ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်း၍ မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်လမ်းကြောင်းများမှတစ်ဆင့် တရားမဝင် ဝင်ရောက်လာပြီး ကရင်ပြည်နယ်၊ မြဝတီမြို့- ရွှေကုက္ကိုလ်၊ မဲ့ထော်သလေး(KK Park)နှင့် ကျောက်ခတ်နယ်မြေများတွင် တရားမဝင် အွန်လိုင်း လောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ၊ ဒုစရိုက်မှုများကျူးလွန်ခဲ့ကြသူများကို စစ်ဆေး ဖော်ထုတ်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်မှ မေလ ၂၂ ရက်အထိ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား စုစုပေါင်း ၉၀၉၉ ဦး စစ်ဆေးဖော်ထုတ်ထိန်းသိမ်း နိုင်ခဲ့ကာ ၎င်းတို့အနက်မှ ၈၄၆၉ ဦးကို ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ ပြည်နှင်လွှဲပြောင်းပေးခဲ့ပြီး ကျန်ရှိသည့် ပြည်ပနိုင်ငံသား ၆၃၀ ဦးကို သက်ဆိုင်ရာ နိုင်ငံများသို့ လွှဲပြောင်းပေးရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်းနှင့် ၎င်းတို့ကို ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားရှိသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန၊ ပြစ်မှု ဆိုင်ရာစုံစမ်းစစ်ဆေးရေးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် Mr. Liu Ning Ning နှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် မြဝတီမြို့၊ မြန်မာ-ထိုင်းအမှတ်(၂)ချစ်ကြည်ရေး တံတားသို့ ရောက်ရှိကြပြီး ကရင်ပြည်နယ်၊ မြဝတီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဆောင်၍ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကရင်ပြည်နယ်၊ ဒုတိယညွှန်ကြား ရေးမှူး နှင့် တာဝန်ရှိသူများက ကြိုဆိုကြသည်။
၎င်းပူးပေါင်းအဖွဲ့သည် မြဝတီမြို့သို့ တရားမဝင် ဝင်ရောက်ခဲ့ကြသည့် တရုတ်နိုင်ငံသားများ အား စစ်ဆေးဖော်ထုတ်ပြီး ကောင်းမွန်စွာ ထိန်းသိမ်းထားမှုအခြေအနေကို လိုက်လံကြည့်ရှု လေ့လာ ကြသည်။
ဆက်လက်၍ နှစ်နိုင်ငံမှ ကိုယ်စားလှယ်များသည် မြဝတီမြို့၊ မြန်မာ-ထိုင်းအမှတ်(၂) ချစ်ကြည်ရေးတံတား အစည်းအဝေးခန်းမ၌ တွေ့ဆုံပြီး ထိန်းသိမ်းထားသည့် ပြည်ပနိုင်ငံသားများ ကို သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံး လွှဲပြောင်းပေးအပ်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ကျင်းပ ခဲ့ကာ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ဆွေးနွေးခဲ့သည့် သုံးနိုင်ငံ သဘောတူညီချက်ကို အရှိန်အဟုန် မြှင့်၍ ဆက်လက်ဆောင်ရွက်ရေး၊ မြဝတီဒေသရှိ အွန်လိုင်းလိမ်လည်မှု (Telecom Fraud)များ ကင်းစင်ပပျောက်သည်အထိ ရှင်းလင်းဆောင်ရွက်ရေးနှင့် အွန်လိုင်းလိမ်လည်မှု (Telecom Fraud) နှင့် ဆက်စပ်ပတ်သက်သူများကို သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်းပေးအပ်ရာတွင် အဆင်ပြေချောမွေ့စေရေး ပူးပေါင်းဆောင်ရွက်မည့်ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။
နိုင်ငံတော်အစိုးရအနေဖြင့် တရားမဝင်အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများအား စုံစမ်းဖော်ထုတ် စစ်ဆေး၍ ထိရောက်စွာ အရေးယူဆောင်ရွက်လျက်ရှိပြီး မြန်မာနိုင်ငံ၏နယ်စပ်ဒေသများတွင်လည်း တရားမဝင်အွန်လိုင်းလောင်းကစားနှင့် ငွေကြေးလိမ်လည်မှုလုပ်ငန်းများအား တားဆီးကာကွယ် တိုက်ဖျက်နိုင်ရန်အတွက် အိမ်နီးချင်းနိုင်ငံများအပါအဝင် နိုင်ငံတကာမှအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ စုံစမ်းဖော်ထုတ်အရေးယူမှုများကို အရှိန်အဟုန်မြှင့်ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။