မြန်မာနိုင်ငံတွင် မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့သော အင်အားအလွန်ပြင်းထန်သည့် ငလျင် ဒဏ်ကို ပြင်းထန်စွာခံစားခဲ့ရသော တိုင်းဒေသကြီး/ ပြည်နယ် (၆) ခုတို့တွင် ဧပြီ ၂၉ ရက်နေ့ အထိ သေဆုံးသူ ၃,၇၉၈ ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ ၅,၁၀၆ ဦးနှင့် ပျောက်ဆုံးသူ ၁၀၆ ဦး ရှိပါ သည်။
မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နှင့် ပြည်တွင်းပြည်ပမှ ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင်များသည် လိုအပ်သည့်ဒေသများသို့ အချိန်နှင့် တစ်ပြေးညီ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက် ပေးလျက်ရှိပြီး အဆောက်အဦများအတွင်း ပိတ်မိနေသူများအား ရှာဖွေကယ်ဆယ်ခဲ့ရာ ယနေ့ အထိ အသက်ရှင်သူ ၆၅၃ ဦးကို ရှာဖွေကယ်ဆယ်ပေးနိုင်ခဲ့ပြီး၊ သေဆုံးသူ ၇၇၈ ဦး အား ရှာဖွေ ပေးနိုင်ခဲ့ပါသည်။
ဘေးသင့်ပြည်သူများသို့ ပြည်တွင်းစေတနာရှင်အလှူရှင်များက ငွေနှင့် အလှူပစ္စည်းများ ထောက်ပံ့လှူဒါန်းလျက်ရှိသကဲ့သို့ ပြည်ပနိုင်ငံများ၊ အဖွဲ့အစည်းများ၊ စေတနာရှင်အလှူရှင်များ က ငွေနှင့် အလှူပစ္စည်းများ ထောက်ပံ့လှူဒါန်းပေးလျက်ရှိရာ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဧပြီ ၂၈ ရက်နေ့ ည ၇ နာရီမှ ဧပြီ ၂၉ ရက်နေ့ ညနေ ၅ နာရီအတွင်း မလေးရှားနိုင်ငံ အခြေစိုက် Fo Guang Shani Bussha’s Light International Association Yayasan Sin Chew အဖွဲ့အစည်းများကထောက်ပံ့ပေးသည့် တဘက်၊ သွားတိုက်ဆေး၊ သွားတိုက်တံ၊ စောင်၊ ခြင်ထောင်၊ အိပ်ယာ၊ ဆိုလာမီးအိမ်၊ ရွက်ဖျင်တဲ (၃.၉၁၈) တန်၊ တရုတ်-မြန်မာစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးမြှင့်တင်ရေးအသင်းက ထောက်ပံ့ပေးသည့် ဆေးဝါး (၂.၁၈၅) တန်၊ Buddhist Tzu Chi Charity Foundation ကထောက်ပံ့ပေးသည့် ခြင်ထောင်၊ အိပ်ယာ (၅.၅၄၇) တန်၊ Serum Institute of India Pvt Ltd မှပေးပို့သည့် Tetanus Diphtheria (TD) ကာကွယ်ဆေး နှင့် Meases Rubella ကာကွယ်ဆေးများ၊ (၀.၄၉) တန်၊ ကိုးရီးယားအပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (KOICA) က ထောက်ပံ့ ပေးသည့် ရွက်ဖျင်တဲများထည့်ထားသော သစ်သားပုံး (၁၀) ပုံး၊ (၇.၆၃၆) တန်၊ နှင့် ရွက်ဖျင်တဲများ (၂.၃၄၉) တန် အသီးသီး ရောက်ရှိခဲ့ပါသည်။
ထောက်ပံ့ရေးပစ္စည်းများကိုလည်း ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် အမြန်ဆုံး ခွဲဝေထောက်ပံ့လျက်ရှိပါကြောင်း သတင်းရရှိပါသည်။