နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါ၍ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တည်ဆောက်ဆဲ တိုက်ကြီး မွေးမြူဇုန်နှင့် တိုင်းစစ်ဌာနချုပ် ဘက်စုံစိုက်ပျိုး/မွေးမြူရေး စခန်းများသို့ သွားရောက်ကြည့် ရှုစစ်ဆေးသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် တည်ဆောက်ဆဲ တိုက်ကြီးမွေးမြူရေးဇုန်သို့ရောက်ရှိကြရာ ရှင်းလင်း ဆောင်၌ အဆိုပါဇုန်အတွင်း မွေးမြူရေးလုပ်ငန်းများအတွက် လုပ်ပိုင်ခွင့်ရလုပ်ငန်းရှင်များ၊ တိုက်ကြီးမြို့နယ်အတွင်းမှ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်တွေ့ဆုံစဉ် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဒေသဆိုင်ရာအချက်အလက်များ၊ တိုက်ကြီးမွေးမြူရေးဇုန် ဦးဆောင် ကော်မတီဖွဲ့စည်းထားရှိမှု၊ မွေးမြူရေးလုပ်ငန်း ဆောင်ရွက်မည့်ကုမ္ပဏီများမှ တိရစ္ဆာန် အမျိုးအစားနှင့် အကောင်ရေ မွေးမြူရန် လျာထားဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ ဇုန်အတွင်းမွေးမြူရေးလုပ်ငန်း ဆောင်ရွက်ထားရှိမှုနှင့် လမ်း၊ လျှပ်စစ်မီး၊ ရေ ရရှိရေး ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က သိရှိလိုသည်များကို မေးမြန်ဆွေးနွေးပြီး လမ်းညွှန်အမှာစကား ပြောကြားရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံရေးရည်မှန်းချက် (၂) ရပ်နှင့် အမျိုးသားရေးရည်မှန်းချက် (၂) ရပ် ကိုချမှတ်ထားကြောင်း၊ အမျိုးသားရေး ရည်မှန်းချက်ဖြစ်သည့် တိုင်းပြည် သာယာဝပြောရေးနှင့် စားရေရိက္ခာ ဖူလုံရေးတို့ကို အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ကြောင့် တိုက်ကြီး မွေးမြူရေးဇုန်အနေဖြင့် ဒေသအတွင်း စားရေရိက္ခာဖူလုံရေးကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်စေရန်အတွက် အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက် ကြရန်လိုကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း လူဦးရေ ၇ ဒသမ ၃ သန်းကျော် နေထိုင်လုပ်ကိုင်စားသောက်ကြရာ တိုင်းဒေသကြီးအတွင်းမှ စိုက်ပျိုးမွေးမြူရေးလုပ်ငန်း များမှ ထုတ်လုပ်သည့် စားသောက်ကုန်ပစ္စည်းများ လုံလောက်ခြင်းမရှိသည့်အတွက် အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများမှ ထုတ်လုပ်သည့် စားသောက်ကုန်များကို မှီခိုအား ထားနေသည်ကို တွေ့ရှိရကြောင်း၊ နိုင်ငံတော်ဝန်ကြီးချုပ် က ရန်ကုန်တိုင်းဒေသကြီးရှိ ပြည်သူများကို စားရေရိက္ခာဖူလုံစေရန်အတွက် စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများ ဇုန်အလိုက် စနစ်တကျ တိုးချဲ့ဆောင်ရွက်ရန် လမ်းညွှန်မှာကြား ထားကြောင်း၊ ထို့ကြောင့် တိုင်းဒေသကြီးအတွင်းမှ ထုတ်လုပ်သည့် စားသောက်ကုန် ပစ္စည်းများ မိမိဒေသအတွင်းရှိ ပြည်သူ့များအတွက် စားကုန်၊ သောက်ကုန်နှင့် လူသုံးကုန်များ ဖူလုံမှုရှိစေရန် ယခု တိုက်ကြီးမွေးမြူရေးဇုန်ကို ဒေသတွင်းသာမက Export ဆောင်ရွက် နိုင်သည်အထိ မျှော်မှန်း၍ အပိုင်းလိုက်၊ နှစ်အလိုက် စီမံချက်များ ချမှတ်၍ စနစ်တကျ အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ရမည် ဖြစ်ကြောင်း။
မွေးမြူရေးဇုန်အတွင်း လာရောက်ရင်းနှီးမြှုပ်နှံကြမည့် လုပ်ငန်းရှင်များ မွေးမြူရေး လုပ်ငန်းများ အဆင်ပြေချောမွေ့စေရန် သက်ဆိုင်ရာ ဌာနဆိုင်ရာဝန်ထမ်းများကလည်း လိုအပ်သည်များကို ဝိုင်းဝန်ကူညီ အကြံပြုခြင်းများ၊ ပြုပြင်ပေးခြင်းများ ဆောင်ရွက်ပေး ကြရန်လိုကြောင်း၊ ထို့ပြင် မွေးမြူရေးနှင့်ပတ်သက်၍ တိရစ္ဆာန်များအတွက် ရောဂါ ကာကွယ်ရေးလုပ်ငန်းများကိုလည်း သက်ဆိုင်ရာတာဝန်ရှိသူများက ဝိုင်းဝန်းဆောင်ရွက် ပေးကြစေလိုကြောင်း၊ တိရစ္ဆာန်များကို မွေးမြူခြင်းဖြစ်သဖြင့် ဇီဝကာကွယ်မှုလုပ်ငန်း Biosecurity သည်လည်း အဓိကအရေးကြီးကြောင်း၊ ဇီဝရောဂါ ကူးစက်မှုများသည် လူများဝင်ထွက်သွားလာမှု စနစ်မကျခြင်းမှတစ်ဆင့် စတင်ကူးစက်ပြီး တိရစ္ဆာန်အချင်းချင်း ကူးစက်မှုဖြစ်သဖြင့် ဂေဟစနစ်ကိုသိရှိပြီး ကြိုတင်ကာကွယ်မှုများကို စတင်ထူထောင်စဉ် ကပင် ဆောင်ရွက်သွားကြရန်လိုကြောင်း။
မွေးမြူရေးလုပ်ငန်းတွင် တိရစ္ဆာန်များအတွက် အစာအာဟာရ လုံလောက်စွာ ရရှိ ရေးသည် အရေးကြီးကြောင်း၊ မွေးမြူရေးလုပ်ငန်းတွင် လွှတ်ကြောင်းစနစ်၊ လှောင်မွေး စနစ်နှင့် အဆိုပါနှစ်ခုကိုပေါင်းစပ်၍ Hybrid စနစ်ဖြင့်မွေးမြူခြင်းများရှိကြောင်း၊ ထိုအထဲတွင် လှောင်မွေးစနစ်သည် အကောင်းဆုံးဖြစ်ကြောင်း၊ လှောင်မွေးစနစ်ဖြင့် ဆောင်ရွက်မည် ဆိုပါက နေ့စဉ်ကျွေးရမည့် တိရစ္ဆာန်အစာနှင့် ဖြည့်စွက်များ လိုအပ်ကြောင်း၊ အဆိုပါ လိုအပ်သည့် အစာများထဲမှ ဖြည့်စွက်စာများကို မိမိတို့ဇုန် အတွင်း၌ပင် စဉ်ဆက်မပြတ် ကိုယ်တိုင်စိုက်ပျိုး ထုတ်လုပ်နိုင်သည်အထိ ကြိုးပမ်း ဆောင်ရွက်သွားကြရန်လိုကြောင်။
ဇုန်အတွင်း သတ်မှတ်လျာထားပြည့်မီအောင် အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန်နှင့် မွေးမြူရေးဇုန်နှင့် သက်ဆိုင်ခြင်းမရှိသည့် လုပ်ငန်းများ ဆောင်ရွက်ခြင်းမပြုရန် သက်ဆိုင်ရာ တာဝန်ရှိသူများက ကြပ်မတ်ဆောင်ရွက်သွားရန် လိုကြောင်း၊ တိုက်ကြီးမွေးမြူရေးဇုန် အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် လုပ်ငန်းရှင် များကလည်း မိမိတို့ တာဝန်ယူဆောင်ရွက်သွားကြမည့် လုပ်ငန်းကဏ္ဍအလိုက် ထဲထဲ ဝင်ဝင် စနစ်တကျနှင့် သိပ္ပံနည်းကျမွေးမြူရေးသို့ ရှေးရှုလုပ်ဆောင်ကြရန်လိုကြောင်း။
မွေးမြူရေးလုပ်ငန်းများ လုပ်မည်ဆိုပါက ရေနှင့်မီး သည် အဓိက လိုအပ်သည့် အချက် များပင် ဖြစ်ကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ရေနှင့်မီး ရရှိရေး ဆောင်ရွက်ပေးထား သည်ကိုတွေ့ရှိရကြောင်း၊ လျှပ်စစ်ဓာတ်အား လုံလောက်မှုမရှိပါက လုပ်ငန်းရှင်များ အနေဖြင့် နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ် ဓာတ်အား တစ်ပိုင်တစ်နိုင် ထုတ်လုပ်ခြင်း လုပ်ငန်းများကို ဆောင်ရွက်နိုင်ကြောင်း၊ ထို့ပြင် မိမိတို့ခြံနယ်နိမိတ်အလိုက် ယခုမိုးရာသီ မှစတင်၍ အကြီးမြန်သည့် သစ်ပင်များကို နိုင်ငံတော်ဝန်ကြီးချုပ် လမ်းညွှန်ထားသည့် အပင်သုံးတန်းကို Zigzag စနစ်ပုံစံဖြင့် စတင်စိုက်ပျိုးကြရန်လိုကြောင်း၊ ထိုသို့ စိုက်ပျိုး ခြင်းဖြင့် အပင်များသည် တိရစ္ဆာန်များနှင့် အဆောက်အဦများအတွက် သဘာဝဘေး အန္တရယ်များကို အထိုက်အလျောက် ကာကွယ်တားဆီးနိုင်မည်ဖြစ်ကြောင်း၊ တိုက်ကြီး မွေးမြူရေးဇုန်ကို စံပြမွေးမြူဇုန်ဖြစ်ရန် သတ်မှတ်ကာလအလိုက် လုပ်ငန်းများအပိုင်းလိုက် စီမံချက်များရေးဆွဲ၍ အမြန်ဆုံး အကောင်အထည် ဖော်ဆောင်ရွက်သွားရန်လိုကြောင်း။
ဇုန်အတွင်းလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ရင်းနှီးမတည်ငွေ များ လိုအပ်ပါကလည်း တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အရင်းမပျောက် မတည်ငွေ၊ MSME ချေးငွေများနှင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေများကို ချေးယူရရှိနိုင်ကြောင်းနှင့် သတ်မှတ် ကာလအတွင်း မှန်မှန်ကန်ကန် ပြန်လည်ပေးဆပ်ရန်လိုကြောင်းနှင့် တိုက်ကြီးမွေးမြူရေး ဇုန်အား နိုင်ငံတကာနှင့် ရင်ဘောင်တန်းနိုင်သည်အထိ တိုးတက်အောင်မြင်စေရေး အားလုံးက မလျှော့သော ဇွဲ၊ လုံ့လ၊ ဝီရိယများဖြင့် ဝိုင်းဝန်းကြိုးပမ်း သွားကြစေလိုကြောင်း ဖြင့် ပြောကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် တိုက်ကြီးမွေးမြူရေးဇုန်အတွင်း သက်ဆိုင်ရာကုမ္ပဏီများအလိုက် မွေးမြူရေးလုပ်ငန်းများအတွက် ဝက်ခြံများနှင့် ကြက်ခြံများ အပါအဝင် အခြား အဆောက် အဦများ အကောင်အထည်ဖော် တည်ဆောက်နေသည့် လုပ်ငန်းခွင်များကို လိုက်လံကြည့်ရှု စစ်ဆေးကြသည်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရအနေဖြင့် တိုင်းဒေသကြီးအတွင်းရှိ ပြည်သူလူထု စားရေရိက္ခာ ဖူလုံရေးနှင့် ဖြည့်ဆည်းနိုင်ရေးအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၏ လမ်းညွှန်ချက်နှင့်အညီ စိုက်ပျိုးမွေးမြူရေးဇုန်များအား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ တိုက်ကြီးမွေးမြူရေးဇုန်ကို မြေဧက ၂၁၀၁ ဒသမ ၀၄ ဧကပေါ်တွင် မွေးမြူရေးလုပ်ငန်းများ အပိုင်းအလိုက် ၂၀၂၃ ခုနှစ် စက်တင်ဘာ ၃ ရက်မှ စတင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ ဆောင်ရွက်လျက်ရှိရာ မြေပြင် အသေးစိတ်တိုင်းတာခြင်း၊ လမ်းဖောက်လုပ်ခြင်း၊ လုပ်ကွက်များ သတ်မှတ်ပေးခြင်း၊ ရေအရင်းအမြစ်ရရှိရေးလုပ်ငန်းနှင့် လျှပ်စစ်မီးရရှိရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးခဲ့ပြီး လက်ရှိအခြေအနေတွင် မွေးမြူရေးလုပ်ငန်းများ စတင်ဆောင်ရွက်လျက်ရှိကြောင်းနှင့် ဇုန်အတွင်း လုပ်ငန်းရှင်များက အသားစားကျွဲ၊ ဆိတ်၊ သိုး၊ ဝက်၊ အသားစားကြက်၊ ဥစားကြက်၊ နို့စားနွား၊ အသားစားနွား၊ ဘဲ၊ မျိုးဘဲမ၊ ငုံး၊ ငန်း၊ ငါးနှင့် ဇီဝဇိုးငှက် မွေးမြူရေးလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး လိုအပ်သည့် ကိစ္စရပ် များအား နေ့ညမပြတ် ထူထောင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် နှင့် အဖွဲ့ဝင်များသည် ရန်ကုန်တိုင်းစစ်ဌာချုပ် အမှတ် (၄) စိုက်ပျိုး/မွေးမြူရေး စခန်းသို့ ရောက်ရှိကြရာ ရှင်းလင်းဆောင်၌ တိုင်းမှူးက တိုင်းစစ်ဌာနချုပ်ရှိ ဘက်စုံ စိုက်ပျိုး/မွေးမြူ ရေးစခန်းများဆိုင်ရာ အချက်အလက်များ၊ အကြီးအကဲ၏ လမ်းညွှန်ချက်များအပေါ် လိုက်နာ အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးသည့် အခြေအနေများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် စိုက်ပျိုးမွေးမြူရေးစခန်းများနှင့်ခြံများတွင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက် ထားရှိမှု၊ ထွက်ရှိလာသည့် အသား၊ ငါး၊ ဟင်းသီးဟင်းရွက်၊ ကြက်ဥနှင့် နွားနို့များကို အရာရှိ၊ စစ်သည် မိသားစုများနှင့် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ မိသားစု ဝင်များနှင့် ဒေသခံပြည်သူများကို သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးလျက် ရှိသည့် အခြေအနေများကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးချုပ်က ဘက်စုံစိုက်ပျိုး/ မွေးမြူရေးစခန်းများမှ ထွက်ရှိသည့် စားသောက်ကုန်ပစ္စည်းများသည် လတ်ဆတ်ပြီး အာဟာရပြည့်ဝမှုရှိရန်လိုကြောင်း၊ ဘက်စုံစိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း သည် တပ်မတော်သားများအပြင် နိုင်ငံ့ဝန်ထမ်းများအား ပြင်ပပေါက်ဈေးထက် သက်သာစွာ ရောင်းချပေးနိုင်ရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ အမြတ်ကို အဓိကမထားဘဲ သက်သာချောင်ချိရေးကို ဦးစားပေးဆောင်ရွက်ကြရန်လိုကြောင်း၊ မွေးမြူထားသည့် တိရစ္ဆာန်များကိုလည်း တိရစ္ဆာန်အစာများ စနစ်တကျကျွေးမွေးရန်နှင့် ကူးစက်ရောဂါ ဖြစ်ပွားမှုမရှိစေရေး ကြိုတင်ကာကွယ် ဆောင်ရွက်သွားကြရန်လိုကြောင်း၊ မွေးမြူရေး ဆောင်ရွက်ရာတွင် ကုသရေးပိုင်းနှင့် မွေးမြူရေးပညာရှင်များနှင့် တိုင်ပင်ဆွေးနွေး၍ ကျန်းမာရေးနှင့်ညီညွတ်သည့် ထုတ်ကုန်များရရှိအောင် ဆောင်ရွက်ကြရန်နှင့် တိုင်းစစ် ဌာနချုပ်အတွင်းရှိ တပ်မတော်သားများ၊ မိသားစုများအားလုံး စားရေရိက္ခာ လုံလောက်မှု ဖူလုံသည်အထိ၊ ၎င်းမှတစ်ဆင့် ပိုလျှံသည့်အထိ ပိုမိုတိုးမြှင့် ထုတ်လုပ်နိုင်ရေး ကာလ အလိုက်၊ အပိုင်းအလိုက် စီမံချက်များ စနစ်တကျရေးဆွဲ ဆောင်ရွက်သွားရန် လိုကြောင်း နှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် တိုင်းစစ်ဌာနချုပ် အမှတ် (၄) စိုက်ပျိုး/မွေးမြူရေးစခန်းရှိ နို့စားနွားများ မွေးမြူထားရှိမှုများနှင့် အမှတ် (၃) စိုက်ပျိုး/မွေးမြူရေးစခန်းရှိ Novogen Brown ဥစားကြက်၊ Evaporated Cooling System ဖြင့် အဆင့်မြင့် အသားတိုးဝက်နှင့် ကာကီကင်း ဘဲ မွေးမြူထားရှိမှု အခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများကို လိုအပ်သည်များ မှာကြားခဲ့ကြောင်း သတင်းရရှိသည်။