ရေကြောင်းလူငယ် အခြေခံနှင့် တန်းမြင့်သင်တန်းများမှ သင်တန်းသား၊ သင်တန်းသူ များ ရွှေတိဂုံစေတီတော်နှင့် အမျိုးသားပြတိုက်သို့ သွားရောက်လေ့လာ၊ အခြေခံလေကြောင်းလူငယ်သင်တန်းနှင့် တန်းမြင့်လေကြောင်း လူငယ်သင်တန်းများမှ  မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဖူးမြော်

Friday, May 16, 2025 - 17:15

          ရန်ကုန်မြို့သို့ရောက်ရှိနေသည့် ရေကြောင်းလူငယ်အခြေခံနှင့် တန်းမြင့်သင်တန်း အမှတ်စဉ်(၁/၂၀၂၅) စခန်းပေါင်းစုံမှ သင်တန်းသား၊ သင်တန်းသူများသည် သင်တန်း နည်းပြများ၊ အုပ်ချုပ်သူများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင်  ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီးအား သွားရောက်ဖူးမြော်ကြည်ညိုကြသည်။

          ဦးစွာ သင်တန်းသား၊ သင်တန်းသူများအား ရွှေတိဂုံစေတီတော်မြတ်ကြီး၏ ရင်ပြင်တော် တောင်ဘက်မုခ်ရှိ ရှေးဟောင်းဗုဒ္ဓ ရုပ်ပွားတော်များတန်ဆောင်းတွင် ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့မှတာဝန်ရှိသူများက စေတီတော် မြတ်ကြီး၏ သမိုင်း ကြောင်းကို ရှင်းလင်းပြောကြားကြသည်။ထို့နောက် ရေကြောင်းလူငယ် သင်တန်းသား သင်တန်းသူများသည် စေတီတော်မြတ်ကြီးအား လှည့်လည်ဖူးမြော်ကြည်ညိုခြင်းနှင့် ပန်း၊ ရေချမ်းကပ်လှူပူဇော်ခြင်း၊ သာသနိကအဆောက်အဦများအား ကြည့်ရှုလေ့လာ ခြင်း၊ ဓာတ်ပုံပြခန်းအား ကြည့်ရှုလေ့လာခြင်း၊ မြန်မာဗိသုကာအနုလက်ရာများအား ကြည့်ရှုလေ့လာခြင်းနှင့် ဗုဒ္ဓဝင် ပြတိုက်တို့အား လှည့်လည်ကြည့်ရှုလေ့လာခြင်းများ ဆောင်ရွက်ကြသည်။

          ဆက်လက်ပြီး ရေကြောင်းလူငယ် သင်တန်းသား၊ သင်တန်းသူများသည် အမျိုးသားပြတိုက်သို့ သွားရောက်လေ့လာကြရာ တာဝန်ရှိသူများက ကြိုဆိုကြပြီး သင်တန်းသား၊ သင်တန်းသူများက မြန်မာအက္ခရာနှင့် လက်ရေးမူပြခန်း၊ သီဟာသန ပလ္လင်ပြခန်း၊ ရတနာပုံခေတ်ပြခန်း၊ မင်းခမ်းတော်ပစ္စည်းများပြခန်း၊ မြန်မာမြို့ပြ ယဉ်ကျေးမှုပြခန်း၊ သဘာဝသမိုင်းနှင့် မြန်မာ့သမိုင်းမတင်မီခေတ်ပြခန်း၊ မြန်မာ့လက်မှု အနုပညာပြခန်း၊ မြန်မာ့သုခုမ အနုပညာပြခန်း၊ မြန်မာပန်းချီခန်းမဆောင်၊ မြန်မာ့ ရှေးဟောင်းအဆင်တန်ဆာ ရတနာပြခန်း၊ ဗုဒ္ဓအနုပညာပြခန်း၊ အာဆီယံပြခန်းနှင့် တိုင်းရင်းသားယဉ်ကျေးမှုပြခန်းတို့အား စိတ်ဝင်စားစွာ လှည့်လည်ကြည့်ရှု လေ့လာကြရာ ပြတိုက်တာဝန် ရှိသူများက လိုက်လံရှင်းလင်းပြသကြသည်။

             အလားတူ ‌နေပြည်တော်ကောင်စီနယ်မြေသို့ ရောက်ရှိနေသော အခြေခံ လေကြောင်းလူငယ်သင်တန်းအမှတ်စဉ်(၁/၂၀၂၅)နှင့် တန်းမြင့်လေကြောင်းလူငယ် သင်တန်းအမှတ်စဉ်(၁/၂၀၂၅) သင်တန်းစခန်း ၁၅ ခုမှ သင်တန်းသား၊ နည်းပြ/ အုပ်ချုပ်သူ ၉၀၁ ဦးတို့သည် နေပြည်တော်ကောင်စီနယ်မြေတွင် လေ့လာရေးခရီးစဉ်များ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ် ကြီးအား သွားရောက်ဖူးမြော်ကြည်ညိုကြပြီး ဘုရားရင်ပြင်တော်ပတ်လည်၌ စကျင်ကျောက်များ အသုံးပြု၍ တည်ဆောက်ထားသည့် ဂန္ဓကုဋိ၊ မော်ကွန်းတိုက်၌ မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးနှင့် ဗုဒ္ဓဥယျာဉ်တော် ပုံစံငယ်ပြသထားမှု၊ ခင်းကျင်းပြသထားသည့် မှတ်တမ်းဓာတ်ပုံများ၊ အဂ္ဂါဓိပတိသာသနာ့ဗိမာန်တော်ကြီးနှင့် အခြားသာသနိက အဆောက်အဦများကို လေ့လာကြည့်ရှုကြသည်‌။

              မွန်းလွဲပိုင်းတွင် အမျိုးသားအထိမ်းအမှတ်ဥယျာဉ် (နေပြည်တော်)ရှိ   မြန်မာနိုင်ငံတစ်ဝှမ်းလုံးမှ တန်ခိုးကြီးဘုရား၊ စေတီ၊ ပုထိုးများ၏ ပုံစံငယ်များ ၊ အထင်ကရ နေရာများ၊ တိုင်းရင်းသားလူမျိုးတို့၏ ရိုးရာ အထိမ်းအမှတ်ပြယုဂ်များကို သွားရောက်လေ့လာကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသခဲ့ကြကြောင်း သတင်းရရှိသည်။