ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင်ရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ယနေ့ဒေသ စံတော်ချိန်နံနက်ပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ RT TV Channel နှင့် Krasnaya Zvezda သတင်းစာတို့၏ တွေ့ဆုံမေးမြန်းမှုများအား မော်စကိုမြို့၊ Ararat Park ဟိုတယ်ခန်းမ၌ သီးခြားစီလက်ခံတွေ့ဆုံ၍ သိရှိလိုသည့် မေးမြန်းမှုများကို ဖြေကြား သည်။
ထို့သို့ တွေ့ဆုံမေးမြန်းရာတွင် RT TV Channel မှ အယ်ဒီတာချုပ်နှင့် Krasnaya Zvezda သတင်းစာမှ အထူးသတင်းထောက်တို့၏ မြန်မာနိုင်ငံတွင် မန္တလေးငလျင်ကြီး လှုပ်ခတ်ခဲ့မှုနှင့် နိုင်ငံတကာမှ ကယ်ဆယ်ရေးနှင့်အကူအညီပေးရေးဆိုင်ရာများကို ကူညီဆောင်ရွက်ပေးခဲ့မှု၊ လူသားချင်းစာနာထောက်ထားမှု ဆက်ဆံရေးအပြင် ရုရှား ဖက်ဒရေးရှင်းနိုင်ငံနှင့် မြန်မာနိုင်ငံတို့အကြား အခြားနယ်ပယ်ပေါင်းစုံ၌ ပူးပေါင်း ဆောင်ရွက်လျက်ရှိမှု၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ကျင်းပပြုလုပ်မည့် ၁၉၄၁-၁၉၄၅ မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ နှစ်(၈၀)ပြည့် အထိမ်းအမှတ် စစ်ရေးပြအခမ်းအနား ဆိုင်ရာသမိုင်းကြောင်းအပေါ် ထင်မြင်ချက်များ၊ မြန်မာ့တပ်မတော်ကိုယ်စားပြု စစ်ရေးပြတပ်ဖွဲ့တစ်ဖွဲ့အနေဖြင့် ပထမဆုံးအကြိမ်အဖြစ် ယခုစစ်ရေးပြအခမ်းအနား တွင် ပါဝင်ချီတက်မည့် အပေါ်သဘောထားအမြင်၊ အာဆီယံ ဒေသအတွင်း မြန်မာနိုင်ငံ၏ အခန်းကဏ္ဍ စသည်တို့နှင့် အခြားသိရှိလိုသည် များအား မေးမြန်းရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ပြည့်ပြည့်စုံစုံ ရှင်းလင်းပြောကြားခဲ့ကြောင်းနှင့် မေးမြန်းဖြေကြားမှုအပြည့်အစုံအား ဆက်လက် ဖော်ပြသွားမည်ဖြစ်သည်။
တွေ့ဆုံမေးမြန်းမှုအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံ တော်ဝန်ကြီးချုပ် အား သတင်းဌာနများမှ အမှတ်တရလက်ဆောင်ပစ္စည်းများ၊ Krasnaya Zvezda သတင်းစာ၏ နှစ် ၁၀၀ ပြည့် အထိမ်းအမှတ်တံဆိပ်နှင့် စာအုပ်တို့ ကို ဂါရဝပြုပေးအပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီး ချုပ်က အမှတ်တရလက်ဆောင်ပစ္စည်းပြန်လည်ပေးအပ်ခဲ့ပြီး ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ ကြောင်း သတင်းရရှိသည်။