ငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည့်ဒေသများ၌ ကူညီကယ်ဆယ် ရေးနှင့် ပြည်လည်ထူထောင်ရေးလုပ်ငန်းများ အင်တိုက်အားတိုက် ဆက်လက်ဆောင်ရွက်လျက်ရှိ နေပြည်တော်၊ ၂၀၂၅ မေ ၃ ရက်

Saturday, May 3, 2025 - 16:45

မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် လမ်းတံတား၊ အဆောက် အအုံများ ထိခိုက်ပျက်စီးခဲ့ရသည့် နေရာများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို တိုင်းစစ်ဌာနချုပ်အသီးသီးမှ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြည်ပနိုင်ငံများမှ ကူညီကယ်ဆယ်ရေးအဖွဲ့များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ လူမှုကူညီရေးအသင်း/အဖွဲ့များနှင့် ဒေသခံပြည်သူများပူးပေါင်း၍ အချိန်နှင့်တပြေးညီ ကူညီ ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးလျက်ရှိသော အင်းဝတံတား(စစ်ကိုင်း)ကို ပြန်လည်ပြုပြင်မွမ်းမံတည်ဆောက်ရေးအတွက် မြန်မာစီးပွားရေး ကော်ပိုရေးရှင်း (MEC)မှ ဦးဆောင်ပြီး အင်းဝတံတား(စစ်ကိုင်း)သံဘောင်များ ဆယ်ယူနေမှု များကို ယနေ့တွင်  စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံနှင့်တာဝန်ရှိသူများက  သွားရောက် ကြည့်ရှု အားပေး ကြသည်။ ထို့နောက် Grade-12စာမေးပွဲပြန်လည်ဖြေဆိုမည့် ကျောင်းသား/ ကျောင်းသူ ၁၂၈၀ ဦးအား စစ်ကိုင်းမြို့၊ ပတ္တမြားရပ်ကွက်ရှိ စစ်ကိုင်းပညာရေး တက္ကသိုလ်၌ ပါမောက္ခများ၊ တွဲဖက်ပါမောက္ခများ၊ ကထိကများက ဘာသာရပ်အလိုက် သင်ခန်းစာများ အနီးကပ်သင်ကြား ပို့ချနေမှုများကို ကြည့်ရှုအားပေးကြသည်။ 
ယင်းနောက် စစ်ကိုင်းမြို့၊ စီတီးရပ်ကွက်ရှိ ရာဇာမဏိစူဠာ ကောင်းမှုတော်စေတီနှင့် စစ်ကိုင်းတောင်ရိုးရှိ ဆွမ်းဦးပုညရှင်စေတီနှင့် ဥမင်သုံးဆယ်စေတီ၊ သောတပန်ရပ်ကွက်ရှိ လေးကျွန်းမာရ်အောင်မြတ်စွာဘုရား၊ ပိုးတန်းရပ်ကွက်ရှိ ဘေသဇ္ဇကျောင်းတိုက်၊ ထွဋ်ခေါင် ရပ်ကွက်ရှိ ရတနာထွဋ်ခေါင်စေတီ၊ နန်းဦးမြို့သစ်ရှိ မရှိခဏစေတီနှင့် မဟာစေတီလှ တို့၌ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးနေသော သာသနိကအဆောက်အအုံများနှင့် အရန်စေတီ များကို တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များ၊ စေတနာရှင်ပြည်သူများနှင့် စေတနာရှင်ကုမ္ပဏီများမှ ပူးပေါင်း၍ စုပေါင်းလုပ်အားပေး ရှင်းလင်းဖယ်ရှားနေမှုအခြေအနေများအား သွားရောက်ကြည့်ရှုအားပေးကြသည်။
ဆက်လက်ပြီး စစ်ကိုင်းမြို့၊ ရွာထောင်ရပ်ကွက်ရှိ အမှတ်(၃)အခြေခံပညာအထက်တန်း ကျောင်း၌ ကျောင်းဆရာ/ဆရာမများအား တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံနှင့် တာဝန်ရှိသူများက အခြေခံစားသောက်ကုန်များ ပေးအပ်ပြီး ကျောင်းဆောင် အတွင်း သန့်ရှင်းရေးဆောင်ရွက်နေမှုများကို လည်းကောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနရှိ စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူးရုံး၌ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးနေသော အဆောက်အဦများကို ဖယ်ရှားရှင်းလင်းနေမှုတို့ကို လည်းကောင်း၊ စစ်ကိုင်းမြို့၊ နန်းဦးမြို့သစ်နှင့် ပန်းပဲတန်းရပ်ကွက်ရှိ လူနေအဆောက်အဦများကို စက်ယန္တာရား ကြီးများဖြင့် ဖယ်ရှားရှင်းလင်းနေမှုတို့ကိုလည်းကောင်း ကြည့်ရှုအားပေးကြပြီး ထုံးဘိုရပ်ကွက်ရှိ ငလျင်ဘေးဒဏ်သင့်ပြည်သူများအတွက် စောင့်ရှောက်ရေးစခန်းသို့ သွားရောက်၍ ကျန်းမာရေး ဆိုင်ရာကိစ္စရပ်များနှင့် စည်းကမ်းစနစ်တကျရှိစေရေးတို့အတွက် တာဝန်ရှိသူများနှင့် ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးသည်။
အလားတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မျိုးမိုးအောင် နှင့် တာဝန်ရှိသူများသည် မန္တလေးမြို့၊ မန္တလေးတောင်တော်သို့ သွားရောက်၍  မန္တလေး တောင်တော် ဆုတောင်းပြည့်မြတ်စွာဘုရားအား ဖူးမြော်ပြီး ပန်း၊ ရေချမ်းများ ဆက်ကပ်ပူဇော်သည်။ ယင်းနောက် ငလျင်ဒဏ်သင့်၍ ထိခိုက်ပျက်စီးခဲ့သော မွန်းတည့်သိမ်ဘုရား ပြုပြင်နေမှု အခြေအနေများ၊ စန္ဒာမုခိဘုရား ပြုပြင်နေမှုအခြေအနေများ၊ ဆုတောင်းပြည့်ဘုရား ရင်ပြင်တော်ရှိ ဂန္ဓကုဋီတိုက်ပြုပြင်နေမှု၊ အမိုးခုံးတိုင်များ ပြုပြင်နေမှု၊ ဓာတ်လှေကား၊ စက်လှေကားများ ပြန်လည်ပြုပြင် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် လုပ်ငန်းပြီးစီးမှု အခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးသည်။
၎င်းနောက် အရှေ့ဘက်စောင်းတန်းရှိ ဓာတ်တော်တိုက်နေရာ၊ မြတ်စောညီနောင် ဘုရားနှင့် ရသေ့ကြီးဦးခန္တီသီတင်းသုံးသော မဏ္ဍပ်နေရာ၊ နှစ်ကျိတ်ရှစ်ဆူဘုရား၊ ဗျာဒိတ်ပေး ရုပ်ပွားတော်မြတ်ကြီး နေရာများသို့သွားရောက်၍ အပျက်အစီးများဖယ်ရှား ရှင်းလင်းရေးနှင့် ပြန်လည်ပြုပြင်တည်ဆောက်ရေးလုပ်ငန်းများ အမြန်ဆုံးဆောင်ရွက် သွားရန်အား မှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ထိုနောက် အောင်မြေသာစံမြို့နယ်ရှိ Sky Villa နေရာ သို့သွားရောက်၍ အပျက် အစီးများဖယ်ရှားရှင်းလင်းခြင်း လုပ်ငန်းတိုးတက်မှု အခြေအနေများအား သွားရောက် ကြည့်ရှု၍ လုပ်ငန်းခွင်အန္တရာယ်မရှိစေရေး စနစ်တကျပြုလုပ်ဆောင်ရွက်သွားရန် မှာကြား  ခဲ့ပြီး တာဝန်ရှိသူများ၏  တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးသည်။
ထို့အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး စိုးတင့်နိုင် သည် တာဝန်ရှိသူများနှင့်အတူ မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်ရှိ အနောက်ထီးလင်းတိုက်၊ အမရပူရမြို့နယ်ရှိ မဟာဝိဇယရံသီပုထိုးတော်မြတ်ကြီးမြတ်စွာဘုရား၊ ကျောက်တော် ကြီးမြတ်စွာဘုရား နေရာများရှိ  ငလျင်ဒဏ်ကြောင့်ပြိုကျပျက်စီးခဲ့သည့် အပျက်အစီးများအား  ဖယ်ရှားရှင်းလင်းခြင်းနှင့် ဆောင်ရွက်ပြီးစီးမှု အခြေအနေများ၊ ဘုရားစေတီပုထိုးများတွင် ရှေးမူမပျက် ပြန်လည်ပြုပြင်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများ  အား သွားရောက်ကြည့်ရှုအားပေးပြီး ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက် နိုင်ရေးတို့အတွက် တာဝန်ရှိသူများအား မှာကြား၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
    ၎င်းနောက် ပြည်ကြီးတံခွန်မြို့နယ်ရှိ အခြေခံပညာအထက်တန်းကျောင်းခွဲ အလက (၂၀)သို့ သွားရောက်၍ ငလျင်ဒဏ်သင့်၍ထိခိုက်ပျက်စီးခဲ့သည့် အပျက်အစီးများအား ဖယ်ရှား ရှင်းလင်းနေမှုများနှင့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ကျောင်းသူ/ကျောင်းသားများ စိတ်အေးချမ်းသာစွာ ပညာသင်ကြားနိုင်ရေးတို့အတွက် ပြင်ဆင်ဆောင်ရွက်နေမှုများအား ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
အလားတူ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မျိုးသန့်နိုင်  နှင့် တာဝန်ရှိသူများသည် ရွှေမုဋ္ဌောဘုရားဓမ္မာရုံ၌ကျောက်သေတ္တာစေတီနှင့်ပတ်သက်၍ ကျောက်သေတ္တာကြီး မူလ အခြေအနေမှ တိမ်းစောင်းသွားမှုအခြေအနေ၊ လက်ရှိတည်ရှိနေမှု အခြေအနေများကို ဒရုန်းဖြင့် ရိုက်ကူးထားသော Video Clip များ၊ မှတ်တမ်းဓာတ်ပုံများအား အသေးစိတ်ကြည့်ရှု စစ်ဆေးပြီး အင်ဂျင်နီယာကောင်စီမှ ပြန်လည်ပေးပို့လာသော ဆောင်ရွက်သင့်သည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ဦးစားပေးဆောင်ရွက်ရမည့် လုပ်ငန်းများကို  အသေးစိတ် ဆွေးနွေးကြသည်။ 
    ၎င်းနောက်  ကျောက်ဆည်မြို့၊ မင်းရဲဆည်မှ မင်းရဲမြောင်းနှင့် တမုတ်မြောင်း တစ်လျှောက် ရေပေးဝေနေမှုအခြေအနေများ၊ ဆည်ဘောင်မြေထိန်းနံရံ ပျက်စီးနေမှု အခြေ အနေများ၊ မင်းရဲမြောင်းနှင့် တမုတ်မြောင်းတစ်လျှောက် မြောင်းမြေထိန်းနံရံနှင့် ကြံ့ခိုင်မှု အခြေအနေများနှင့် ဇော်ဂျီမြစ် မြေထိန်းနံရံများ မိုးမကျမီ ပြန်လည်ပြုပြင် ဆောင်ရွက်မည့် အခြေအနေများအား  ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ် သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
    ယင်းနောက် ကျောက်ဆည်မြို့၊ ဈေးတန်းရပ်ကွက်ရှိ နေထိုင်ရန်မသင့်သော အန္တရာယ်ရှိ အဆောက်အဦ(၂)လုံးအား စက်ယန္တရားဖြင့် ရှင်းလင်းဆောင်ရွက်နေမှု အခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းခွင်အန္တရာယ်မရှိစေရေး၊ ယာဉ်ကြောပိတ်ဆို့မှု မဖြစ် စေရေး စနစ်တကျပြုလုပ်ဆောင်ရွက်သွားရန် မှာကြားပြီး တာဝန်ရှိသူများ၏ တင်ပြချက်များ အပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။ ကျောက်ဆည်ခရိုင်အတွင်း ငလျင်ဒဏ်သင့် အဆောက်အဦများအား SOP စနစ်ဖြင့် ဘုတ်အဖွဲ့များ ဖွဲ့စည်းစစ်ဆေးခဲ့ရာ ယနေ့အထိအဆောက်အဦ (၅၆၀၇) လုံးအား စစ်ဆေးခြင်းဆောင်ရွက်ခဲ့ပြီး ပြန်လည်ပြုပြင် နေထိုင်နိုင်မည့် အဆောက်အဦ (၅၃၂၃) လုံး၊ ဦးစားပေး ဖြိုဖျက်ရှင်းလင်းရမည့် အန္တရာယ်ရှိ အဆောက်အဦ (၂၈၄) လုံးအနက် အဆောက်အဦ (၂၁၉)လုံးအား ရှင်းလင်းဆောင်ရွက်နိုင်ခဲ့ပြီး ဆောင်ရွက်ရန်ကျန် အဆောက်အဦ (၆၅)လုံး ဖြစ်ကြောင်း သိရှိရသည်။
        ၎င်းနောက် စဉ့်ကိုင်မြို့နယ်၊ ရှမ်းကန်ကျေးရွာအုပ်စုရှိ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဆရာအတတ်သင်ကောလိပ်(ဘယ်လင်း)သို့ သွားရောက် စစ်ဆေးပြီး ပျက်စီး သွားသော စာသင်ဆောင်များအား အမြန်ပြုပြင်နိုင်ရေး သက်ဆိုင်ရာ ဝန်ကြီးဌာနသို့ အမြန်ဆုံးတင်ပြ၍ လမ်းညွှန်မှုခံယူသွားရန်၊ သင်ထောက်ကူပစ္စည်းများအား စနစ်တကျ ဆယ်တင် ထိန်းသိမ်းထားရှိရန်နှင့် တာဝန်ရှိသူများ၏ တင်ပြချက် များအပေါ် လိုအပ်သည်များ  ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။