် ဇုန်အတွင်း DYL အသားတိုး ဝက်မွေးမြူရန် တည်ဆောက်ထားရှိသည့် အလုံပိတ်အအေးပေးစနစ် ( Evaporated Auto Driking Auto Feeding System) ဝက်ခြံများနှင့် Lohmann Brown ( Germany) ဥစားကြက်များကို အလုံပိတ်အအေးပေးစနစ် ( Evaporated Fully Automatic System ) ဖြင့် မွေးမြူထားရှိမှုများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး သိရှိလိုသည်များ မေးမြန်းဆွေး နွေးကာ လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သတင်းရရှိသည်။