ငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည့်ဒေသများ၌ ကူညီကယ်ဆယ် ရေးနှင့် ပြည်လည်ထူထောင်ရေးလုပ်ငန်းများ အင်တိုက်အားတိုက် ဆက်လက်ဆောင်ရွက်လျက်ရှိ နေပြည်တော်၊ ၂၀၂၅ မေ ၂ ရက်

Friday, May 2, 2025 - 16:45

မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် လမ်းတံတား၊ အဆောက်အအုံများ ထိခိုက်ပျက်စီးခဲ့ရသည့် နေရာများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို တိုင်းစစ်ဌာနချုပ်အသီးသီးမှ တပ်မတော်သား များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြည်ပနိုင်ငံများမှ ကူညီ ကယ်ဆယ်ရေးအဖွဲ့များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ လူမှုကူညီရေးအသင်း/အဖွဲ့များနှင့် ဒေသခံပြည်သူများပူးပေါင်း၍ အချိန်နှင့်တပြေးညီ ကူညီဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံနှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့၊ ရွာထောင်ရပ်ကွက်ရှိ မြန်မာ့မီးရထားဒီဇယ်စက်ခေါင်းစက်ရုံသို့ သွားရောက်ကြည့်ရှုစစ်ဆေးရာ ၎င်းစက်ရုံရှိ ယာယီရှင်းလင်းဆောင်၌ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးလျက်ရှိသော စက်ရုံအလုပ်ရုံ နှင့် မီးရထားဝန်ထမ်းအိမ်ယာအဆောက်အအုံများ ပျက်စီးမှုအခြေအနေများအား တာဝန်ရှိသူတစ်ဦးက Power Point ဖြင့် ရှင်းလင်းတင်ပြသည်။ 
ထို့နောက် စက်ရုံဝင်းအတွင်း ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးနေသော စက်ရုံအလုပ်ရုံနှင့် မီးရထားဝန်ထမ်းအိမ်ယာအဆောက်အအုံများအား လိုက်လံကြည့်ရှု စစ်ဆေးပြီး မီးရထားစက်ရုံဝင်းအတွင်၌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနတို့မှ ကလေးငယ်များ ငလျင်ဒဏ် ကြောင့် စိတ်ဒဏ်ရာများ ပြေပျောက်စေရေးအတွက် ကလေးပျော်နေရာများ စီစဉ် ထားရှိမှုနှင့် ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သည့် ရွာထောင်ဘူတာတို့အား ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေး သည်။
၎င်းနောက် စစ်ကိုင်းမြို့၊ တကောင်ရပ်ကွက်ရှိ စကုမှော် ငလျင်ဒဏ်သင့်ပြည်သူ များ စောင့်ရှောက်ရေးစခန်း၊ ပါရမီရပ်ကွက်ရှိ ငလျင်ဒဏ်သင့် ပြည်သူများစောင့် ရှောက်ရေးစခန်းနှင့် နန်းဦးမြို့သစ်ရှိ ငလျင်ဒဏ်သင့်ပြည်သူများစောင့် ရှောက်ရေးစခန်း များသို့ သွားရောက်၍ စခန်းအတွင်း အပြင်းအထန် ဝမ်းပျက်ဝမ်းလျောရောဂါ ကာကွယ်ဆေးတိုက်ကျွေးနေမှု၊ ကျန်းမာရေးဆိုင်ရာကိစ္စရပ်များနှင့် စည်းကမ်းစနစ် တကျရှိစေရေးစခန်းတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ဆက်လက်၍ သောတပန်ရပ်ကွက်ရှိ နှစ်ပေါင်း(၃၀၀)ခန့်ရှိ သမိုင်းဝင်စေတီတော် ကြီးတစ်ဆူဖြစ်သော လေးကျွန်းမာရ်အောင်မြတ်စွာဘုရားကြီး ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သည့် ထီးတော်အား ပြန်လည်ပြုပြင်မွမ်းမံတည်ဆောက်ရန်အတွက် စေတီတော်ကြီး၏ အပေါ်မှ မြေသို့ပြန်လည်ပင့်ဆောင်နေမှုတို့ကို သွားရောက်ဖူမြော် ကြည်ညိုကြသည်။
၎င်းနောက် သံပုဏ္ဏာရာမကျောင်းတိုက် ကျောင်းပုရဝုဏ်အတွင်း ငလျင်ဘေးသင့် သံဃာတော်များ၊ သီလရှင်များနှင့် ပြည်သူများအား တပ်မတော်နယ်လှည့်ဆေးကုသရေး အဖွဲ့က ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုများကို ကြည့်ရှု အားပေးကြသည်။
မွန်းလွဲပိုင်းတွင် ပဲကတိုးရပ်ကွက်ရှိ စစ်ကိုင်းတက္ကသိုလ်၊ ပတ္တမြားရပ်ကွက်ရှိ စစ်ကိုင်းပညာရေး တက္ကသိုလ်တွင် ပါမောက္ခများမှ Grade-12ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူ (၁၀၈၀)ဦး တို့အား အနီးကပ်စခန်းသွင်းလေ့ကျင့်သင်ကြားနေမှုများနှင့် ငလျင်ဒဏ်ကြောင့်ပျက်စီးခဲ့သော အဆောက်အအုံများ ဖယ်ရှားရှင်းလင်းနေမှုများကို ကြည့်ရှုအားပေးသည်။ ထို့နောက် စစ်ကိုင်းမြို့၊ စီတီးရပ်ကွက်ရှိ ရာဇာမဏိစူဠာ ကောင်းမူတော်စေတီနှင့် စစ်ကိုင်းတောင်ရိုးရှိ ဆွမ်းဦးပုညရှင်စေတီများ၊ သောတပန် ရပ်ကွက်ရှိ သီရိရတနာ သီလရှင်ကျောင်းတိုက်နှင့် လူနေအဆောက်အအုံများတွင် ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးနေသော သာသနိက အဆောက်အအုံ၊ အရန်စေတီများ နှင့် ကျောင်းဆောင်အဆောက်အအုံတို့အား ရှင်းလင်းဖယ်ရှား နေမှုအခြေအနေများအား သွားရောက်ကြည့်ရှုအားပေးသည်။
အလားတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မျိုးမိုးအောင် နှင့် တာဝန်ရှိသူများသည် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ အသိအမှတ်ပြုလက်မှတ်ရ အင်ဂျင်နီယာ(PE)အဖွဲ့များ၊ မန္တလေးမြို့တော်စည်ပင် သာယာရေးကော်မတီမှ တာဝန်ရှိသူများလိုက်ပါလျက် ချမ်းအေးသာစံမြို့နယ်ရှိ ငလျင်ဒဏ်ထိခိုက်ခဲ့သော အန္တရာယ်ရှိအဆောက်အအုံ အပျက်အစီးများ ဖယ်ရှား ရှင်းလင်းနေမှုအခြေအနေများအား လိုက်လံကြည့်ရှု စစ်ဆေးပြီး အသိအမှတ်ပြု လက်မှတ်ရ အင်ဂျင်နီယာ (PE) အဖွဲ့များက (SOP) အတိုင်း လိုက်လံစစ်ဆေးနေမှု များအား သွားရောက်ကြည့်ရှု၍ သဘာဝဘေးအန္တရာယ်ဖြစ်ပွားပြီးနောက် အဆောက် အအုံပျက်စီးမှု အမြန်အကဲဖြတ်ခြင်း အစီအစဉ်များအတိုင်း မြေပြင်တွင် လိုက်လံ စစ်ဆေးခြင်းရှိ/မရှိ အခြေအနေများအားလည်းကောင်း၊ အဆောက်အဦအပျက်အစီးများ အား စနစ်တကျကြည့်ရှု၍ ခန့်မှန်းတွက်ချက်ခြင်း ၊ Level-1 အဆင့် စစ်ဆေးပြီး အဆောက်အအုံများအား သတ်မှတ်ခွဲခြားထားသည့်  အရောင်များအတိုင်း အဆင့် သတ်မှတ်မှု အခြေအနေများအားလည်းကောင်း၊ စစ်ဆေးမှုလုပ်ငန်းစဉ်နှင့် အဆောက် အအုံအခြေအနေများအား သက်ဆိုင်ရာ အိမ်ပိုင်ရှင်များအားသိရှိနားလည်စေရန် တာဝန် ရှိသူများက ရှင်းလင်းပြောဆိုမှုအခြေအနေများအား လည်းကောင်း ကြည့်ရှုအားပေးကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ယင်းနောက် မဟာအောင်မြေမြို့နယ်ရှိ ဝိဇ္ဇာလင်္ကာရကျောင်းတိုက်သို့ သွားရောက်၍ ကျောင်းတိုက်အတွင်းရှိ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် အဆောက်အအုံများနှင့် မန္တလေးမြို့၊ မြို့တော်စည်ပင်သာယာရေးကော်မတီ၏ ငလျင် ဒဏ်ထိခိုက်ခဲ့သည့် ဝန်ထမ်းအိမ်ယာ အဆောက်အအုံများအား အသိအမှတ်ပြု လက်မှတ်ရ အင်ဂျင်နီယာ(PE) အဖွဲ့များက (SOP)အတိုင်း လိုက်လံစစ်ဆေးနေမှု၊ ပျက်စီးမှုအဆင့်အတန်းအလိုက် POST EARTHQUAKE ASSESSMENT သတ်မှတ်၍ ခွဲခြားထားသည့် အရောင်များအတိုင်း အဆင့်သတ်မှတ်မှု အခြေအနေများအား လည်းကောင်း ကြည့်ရှုစစ်ဆေး၍ တာဝန်ရှိသူများအား အဆောက်အအုံ ပျက်စီးမှုများကို အကဲဖြတ်ခြင်း ဆောင်ရွက်ရာတွင်  စနစ်တကျရှိစေရေး ရပ်ကွက်/မြို့နယ်အလိုက် လုပ်ငန်းတာဝန် များခွဲခြားပြီး အကဲဖြတ်ခြင်း ဆောင်ရွက်မှုလုပ်ငန်းများအား ပိုမို မြန်ဆန်စွာ ပြီးမြောက်စေရေး အရှိန်အဟုန်မြှင့် ဆောင်ရွက်ရန်မှာကြားပြီး လိုအပ်သည် များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ထို့အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး စိုးတင့်နိုင်နှင့် တာဝန်ရှိသူများသည် မန္တလေးမြို့၊ နန်းမြို့ရိုးပတ်လည်တွင် အပျက်အစီးများ ဖယ်ရှား ရှင်းလင်းနေမှု အခြေအနေများအားလည်းကောင်း၊ မြို့ရိုးပတ်လည်ရှိ ပြကလေးပြာသာဒ် များတွင် မှန်ကင်းတိုင်များ တည့်မတ်ခြင်း၊ ထီးတော်တည့်မတ်ခြင်း လုပ်ငန်းများအား ရှေးဟောင်သုတေသနနှင့် အမျိုးသားပြတိုက် ဦစီးဌာနမှ တာဝန်ရှိသူများနှင့် ပူးပေါင်း၍ ရှေးမူမပျက် ပြန်လည်ထိန်းသိမ်းပြုပြင် နေမှုများအား လည်းကောင်း၊ အောင်မြေသာစံ မြို့နယ်ရှိ ရတနာဂီရိဂူကြီးတိုက်၊ အမရပူရမြို့နယ်ရှိ ပဲ့ပါမင်းကျောင်းတိုက်၊ အဟာဝီယရံသီ ပုထိုးတော်ကြီး မြတ်စွာဘုရား နေရာများသို့ သွားရောက်၍ ငလျင်ဒဏ် ကြောင့်ပြိုကျပျက်စီးခဲ့သည့် အပျက်အစီးများအား  တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ လူမှုကူညီရေး အသင်းအဖွဲ့များပူးပေါင်း၍ ကူညီကယ်ဆယ် ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်နေမှုများကို လည်းကောင်း၊ ဘုရားစေတီ ပုထိုးများတွင် ရှေးမူမပျက် ပြန်လည်ပြုပြင် တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို လည်းကောင်း သွားရောက်ကြည့်ရှု အားပေးပြီး ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးတို့အတွက် တာဝန်ရှိသူများ အား မှာကြား၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
    အလားတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မျိုးသန့်နိုင် သည် ကျောက်ဆည်မြို့၊ နန်းဦးဘုရား၌ ဌာနဆိုင်ရာဝန်ထမ်းများ၊ ပရဟိတအဖွဲ့များ စုပေါင်း၍ ငလျင်ဒဏ်ကြောင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့သော နန်းဦးဘုရားစေတီတော်အား ထပ်မံပြိုပျက်မှုမဖြစ်စေရေးအတွက် စတီးသံပတ်ကြိုးပတ်ခြင်း၊ အက်ကွဲသွားသော နေရာများမှ မိုးရေဝင်ရောက်၍ ပျက်စီးမှုများ ထပ်မံမဖြစ်ပေါ်စေရေးအတွက် ပလပ် စတစ်စများဖြင့်ပတ်၍ မိုးရေလုံအောင်ပြုလုပ်ခြင်း စသည့် စေတီတော်ကြံ့ခိုင်မှု ထိန်းသိမ်းခြင်း လုပ်ငန်းဆောင်ရွက်နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန် ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေး သည်။
    ထို့နောက် ကျောက်ဆည်မြို့၊ မြင်းစိုင်းရပ်ကွက်ရှိ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီး ဌာနရုံး ငလျင်ဒဏ်ကြောင့် ပျက်စီးမှုများအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ယာယီရုံးပြောင်းရွှေ့ဖွင့်လှစ်နိုင်မည့်နေရာနှင့် ဝန်ထမ်းလိုင်းခန်းပြောင်းရွှေ့မည့်နေရာ များစီစဉ်ပေးခဲ့ပြီး အဆောက်အအုံပျက်စီးဆုံးရှုံးမှုများအား သက်ဆိုင်ရာဝန်ကြီးဌာနသို့ တင်ပြသွားရန်၊ ယာယီရုံးဖွင့်လှစ်မည့်နေရာသို့ ဌာနပိုင်ပစ္စည်းများ အမြန်ရွှေ့ပြောင်း နိုင်ရေးဆောင်ရွက်သွားရန်နှင့် တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည် များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
    ၎င်းနောက် ကျောက်ဆည်မြို့၊ ဈေးတန်းရပ်ကွက်ရှိ နေထိုင်ရန်မသင့်သော အန္တရာယ်ရှိအဆောက်အဦ(၃)လုံးအား စက်ယန္တရားဖြင့် ရှင်းလင်းဆောင်ရွက်နေမှုအခြေ အနေများအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာ လုပ်ငန်းခွင်အန္တရာယ်မရှိစေရေး၊ ယာဉ်ကြောပိတ်ဆို့မှုမဖြစ်စေရေး စနစ်တကျပြုလုပ်ဆောင်ရွက်သွားရန် မှာကြားခဲ့ပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးသည်။ ကျောက်ဆည်ခရိုင်အတွင်း ငလျင်ဒဏ်သင့် အဆောက်အအုံများအား SOP စနစ်ဖြင့် ဘုတ်အဖွဲ့များ ဖွဲ့စည်းစစ်ဆေးခဲ့ရာ ယနေ့အထိ အဆောက်အအုံ(၅၃၃၅)လုံး အား စစ်ဆေးခြင်းဆောင်ရွက်ခဲ့ပြီး ပြန်လည်ပြုပြင် နေထိုင်နိုင်မည့်အဆောက်အအုံ (၅၀၅၆)လုံး၊ ဦးစားပေးဖြိုဖျက်ရှင်းလင်းရမည့် အန္တရာယ်ရှိအဆောက်အအုံ(၂၇၉)လုံးမှ အဆောက်အအုံ(၂၁၂)လုံးအား ရှင်းလင်းဆောင်ရွက်နိုင်ခဲ့ပြီး ဆောင်ရွက်ရန်ကျန် အဆောက်အအုံ(၆၇)လုံးရှိကြောင်း သိရှိရသည်။
    ဆက်လက်၍ ကျောက်ဆည်မြို့၊ အေးမြကြည်လင်ရပ်ကွက်ရှိ အမှတ်(၃)အခြေခံ ပညာအထက်တန်းကျောင်းသို့သွားရောက်၍ တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုရန် အတွက် ကျောင်းသူ၊ ကျောင်းသားများအား တက္ကသိုလ်အသီးသီးမှ ဆရာ၊ ဆရာမများက သင်ခန်းစာများ ပြန်လည်သင်ကြားလေ့ကျင့်ပေးနေမှုအခြေအနေများ၊ ဆရာ၊ ဆရာမ များနှင့် ကျောင်းသား၊ ကျောင်းသူများ၏ စားသောက်ရေးအဆင်ပြေ စေရေးအတွက် နိုင်ငံတော်မှ စီစဉ်ထောက်ပံ့ပေးနေမှုအခြေအနေများအား ကြည့်ရှု စစ်ဆေးခဲ့ပြီး ဆရာ၊ ဆရာမများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးသည်။ ယင်းနောက် ရွှေပေါက်ပင် ဘုန်းတော်ကြီးကျောင်း၌ အန္တရာယ်ရှိအဆောက်အအုံအား ဌာနဆိုင်ရာတာဝန်ခံများ၊ SOP ဘုတ်အဖွဲ့များနှင့်အတူ သွားရောက်ကြည့်ရှု စစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ် သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။