ငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည့်ဒေသများ၌ ကူညီကယ်ဆယ် ရေးနှင့် ပြည်လည်ထူထောင်ရေးလုပ်ငန်းများ အင်တိုက်အားတိုက် ဆက်လက်ဆောင်ရွက်လျက်ရှိ နေပြည်တော်၊ ၂၀၂၅ မေ ၁၃ ရက်

Tuesday, May 13, 2025 - 17:30

မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့်   ထိခိုက်ပျက်စီးခဲ့ရ သည့် နေရာများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အဖွဲ့အစည်းအသီးသီးက ဒေသခံပြည်သူများနှင့် ပူးပေါင်း၍ အင်တိုက်အားတိုက် ကူညီဆောင်ရွက်ပေးလျက် ရှိသည်။

ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင်  ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံနှင့် တာဝန်ရှိသူများသည် ငလျင်ဒဏ်ကြောင့် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့် စစ်ကိုင်းမြို့ရှိ အစိုးရဌာနဆိုင်ရာအဆောက်အဉီများ၊ လူနေရပ်ကွက်နှင့် အိမ်များ၊ သာသနိကအဆောက်အဉီနေရာများ၌ အပျက်အစီးများ ရှင်းလင်းဖယ်ရှား နေမှုများနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် စီစဉ်နေမှုများကို    လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

ဆက်လက်ပြီး ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံနှင့် တာဝန်ရှိသူများသည် ပါရမီ ရပ်ကွက်ရှိ နှစ်(၇၀၀)ပြည့်အားကစားခန်းမ၌   ငလျင်ဒဏ်သင့်ပြည်သူများအတွက် လူမှု ဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနက ဆန်ရိက္ခာဖိုး၊ အိမ်ဆောက်ပစ္စည်းဖိုး၊ သေဆုံး/ဒဏ်ရာရ မိသားစုဝင်များအတွက် ထောက်ပံ့ငွေ ငွေကျပ်(၂၁,၃၆၅,၀၀၀)၊ အာဆီယံလူသားချင်း စာနာထောက်ထားမှု ကူညီရေးညှိနှိုင်းမှုဗဟိုဌာန(AHA Center)က မီးဖိုချောင်းသုံး ပစ္စည်းများနှင့် တရုတ်နိုင်ငံ က တစ်ကိုယ်ရည်သုံးပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲသို့ တက်ရောက်၍ နိုင်ငံတော်က ထောက်ပံ့ပေးသော ငွေကြေးများ၊ ထောက်ပံ့ပစ္စည်းများ၊ ရိက္ခာများနှင့်ပတ်သတ်ပြီး အသေးစိတ် ရှင်းလင်းပြောကြားပြီး ပြည်သူများလက်ဝယ်သို့ အရောက် ထောက်ပံ့ပေးအပ်သည်။ ထို့နောက်  ငလျင်ဘေး ဒဏ်သင့် ပြည်သူများ အတွက် အိမ်ဆောက်ပစ္စည်း အရောင်းပြခန်း၌ ပြည်သူများ စည်းကာသိုက်မြိုက်စွာ ဝယ်ယူနေမှုတို့ ကိုကြည့်ရှုအားပေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးသည်။

 အလားတူကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မျိုးမိုးအောင် သည် တာဝန်ရှိသူများသည် ငလျင်ဒဏ်ကြောင့် မီးလောင်ပြိုကျပျက်စီးခဲ့သော မန္တလေး တက္ကသိုလ်ပင်မဆောင်ရှိ အပျက်အစီးများ ဖယ်ရှားရှင်းလင်းဆဲ အခြေအနေများအား   လိုက်လံကြည့်ရှုစစ်ဆေး၍ ဆရာ/ ဆရာမများအတွက် စားသောက်ဖွယ်ရာများ ပေးအပ်ပြီး    လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

            ၎င်းနောက် ချမ်းအေးသာစံမြို့နယ်၊ ၇၃လမ်းနှင့် လမ်း ၃၀ ထောင့်ရှိ ယခင် မင်္ဂလာဈေး နေရာတွင် ငလျင်ဘေးသင့်ပြည်သူများအတွက်   အိမ်ဆောက်ပစ္စည်းများ ကို စက်ရုံထုတ်အထူးဈေးနှုန်းဖြင့် ပြင်ပပေါက်ဈေးထက်သက်သာစွာ ရောင်းချပေးနေမှု အခြေအနေများကို လည်းကောင်း၊ လာရောက်ဝယ်ယူကြသည့် ပြည်သူများနှင့် တွေ့ဆုံ၍ လွတ်လပ်လွယ်ကူစွာ ဝယ်ယူနိုင်မှု ရှိ/မရှိ အခြေအနေများကို လည်းကောင်း မေးမြန်းအားပေးစကားပြောကြားပြီး   အိမ်ဆောက်ပစ္စည်းများ အဆင်ပြေချောမွေ့ စွာဝယ်ယူ နိုင်ရေးအတွက် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

ထို့အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး စိုးတင့်နိုင်နှင့် တာဝန်ရှိသူများသည် မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ သာသနိက အဆောက်အဦ နေရာများ၌ ငလျင်ဒဏ်ကြောင့်ပြိုကျပျက်စီးခဲ့သည့် အပျက်အစီးများအား စက်ယန္တရား ကြီးများဖြင့် အပျက်အစီးများဖယ်ရှားရှင်းလင်းနေမှုများ၊   ဘုရားစေတီပုထိုးများတွင် ရှေးမူမပျက် ပြန်လည်ပြုပြင် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေ အနေများနှင့် အပျက်အစီးများ ဖယ်ရှားရှင်းလင်းစဉ် တွေ့ရှိရသော ဋ္ဌာပနာပစ္စည်းများ စနစ်တကျအပ်နှံထားရှိမှုများကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး  အလှူငွေများ ပေးအပ် လှူဒါန်းကာ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ အမြန်ဆုံး ဆောင်ရွက်နိုင်ရေး တို့အတွက် တာဝန်ရှိသူများအား မှာကြားသည်။

 ၎င်းနောက် အမရပူရမြို့နယ်ရှိ အမှတ်(၂)အခြေခံပညာအထက်တန်း ကျောင်း၌   ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးသွားသော အပျက်အစီးများဖယ်ရှားရှင်းလင်းနေမှု အခြေအနေများကို ကြည့်ရှု၍ တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုရန်အတွက်  စခန်းသွင်းလေ့ကျင့်သင်ကြားနေသည့် ကျောင်းသား/ကျောင်းသူများနှင့် ဆရာ/ဆရာမ များအား တွေဆုံအားပေးစကားပြောကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

အလားတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မျိုးသန့်နိုင် သည် ကျောက်ဆည်မြို့၊ ရွှေမုဋ္ဌောဘုရားရင်ပြင်၌ ပြိုကျပျက်စီးသွားသော သာသနိက အဆောက်အအုံများနှင့် ဂန္ဓာကုဋီတိုက်များ၊ ငလျင်ဒဏ်ကြောင့် တိမ်းစောင်းသွားသော ကျောက်သေတ္တာစေတီ၌ မိုးရွာသွန်းမှုများကြောင့် စေတီအောက်ခြေ ရေမဝင်ရောက် စေရေးအတွက် ပလပ်စတစ်အမိုးများ ဆောင်ရွက်ပြီးစီးမှုအခြေအနေနှင့် ရေတိုက်စား မှုမဖြစ်ပေါ်စေရေး ဆောင်ရွက်ထားရှိမှုအခြေအနေများအား သွားရောက်ကြည့်ရှု စစ်ဆေး၍ ဘုရားပရဝဏ်အတွင်း ဝိုင်းဝန်းလုပ်အားပေးဆောင်ရွက် နေသော မီးသတ် တပ်ဖွဲ့ဝင် များနှင့် လူမှုကူညီရေး အသင်းအဖွဲ့များအား စားသောက်ဖွယ်ရာများ ပေးအပ်သည်။

            ထို့နောက် ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၊ ဆီဆုံကျေးရွာအုပ်စုအတွင်းရှိ ငလျင်ဘေးဒဏ်ကြောင့် ပျက်စီးသွားသော ဘုရားစေတီများ၊ သာသနိကအဆောက်အအုံ များနှင့် လူနေအဆောက်အအုံများ ပြန်လည်ပြုပြင်တည်ဆောက်ရေးအတွက် လိုအပ် လျက်ရှိသော ဆောက်လုပ်ရေးပစ္စည်းများအား စက်ရုံထုတ် အထူးဈေးနှုန်းဖြင့် ရောင်းချ ပေးနေမှုအခြေအနေများနှင့် Modular House များ ဆောက်လုပ်နေမှု အခြေအနေ များကို သွားရောက်ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက် ပေးသည်။

            ယင်းနောက် ရွာခိုင်ရပ်ကွက်ရှိ တိုက်ကျောင်းပရိယတ္တိစာသင်တိုက်   မြို့နယ် သံဃနာယကအကျိုးတော်ဆောင်ဆရာတော် ဘဒ္ဒန္ဒ ဦးဝရသာမိ အား ဖူးမြော်ကာ လှူဖွယ်ပစ္စည်းများ ဆပ်ကပ်လှူဒါန်းပြီး ငလျင်ဒဏ်ကြောင့် ပျက်စီးသွားသော သာသနိက အဆောက်အအုံများ၊ ဘုရားစေတီများ  ပြန်လည်ပြုပြင်မွမ်းမံရေး ကိစ္စ ရပ်များနှင့်စပ်လျဉ်းပြီး   တာဝန်ရှိသူများနှင့် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

            ၎င်းနောက်ဘဲလင်းအကျဉ်းဦးစီးဌာန(၁)နှင့် ဘယ်လင်းအကျဉ်းဦးစီးဌာန(၂)တို့ရှိ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုအခြေ အနေများအား လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။