မြန်မာနိုင်ငံအတွင်းသို့  တရားမဝင် ဝင်ရောက်လာသည့်  ပြည်ပနိုင်ငံသား ၁၅ ဦး  ထပ်မံစစ်ဆေး ဖော်ထုတ်ထိန်းသိမ်းခဲ့ နေပြည်တော်၊ ၂၀၂၅ မေ ၁၇

Saturday, May 17, 2025 - 17:00

နိုင်ငံတော်အစိုးရအနေဖြင့် နယ်စပ်ဒေသများ၌ တရားမဝင် ဝင်ရောက် နေထိုင်ပြီး အွန်လိုင်းလောင်းကစားမှု၊ အွန်လိုင်းလိမ်လည်မှုအပါအဝင် ဒုစရိုက်မှု လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသည့် ပြည်ပနိုင်ငံသားများကို စုံစမ်းစစ်ဆေး ဖော်ထုတ်၍ သက်ဆိုင်ရာနိုင်ငံများသို့   ဥပဒေ၊  လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ  ပြည်နှင်လွှဲပြောင်း ပေးအပ်လျက်ရှိသည်။

ထိုသို့ စုံစမ်းဖော်ထုတ်လျက်ရှိရာ ယနေ့တွင် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံ ဖြတ်သန်း၍  မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်လမ်းကြောင်းများမှ တရားမဝင် ဝင်ရောက်လာပြီး ကရင်ပြည်နယ်၊ မြဝတီမြို့ - မဲ့ထော်သလေး(KK Park) နယ်မြေတွင် အွန်လိုင်းလောင်းကစားမှုများ၊  အွန်လိုင်းလိမ်လည်မှုများ ကျူးလွန်ခဲ့ ကြသည့် ကမ္ဘောဒီးယားနိုင်ငံသား ၁ ဦး၊ တရုတ်နိုင်ငံသား ၂ ဦး၊ ကင်ညာနိုင်ငံသား ၃ ဦး၊ အိန္ဒိယနိုင်ငံသား ၄ ဦး၊ ပါကစ္စတန်နိုင်ငံသား ၁ ဦး၊ အင်ဒိုနီးရှားနိုင်ငံသား ၂ ဦး၊ ကာဇက်စတန်နိုင်ငံသား ၂ ဦး၊ စုစုပေါင်း ပြည်ပနိုင်ငံသား ၁၅ ဦးကို ထပ်မံ ထိန်းသိမ်းနိုင်ခဲ့ပြီး သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံး ပြန်လည်လွှဲပြောင်းပေးနိုင်ရေး အတွက် ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များ၏ လိုအပ်သည့် ကိုယ်ရေးအချက်အလက် များနှင့် မှတ်တမ်းများ စာရင်းကောက်ယူခြင်းလုပ်ငန်း ဆောင်ရွက်နေမှုတို့ကို လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကရင်ပြည်နယ်၊ ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်ဘုန်း နှင့် တာဝန်ရှိသူများက သက်ဆိုင်ရာဌာနအလိုက် တာဝန်ရှိသူများအား လိုအပ်သည့် စာရင်းဇယား၊ အချက်အလက်များ ပြည့်စုံမှန်ကန်မှုရှိရေးတို့ကို မှာကြား သည်။

၂၀၂၅  ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်မှ မေလ ၁၇ ရက်အထိ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင်  ဝင်ရောက်လာသည့်  ပြည်ပနိုင်ငံသား  စုစုပေါင်း ၉၀၈၆ ဦး စစ်ဆေး ဖော်ထုတ် ထိန်းသိမ်းနိုင်ခဲ့ကာ ၎င်းတို့အနက်မှ ၈၄၁၂ ဦးကို ထိုင်းနိုင်ငံမှတစ်ဆင့်   သက်ဆိုင်ရာနိုင်ငံများသို့   ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ   စနစ်တကျ  ပြည်နှင် လွှဲပြောင်းပေးခဲ့ပြီး ကျန်ရှိသည့် ပြည်ပနိုင်ငံသား ၆၇၄ ဦးကို သက်ဆိုင်ရာ နိုင်ငံများသို့ လွှဲပြောင်းပေးရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်းနှင့် ၎င်းတို့ကို ကောင်းမွန်စွာ ထိန်းသိမ်း စောင့်ရှောက်ထားရှိသည်။

နိုင်ငံတော်အစိုးရအနေဖြင့် တရားမဝင် အွန်လိုင်းလိမ်လည်မှု လုပ်ငန်းများအား စုံစမ်းဖော်ထုတ်စစ်ဆေး၍ ထိရောက်စွာအရေးယူဆောင်ရွက်လျက်ရှိပြီး မြန်မာနိုင်ငံ ၏ နယ်စပ်ဒေသများတွင် ဖြစ်ပေါ်လျက်ရှိသည့် အွန်လိုင်းလောင်းကစားမှုနှင့် ငွေကြေး လိမ်လည်မှုလုပ်ငန်းများကို ထိထိရောက်ရောက် ပြတ်ပြတ်သားသား တားဆီးကာကွယ် တိုက်ဖျက်နိုင်ရန်အတွက် အိမ်နီးချင်းနိုင်ငံများအပါအဝင်  နိုင်ငံတကာမှ အဖွဲ့အစည်း များနှင့် ပူးပေါင်း၍ စုံစမ်းဖော်ထုတ် အရေးယူမှုများကို    ဆက်လက်ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။