ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ကျင်းပပြုလုပ်သည့် ၁၉၄၁-၁၉၄၅ မဟာမျိုးချစ် စစ်ပွဲကြီးအောင်ပွဲ နှစ်(၈၀)ပြည့် အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားကို ယနေ့ နံနက် ပိုင်းတွင် မော်စကိုမြို့၊ ရင်ပြင်နီ၌ ကျင်းပပြုလုပ်ရာ မဟာမျိုးချစ် စစ်ပွဲကြီး အောင်ပွဲအထိမ်းအမှတ်အဖြစ် စစ်ရေးပြအခမ်းအနားများဖြင့် ချီတက်ဂုဏ်ပြုကြသည်။
အဆိုပါအခမ်းအနားတွင် နိုင်ငံအသီးသီးမှ စစ်ရေးပြတပ်ဖွဲ့များ ပါဝင်ချီတက် ဂုဏ်ပြုကြပြီး ယခုနှစ်တွင် ကျင်းပပြုလုပ်သည့် ၁၉၄၁-၁၉၄၅ မဟာမျိုးချစ်စစ်ပွဲကြီး အောင်ပွဲ နှစ်(၈၀)ပြည့် အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားတွင် မြန်မာနိုင်ငံမှ စစ်ရေးပြတပ်ဖွဲ့ဝင်များသည်လည်း အခြားသောနိုင်ငံများမှ စစ်ရေးပြတပ်ဖွဲ့ဝင်များနှင့် အတူ ပထမဦးဆုံးအကြိမ်အဖြစ် ပါဝင်ချီတက်ခဲ့ကြသည်။
အဆိုပါအခမ်းအနား၌ ပါဝင်ချီတက်ဂုဏ်ပြုပေးကြသည့် မြန်မာနိုင်ငံမှ စစ်ရေးပြ တပ်ဖွဲ့ဝင်များ၏ ဂုဏ်ပြုစကားသံများကို ယခုလိုပဲ ကြားသိရပါတယ်-
ဒုတိယဗိုလ်မှူးကြီး ဝင်းထက်မင်း
ကျွန်တော်တို့ နှစ်(၈၀)ပြည့် မဟာမျိုးချစ်စစ်ပွဲကြီး အောင်ပွဲ ရုရှားနိုင်ငံမှာကျင်းပမယ့် စစ်ရေးပြအခမ်းအနားကြီးကိုလာဖို့အတွက် ကျွန်တော်တို့ မြန်မာ့တပ်မတော်က အရာရှိ၊ စစ်သည် အင်အား စုစုပေါင်း ၁၀၀ နဲ့ စတင်စုဖွဲ့ခဲ့ပါတယ်။ အင်အား ၁၀၀ ထဲမှာမှ စစ်သည်တစ်ဦးချင်းစီရဲ့ ကြံ့ခိုင်ရေး၊ ကျန်းမာရေး၊ စိတ်ဓာတ်၊ စည်းကမ်း၊ စွမ်းရည် ဒါတွေကို အသေးစိတ်စိစစ် ဇကာတင်ရွေးချယ်ပြီးမှ မြန်မာနိုင်ငံကိုယ်စားပြုစစ်ရေးပြတပ်ခွဲကို ရုရှားနိုင်ငံကို စေလွှတ်ခဲ့ခြင်း ဖြစ်ပါတယ်။ ကြိုတင်လေ့ကျင့်ပြင်ဆင်မှုအပိုင်းမှာ အခက်အခဲတွေမရှိပါဘူး။ ကျွန်တော်တို့ စတင်စုဖွဲ့စဉ် အချိန်ကတည်းက အကောင်းဆုံးလေ့ကျင့်ခဲ့ပါတယ်။ အထက်အကြီးအကဲများရဲ့ ညွှန်ကြားချက်နဲ့အညီလည်း အကောင်းဆုံးလေ့ကျင့်နိုင်ခဲ့ပါတယ်။ သေချာစုဖွဲ့ လေ့ကျင့်ပြင်ဆင် ပြီးမှ ရုရှားနိုင်ငံကို ရောက်လာခြင်းဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်းမှာ ကိုယ့်တိုင်းပြည် ကိုယ့်နိုင်ငံအတွက် အသက်စွန့်ကာကွယ်သွားကြတဲ့ တပ်မတော်သားတိုင်း၊ နိုင်ငံသားတိုင်းကို သူတို့ရဲ့ အဖိုးမဖြတ်နိုင်တဲ့ ပေးဆပ်မှု၊ စွန့်လွှတ်အနစ်နာခံမှုအတွက် မှတ်တမ်းတင်၊ မှတ်ကျောက် တင်ခံသင့်တဲ့ ပုဂ္ဂိုလ်များဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ်ရဲ့ အဆိုးဝါးဆုံးအချိန်ကာလတွေမှာတောင်မှ ကိုယ့်အသက်ကို ပဓာနမထားဘဲနဲ့ မိမိတိုင်းပြည်၊ မိမိနိုင်ငံအတွက် တာဝန်သိစိတ်၊ မျိုးချစ်စိတ်၊ တိုင်းပြည်ချစ်စိတ်နဲ့ ဂုဏ်သိက္ခာတို့နဲ့ ကာကွယ်သွားကြတဲ့ တပ်မတော်သား၊ နိုင်ငံသားတိုင်းကို သမိုင်းမှာ အမြဲတမ်းအမှတ်ရနေမှာ ဖြစ်ပါတယ်။ အခုလို ရုရှားနိုင်ငံအထိလာရောက်ပြီး မြန်မာနိုင်ငံ ကိုယ်စားပြုစစ်ရေးပြတပ်ခွဲမှာ ပါဝင်ခွင့်ရတဲ့အတွက် ကျွန်တော့်အနေနဲ့ အများကြီး ဝမ်းသာ ဂုဏ်ယူမိပါတယ်။ ကျွန်တော်တစ်ယောက်တည်းတင်မကဘူး မြန်မာ့တပ်မတော်၊ မြန်မာနိုင်ငံမှာ ရှိတဲ့နိုင်ငံသူ၊ နိုင်ငံသားတိုင်း ဝမ်းသာဂုဏ်ယူသင့်တဲ့ အခိုက်အတန့် တစ်ခုလို့ မြင်မိပါတယ်။ ကမ္ဘာ့အဆင့် စစ်ရေးပြအခမ်းအနားကြီးမှာ ကျွန်တော်တို့ မြန်မာ့တပ်မတော်ရဲ့ စိတ်ဓာတ်၊ စည်းကမ်း၊ စွမ်းရည်၊ ဂုဏ်သိက္ခာတို့ကို ပြသနိုင်ဖို့အတွက် ပေးအပ်တဲ့တာဝန်ကို အစွမ်းကုန် ကျေပွန်အောင် ဆောင်ရွက် သွားမယ်လို့လည်း ကျွန်တော်ပြောချင်ပါတယ်။
တပ်ကြပ်ကျော်စွာထွန်း
နှစ်(၈၀)ပြည့် မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ စစ်ရေးပြအခမ်းအနားမှာ တက်ခွင့်ရတဲ့အတွက် ကျွန်တော့်အနေနဲ့ အရမ်းပဲ ဝမ်းမြောက်ဂုဏ်ယူမိပါတယ်။ စစ်သားဘဝတစ်လျှောက်လုံးမှာလည်း ဂုဏ်ယူစရာ အဖြစ်အပျက်တစ်ခုအဖြစ် မှတ်ထင်မိပါတယ်။ လေ့ကျင့်နေစဉ် အတွေ့အကြုံ တွေကတော့ မိတ်ဖက်နိုင်ငံတပ်မတော်တွေရဲ့ စစ်ရေးပြပုံစံတွေကို ကျွန်တော်တို့ လေ့လာခွင့် ရခဲ့ပါတယ်။ မိတ်ဖက်နိုင်ငံတွေနဲ့ အတူနေရတဲ့အတွက် မိတ်ဆွေကောင်းများလည်း ရရှိလာပါတယ်။ အခုလို ရုရှားနိုင်ငံရဲ့ စစ်ရေးပြအခမ်းအနားမှာ ပါဝင်ချီတက်ခွင့်ရအောင် ဆောင်ရွက်ပေးခဲ့တဲ့ ကျွန်တော်တို့ နိုင်ငံတော်အကြီးအကဲနှင့်တကွ တပ်မတော်အကြီးအကဲများ၊ ဌာနဆိုင်ရာအကြီးအကဲ များ အားလုံးကိုလည်း အထူးပဲကျေးဇူးတင်ရှိပါတယ်။ ကျွန်တော်တို့ကို ဒီစစ်ရေးပြ အခမ်းအနား ဖြစ်မြောက်အောင် ကူညီပေးတဲ့ ကျွန်တော်တို့ကိုသင်ပေးတဲ့ နည်းပြအရာရှိများ၊ အုပ်ချုပ်သူ အရာရှိများ အားလုံးကိုလည်း အထူးပဲကျေးဇူးတင်ရှိပါတယ်လို့ ပြောချင်ပါတယ်။
ဒုတိယတပ်ကြပ်ရန်နိုင်ဝင်း
မေလ ၉ ရက်နေ့မှာ ကျင်းပပြုလုပ်မယ့် ရုရှားဖက်ဒရေးရှင်းနိုင်ငံရဲ့ မဟာမျိုးချစ် စစ်ပွဲကြီးအောင်ပွဲ နှစ်(၈၀)ပြည့်အခမ်းအနားမှာ ကျွန်တော့်အနေနဲ့ မြန်မာ့တပ်မတော်ကိုယ်စား ပါဝင်ချီတက်ခွင့်ရတဲ့အတွက် တပ်မတော်ဂုဏ်ပြုတပ်ခွဲနှင့်စစ်တီးဝိုင်းတပ်ကိုယ်စား များစွာ ဂုဏ်ယူဝမ်းမြောက်မိကြောင်း ပြောကြားလိုပါတယ်။ မိတ်ဖက်နိုင်ငံများနှင့် စစ်ရေးပြ ယှဉ်တွဲ လေ့ကျင့်ရတဲ့အတွက် စစ်ရေးပြအတွေ့အကြုံများစွာ ရရှိခဲ့ပါတယ်။ မိတ်ဖက်နိုင်ငံများရဲ့ စစ်ရေးပြစွမ်းရည်၊ နိုင်ငံကြီးများရဲ့ စစ်ရေးပြစွမ်းရည်ကိုလည်း လေ့လာခွင့်ရရှိခဲ့ပါတယ်။ အခုလို ပါဝင်ချီတက်ခွင့်ရအောင် အဘက်ဘက်မှ ကူညီဆောင်ရွက်ပေးခဲ့သော နိုင်ငံအကြီးအကဲများကို လည်း အထူးပင်ကျေးဇူးတင်ရှိကြောင်း ကျွန်တော့်အနေနဲ့ ပြောကြားလိုပါတယ်။
တပ်သားအာကာဇင်
ရုရှားဖက်ဒရေးရှင်းနိုင်ငံ နှစ်(၈၀)ပြည့် မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ စစ်ရေးပြအခမ်း အနားမှာ ပါဝင်ချီတက်ခွင့်ရတဲ့အတွက် အထူးပင်ဝမ်းမြောက်ဂုဏ်ယူမိပါတယ်။ စစ်ရေးပြအခမ်း အနားမှာ မိတ်ဖက်နိုင်ငံများနှင့် စစ်ရေးပြ ယှဉ်တွဲလေ့ကျင့်ရတဲ့အတွက် မိတ်ဖက်နိုင်ငံများရဲ့ စစ်ရေးပြအတွေ့အကြုံများစွာ ရရှိခဲ့ပါတယ်။ မိတ်ဖက်နိုင်ငံများမှ တပ်ဖွဲ့ဝင်အသီးသီးတို့နဲ့လည်း ခင်မင်ကျွမ်းဝင်ခွင့်ရပါတယ်။ ရုရှားဖက်ဒရေးရှင်းနိုင်ငံ နှစ်(၈၀)ပြည့် မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ စစ်ရေးပြအခမ်းအနားမှာ ပါဝင်ချီတက်ခွင့်ရအောင် စီစဉ်ပေးခဲ့တဲ့ အထက်အကြီးအကဲများ အားလုံးကိုလည်း ကျေးဇူးတင်ရှိပါကြောင်း ပြောကြားလိုပါတယ်။
ဗိုလ်မှူးချုပ်မျိုးဆက်အောင်
၂၀၂၅ ခုနှစ် မတ်လဆန်းမှာ နှစ်နိုင်ငံအကြီးအကဲများ တွေ့ဆုံစဉ်ကာလမှာ ရုရှားသမ္မတကြီး ဗလာဒီမာပူတင် အနေနဲ့ ရုရှားနိုင်ငံရဲ့ နှစ်(၈၀)ပြည့် မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ အခမ်းအနားမှာ ကျွန်တော်တို့နိုင်ငံရဲ့ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကိုယ်တိုင်တက်ရောက်ဖို့နဲ့ မြန်မာ့တပ်မတော်ကိုယ်စားပြုစစ်ရေးပြတပ်ခွဲတစ်ခွဲ ပါဝင်ချီတက်ဖို့ဖိတ်ကြားခဲ့ပါတယ်။ ဒီအတွက် လည်း ကျွန်တော်တို့နိုင်ငံအတွက်များစွာ ဂုဏ်ယူမိပါတယ်။ ဒီထက်မက ပိုပြီးတော့ ဂုဏ်ယူ ကျေနပ်စရာကတော့ မြန်မာနိုင်ငံဟာ ရုရှားနိုင်ငံအတွက် အရှေ့တောင်အာရှနိုင်ငံတွေထဲမှာ ယုံကြည်စိတ်ချရဆုံးနိုင်ငံဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့ပါတယ်။ ဒီအတွက်လည်း ကျွန်တော် တို့နိုင်ငံအတွက်များစွာ ကျေနပ်ဂုဏ်ယူမိပါကြောင်းနဲ့ ယခုလို အသိအမှတ်ပြုပြောကြားပေးတဲ့ ရုရှားသမ္မတကြီး မစ္စတာ ဗလာဒီမာပူတင်ကိုလည်း များစွာကျေးဇူးတင်ရှိပါကြောင်း ပြောကြားလိုပါ တယ်။ ရုရှားနိုင်ငံနဲ့ မြန်မာနိုင်ငံဟာဆိုရင် ဒုတိယကမ္ဘာစစ်အပြီး ၁၉၄၈ ခုနှစ်၊ မတ်လ ၁၈ ရက်နေ့မှာ နှစ်နိုင်ငံသံတမန်ဆက်ဆံရေးကို စတင်ဆောင်ရွက်ခဲ့တာ ယခုဆိုရင် ၇၇ နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်ပါတယ်။ ကာလကြာရှည်နက်ရှိုင်းတဲ့ မဟာဗျူဟာဆက်ဆံရေး တည်ရှိသလို ရုရှားနိုင်ငံအတွက် မြန်မာနိုင်ငံဟာလည်း အရေးပါတဲ့နိုင်ငံတစ်ခုအဖြစ် ရုရှားနိုင်ငံက အသိအမှတ်ပြု ထားတာဖြစ်ပါတယ်။ အဲ့အတွက်ကြောင့်လည်း ကျွန်တော်တို့ မြန်မာ့တပ်မတော်ကိုယ်စားပြု စစ်ရေးပြတပ်ခွဲတစ်ခွဲဟာ ရုရှားနိုင်ငံရဲ့ အထွတ်အမြတ်ဖြစ်တဲ့ မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ နှစ်(၈၀)ပြည့် အခမ်းအနားမှာ ပါဝင်ချီတက်ဖို့အတွက် ဖိတ်ကြားခြင်းခံရတာဖြစ်ပါတယ်။ ဒီအချက်တွေကို ကြည့်ချင်းအားဖြင့် ကျွန်တော်တို့နှစ်နိုင်ငံရဲ့ ဆက်ဆံရေးဟာ ကာလကြာရှည် အဓွန့်ရှည်ခဲ့ရုံသာမက နောင်မှာလည်း ယခုထက်ပိုပြီးတော့ အဓွန့်ရှည်တည်တံ့ခိုင်မြဲ သွားမည် ဖြစ်ကြောင်း ယုံကြည်ပါတယ်။