(၁၂)ကြိမ်မြောက် အာဆီယံရေတပ်အရာရှိငယ်များတွေ့ဆုံနှီးနှောဖလှယ်ပွဲပြုလုပ် ၂၀၂၅ ၊  မေလ ( ၁ )ရက်

Thursday, May 1, 2025 - 17:45

          မြန်မာနိုင်ငံတွင် ဒုတိယအကြိမ်အိမ်ရှင်အဖြစ် လက်ခံကျင်းပပြုလုပ်သည့် (၁၂) ကြိမ် မြောက် အာဆီယံရေတပ်အရာရှိငယ်များတွေ့ဆုံပွဲ (12th ASEAN Navy Young Officers Interaction) အား ဧပြီလ ၂၈ ရက်မှ မေလ ၁ ရက်အထိ ရန်ကုန်မြို့ LOTTE HOTEL ၌ ကျင်းပပြုလုပ်ခဲ့သည်။

          တွေ့ဆုံပွဲသို့တက်ရောက်မည့် အာဆီယံနိုင်ငံများမှ ရေတပ်အရာရှိငယ်များသည် ဧပြီလ ၂၈ ရက်တွင် ရန်ကုန်မြို့သို့ လေကြောင်းခရီးဖြင့် အသီးသီးရောက်ရှိခဲ့သည်။ တွေ့ဆုံပွဲသို့တက်ရောက်လာသည့် အရာရှိငယ်များသည် ဧပြီလ ၂၉ ရက်တွင် ဖွင့်ပွဲ အခမ်းအနားတက်ရောက်ခြင်း၊ နိုင်ငံအလိုက် ရေတပ်သမိုင်းကြောင်းရှင်းလင်းခြင်းနှင့်  “ဒေသတွင်းတည်ငြိမ်အေးချမ်းရေးနှင့် ရေကြောင်းလုံခြုံရေးပေါင်းစည်းညီညွတ်အားဖြင့် ဟန်ချက်ညီဆောင်ရွက်ကြပါစို့” ခေါင်းစဉ်အား ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့သည်။

          တွေ့ဆုံပွဲသို့တက်ရောက်ခဲ့သည့် အာဆီယံနိုင်ငံများမှ ရေတပ်အရာရှိငယ်များအား စစ်ဦးစီးအရာရှိချုပ်(ရေ) ဒုတိယဗိုလ်ချုပ်ကြီး အေးမင်းထွေး က ဧပြီလ ၂၉ ရက် နံနက်ပိုင်းတွင် LOTTE HOTEL ရှိ Sapphire Ballroom ခန်းမ၌ ကြိုဆိုလက်ခံတွေ့ဆုံခဲ့ သည်။ ဦးစွာ စစ်ဦးစီးအရာရှိချုပ်(ရေ) က နှုတ်ခွန်းဆက်စကားပြောကြားပြီး အာဆီယံနိုင်ငံ များမှ ရေတပ်အရာရှိငယ်များက တစ်ဦးချင်းနှုတ်ဆက်စကားပြောကြားခဲ့သည်။ ၎င်းနောက် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြပြီး အထိမ်းအမှတ်လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့သည်။ ညပိုင်းတွင် စစ်ဦးစီးအရာရှိချုပ်(ရေ)က ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့သည်။

          အာဆီယံရေတပ်အရာရှိငယ်များသည် တပ်မတော်(ရေ) လှေလှော်ရွက်တိုက်အသင်း (အင်းလျားကန်)တွင် လှေလှော်ခြင်းနှင့် ရွက်တိုက်ခြင်းပြိုင်ပွဲများ ပါဝင်ယှဉ်ပြိုင်ဆောင်ရွက် ခဲ့ကြပြီး အမှတ်(၁)ဗျူဟာစစ်ရေယာဉ်စုမှ စစ်ရေယာဉ်အား သွားရောက်လေ့လာခြင်း၊ ရေတပ်လေ့ကျင့်ရေးဌာနချုပ်သို့သွားရောက်လေ့လာကြည့်ရှုခြင်း၊ ရွှေတိဂုံဘုရား၊ ဗိုလ်ချုပ် အောင်ဆန်းဈေး တို့သို့ လေ့လာရေးခရီးများ သွားရောက်ခဲ့ကြသည်။ အာဆီယံရေတပ် အရာရှိငယ်များ သည် ယနေ့နံနက်ပိုင်းနှင့်ညနေပိုင်းတို့တွင် သက်ဆိုင်ရာနိုင်ငံအသီးသီးသို့ လေကြောင်းခရီး ဖြင့် ပြန်လည်ထွက်ခွာသွားခဲ့ကြောင်း သတင်းရရှိသည်။