ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ စီတာပူရပ်ကွက်ရှိ မနောကွင်း၌ ယနေ့နံနက်ပိုင်းတွင် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ စုဖွဲ့ထားရှိမှုနှင့် ဇာတ်တိုက်လေ့ကျင့်မှုများ ပြုလုပ်ရာ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်ဇော်ထွေးနှင့်အဖွဲ့ဝင်များ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဖိတ်ကြားထားသူများ တက်ရာက်ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြားသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင်များ၊ ရှာဖွေ ကယ်ဆယ်ရေး လုပ်ငန်းသုံး ပစ္စည်းကိရိယာများနှင့် ယာဉ်/စက်များကို ကြည့်ရှုစစ်ဆေးပြီး တက်ရောက်လာကြသူများနှင့်အတူ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ၏ ငလျင်ဘေးအန္တရာယ် ရှာဖွေကယ်ဆယ်ရေး သဏ္ဍာန်တူ ဇာတ်တိုက် လေ့ကျင့်သရုပ်ပြသခြင်းကို ကြည့်ရှုအားပေးကြသည်။ ၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ် က ရှာဖွေကယ်ဆယ်ရေး အဖွဲ့ဝင်များအတွက် ချီးမြှင့်ငွေများ ပေးအပ်ပြီး ကချင်ပြည်နယ် သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌနှင့်အဖွဲ့က စားရေရိက္ခာများ ပေးအပ်ခဲ့ကြောင်း သတင်း ရရှိသည်။