အခြေခံလေကြောင်းလူငယ်သင်တန်း အမှတ်စဉ်(၁/၂၀၂၅) (တောင်ကြီးစခန်း)၌ တက်ရောက်သင်ကြားလျက်ရှိသည့် သင်တန်းသား၊ သင်တန်းသူများအတွက် အထူး နေ့လယ်စာ စားပွဲကို ယနေ့မွန်းလွဲပိုင်းတွင် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် သံလွင်ခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် ဇော်မင်းလတ်နှင့် အဖွဲ့ဝင်များ၊ ပြည်နယ်ဝန်ကြီးများ၊ သင်တန်းနည်းပြများ၊ သင်တန်းသား၊ သင်တန်းသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးက ဂုဏ်ပြုအမှာစကားပြောကြားပြီး အခြေခံလေကြောင်းလူငယ် သင်တန်းမှ သင်တန်းသား၊ သင်တန်းသူများအတွက် ချီးမြှင့်ငွေများ ပေးအပ်သည်။ ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက သင်တန်းသား၊ သင်တန်းသူများနှင့်အတူ နေ့လယ်စာ အတူတကွသုံးဆောင်ကြသည်။ ယင်းနောက် အခြေခံလေကြောင်းလူငယ် သင်တန်းမှ သင်တန်းသား၊ သင်တန်းသူများက တိုင်းစစ်ဌာနချုပ် တိုင်းသမိုင်းပြတိုက် သို့ သွားရောက်လေ့လာခဲ့ကြသည်။
အလားတူ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်မြို့ရှိ နယ်မြေခံလေတပ်စခန်း ဌာနချုပ်တွင် အခြေခံလေကြောင်းလူငယ်သင်တန်း အမှတ်စဉ်(၁/၂၀၂၅)တွင် တက်ရောက် လျက်ရှိသည့် သတင်းသား/ သင်တန်းသူများ၏ လေ့ကျင့်သင်ကြားနေမှုများကို အရှေ့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မျိုးမင်းထွန်းနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးခဲ့ကြပြီး လိုအပ်သည်များညှိနှိုင်းဆောင်ရွက်ပေးသည်။ ညပိုင်းတွင် နမ့်စန်တပ်နယ် သင်တန်းသားရိပ်သာ၌ တိုင်းမှူးနှင့် တာဝန်ရှိသူများက သင်တန်းသား၊ သင်တန်းသူများ၊ သင်တန်းနည်းပြများနှင့်အတူ ဂုဏ်ပြုညစာအားအတူ တကွသုံးဆောင်ကြသည်။ ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိသူ များက သင်တန်းသား၊ သင်တန်းသူများမှ တေးသီချင်းများ၊ တိုင်းရင်းသား ရိုးရာအကအလှများဖြင့် သီဆို ကပြဖျော်ဖြေမှုများကို ကြည့်ရှုအားပေးပြီးဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးအပ်ကာ ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။