၁၃၈၇ ခုနှစ် ကဆုန်လပြည့် ဗုဒ္ဓနေ့ ဓမ္မသဘင် မင်္ဂလာအခမ်းအနားဆင်ယင်ကျင်းပ နေပြည်တော် မေ - ၁၁

Sunday, May 11, 2025 - 18:45

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ဗုဒ္ဓနေ့ ဓမ္မသဘင် မင်္ဂလာအခမ်းအနားကို ယနေ့ ညပိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် မာရဝိဇယ ဗုဒ္ဓဥယျာဉ်တော်အတွင်းရှိ အဂ္ဂါဓိပတိသာသနာ့ ဗိမာန်တော်၌ ဆင်ယင်ကျင်းပသည်။

အခမ်းအနားသို့ နိုင်ငံတော်ဩဝါဒါစရိယ၊ ရွှေကျင်နိကာယဥက္ကဋ္ဌ သောဠသမ ရွှေကျင်သာသနာပိုင် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များနှင့် သီတဂူဆေးရုံတော်များ၏ အဓိပတိ အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မ ဇောတိက မဟာဓမ္မကထိက ဗဟုဇနဟိတဓရ သီတဂူဆရာတော်ကြီး ဒေါက်တာဘဒ္ဒန္တဉာဏိဿရ ကြွရောက်ချီး မြှင့်တော်မူပြီး နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း နှင့်ဇနီးဒေါ်သန်းသန်းနွယ်နှင့်အတူ ကောင်စီအတွင်း ရေးမှူးနှင့်ဇနီး၊ ကောင်စီဝင်များနှင့်ဇနီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့်ဇနီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီး ချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာကြီးများနှင့်ဇနီးများ၊ နေပြည်တော်တိုင်း စစ်ဌာန ချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ ဝန်ကြီးဌာနများမှ ဝတ်အသင်းအဖွဲ့များနှင့် တရားနာ ဧည့်ပရိသတ်များ နာယူ ကြည်ညိုကြသည်။

ဦးစွာ အခမ်းအနားကို နမော တဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ ဖွင့်လှစ်ပြီး နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် နှင့်ဇနီး အမှူးပြုသော ဧည့်ပရိသတ်များက သီတဂူဆရာတော် ဒေါက်တာ ဘဒ္ဒန္တဉာဏိ ဿရထံမှ ကိုးပါးသီလ ခံယူဆောက်တည်ကြပြီး သီတဂူဆရာတော်ကြီး ဟောကြား တော်မူသည့် ကဆုန်လပြည့် ဗုဒ္ဓနေ့ဆိုင်ရာ ဓမ္မကထာ ဒေသနာတော်ကို ရိုသေလေး မြတ်စွာ နာယူကြသည်။

ထို့နောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် က ဓမ္မပူဇာအလှူတော်ငွေများကို ပေးအပ်လှူဒါန်းရာ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်က ကပ္ပိယကာရက အဖြစ် လက်ခံရ ယူပြီး သီတဂူဆရာတော်ကြီးက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်အား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်သည်။

ယင်းနောက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်က သီတဂူဆရာတော်ကြီးအား မော်ကွန်းတင်ဂုဏ်ပြုပူဇော်လွှာ ဆက် ကပ်လှူဒါန်းသည်။

ထို့နောက် သီတဂူဆရာတော်ကြီးထံမှ အနုမောဒနာ တရားနာယူ၍ လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်းလောင်း အမျှပေးဝေကြပြီး “ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု” သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိ သည်။