မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဧပြီလ ၃၀ ရက်နေ့ နံနက် ၁၀ နာရီအချိန် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကွန်ဟိန်းမြို့နယ်၊ တာကော် ကျေးရွာအနီးတွင် မိုင်းပျဉ်းမှ ကာလိဘက်သို့ ကျော်စွာမြင့်(ခ)လင်းအောင် မောင်းနှင်လာသည့် NISSAN DIESEL ၁၂ ဘီးမော်တော်ယာဉ်နှင့် စိုင်းပညာ မောင်းနှင်လာသည့် NISSAN DIESEL ၁၂ ဘီး မော်တော်ယာဉ်တို့ကို သတင်းအရရှာဖွေရာ အဆိုပါယာဉ် ၂ စီးပေါ်မှ ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၉,၁၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၃ ဒသမ ၉ သိန်း၊ ထိန်းချုပ်ဓာတုပစ္စည်းကဖင်း ၂ ဒသမ ၇၂၅ တန်နှင့် အနံ့ဆေးရည် ၆၀၀ လီတာ ဖမ်းဆီးရမိခဲ့ကြောင်း၊ စစ်ဆေးဖော်ထုတ်ချက်အရ အဆိုပါ ဖမ်းဆီးရမိ မူးယစ်ဆေးဝါးများအား ကျိုင်းတုံမြို့နယ်မှ ကွန်ဟိန်းမြို့နယ်၊ ကာလိမြို့သို့ သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။