ငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည့်ဒေသများ၌ ကူညီကယ်ဆယ် ရေးနှင့် ပြည်လည်ထူထောင်ရေးလုပ်ငန်းများ အင်တိုက်အားတိုက် ဆက်လက်ဆောင်ရွက်လျက်ရှိ နေပြည်တော်၊ ၂၀၂၅ ဧပြီ ၂၈ ရက်

Monday, April 28, 2025 - 16:45

မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် လမ်းတံတား၊ အဆောက်အအုံများ ထိခိုက်ပျက်စီးခဲ့ရသည့် နေရာများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို တိုင်းစစ်ဌာနချုပ်အသီးသီးမှ တပ်မတော်သား များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြည်ပနိုင်ငံများမှ ကူညီ ကယ်ဆယ်ရေးအဖွဲ့များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ လူမှုကူညီရေးအသင်း/အဖွဲ့များနှင့် ဒေသခံပြည်သူများပူးပေါင်း၍ အချိန် နှင့်တပြေးညီ ကူညီဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် စစ်ကိုင်းမြို့၊ စစ်ကိုင်းတောင်ရိုးရှိ ဆွမ်းဦးပုညရှင်စေတီး၌ နိုင်ငံတော်ဩဝါဒစရိယ၊ ရွှေကျင်သာသနာပိုင် အဘိဓဇမဟာရဌဂုရု၊ အဘိဓဇအဂ္ဂမဟာ သဒ္ဒမ္မဇောတိက ဒေါက်တာ  ဉာဏိဿရ အမှူးပြုသော သံဃာတော် များက ငလျင်ဒဏ်ကြောင့် ဘဝနတ်ထံပျံလွန်တော်မှုခဲ့ကြသော ရဟန်း၊ သာမဏေ၊ သီလရှင်များနှင့် ကွယ်လွန်သွားကြသော လူပုဂ္ဂိုလ်များအတွက် တစ်လပြည့်ရည်စူး ကုသိုလ် အမျှအတန်းပေးဝေပွဲကို  ကျင်းပပြုလုပ်ရာ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီး သက်ပုံနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံနှင့် တက်ရောက်လာကြသူများက မော်လမြိုင် မြို့၊ မြစေတီရဲကျောင်း ပရိယတ္တိစသင်တိုက်မှ ပဓာနနာယက အဘိဓဇမဟာရဌဂုရု၊ ဝိနယပါဠိပါရဂူ၊ အဘိဓဇအဂ္ဂမဟာမင်္ဂလဓမ္မဇောတိက ဆရာတော် ဘဒ္ဒန္တဝိမလဗုဒ္ဓိ ထံမှ ရှစ်ပါးသီလခံယူဆောက်တည်ကြပြီး သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။ ထို့နောက် မော်လမြိုင်မြို့၊ မဟာမြိုင်ပရိယတ္တိစာသင်တိုက် ပဓာနနာယက ပ-သုံးလုံးသာသနာပြုဟိတဓရ၊ မဟာမင်္ဂလဓမ္မဇောတိကဓဇ ဆရာတော် ဘဒ္ဒန္တဝိမလာဘိဝံသ က ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ ၎င်းနောက် ဗုဒ္ဓဘာသာကလျာဏယုဝအသင်းကြီးကိုယ်စား ဗုဒ္ဓဘာသာကလျာဏ ယုဝအသင်း(ဗဟို)အတွင်းရေးမှူး-၁ သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးအဖွဲ့ ခေါင်းဆောင် မင်္ဂလဓမ္မဇောတိကဓဇ ဦးမြတ်မင်းမှ ဝမ်းမြောက်ကြောင်း စကား လျောက်တင်ပြီး နိုင်ငံတော်ဩဝါဒစရိယ၊ ရွှေကျင်သာသနာပိုင် အဘိဓဇမဟာရဌဂုရု၊ အဘိဓဇအဂ္ဂမဟာ သဒ္ဒမ္မဇောတိက ဒေါက်တာ  ဉာဏိဿရ ထံမှ သံဝေဂတရားနာကြား၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းလောင်းအမျှပေးဝေကြသည်။
    ဆက်လက်ပြီး ဆရာတော်၊ သံဃာတော်၊ အရှင်သူမြတ်တို့ ရွတ်ပွား သရဇ္ဈာယ်တော်မူသော ရတနာသုတ်၊ မေတ္တာသုတ် ပရိတ်တရားတော်များကို နာယူကြည်ညိုကြသည်။ 
ယင်းနောက် ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံနှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့၊ စစ်ကိုင်းတောင်ရိုးရှိ ဆွမ်းဦးပုညရှင်စေတီ၊ ဉမင်သုံးဆယ်စေတီ၊ ဉမင်ကိုးဆယ်စေတီ၊ သောတကန်ရပ်ကွက်ရှိ လေးကျွန်းမာရ်အောင်မြတ်စွာဘုရား၊ နန်းဦးမြို့သစ်ရှိ မဟာလှ စေတီနှင့် မရှိခဏစေတီများတွင် အပျက်အစီးများဖယ်ရှားရှင်းလင်းနေမှုများအား သွားရောက်ကြည့်ရှုကြသည်။
ဆက်လက်၍ မွန်းလွဲပိုင်းတွင် ငလျင်ဘေးကြောင့် စစ်ကိုင်းမြို့နယ်အတွင်းရှိ သေဆုံးသူများ၏ မိသားစုများအား ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို စစ်ကိုင်းမြို့၊ ပါရမီရပ်ကွက်ရှိ နှစ် ၇၀၀ ပြည့်အားကစားခန်းမတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံ၊ စစ်ကိုင်းတိုင်းဒေသ ကြီး အစိုးရအဖွဲ့မှ လူမှုရေးရာဝန်ကြီး၊ လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ၊ ခရိုင်/မြို့နယ် အစိုးရအဖွဲ့မှ တာဝန်ရှိသူများနှင့် ငလျင်ဘေး ကြောင့် သေဆုံးသွားသော မိသားစုဝင်များတက်ရောက်ကြသည်။ 
ဦးစွာတက်ရောက်လာကြသူများမှ ငလျင်ဘေးကြောင့် သေဆုံးသူများအတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် ၁ မိနစ်ခန့် ငြိမ်သက်ပေးကြသည်။ ဆက်လက်၍ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံက ငလျင်ဘေးကြောင့် သေဆုံးသူများ၏ မိသားစုဝင် များအား အားပေးစကားပြောကြားပြီး တာဝန်ရှိသူတစ်ဦးက ငလျင်ဘေးကြောင့် သေဆုံးသူများ၏ မိသားစုဝင်များအား ထောက်ပံ့ငွေပေးအပ်ခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။ 
ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက မှ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥက္ကဌထံသို့ ထောက်ပံ့ငွေ ကျပ် သိန်းပေါင်း ၅၄၆၀ ကျပ်(၅၄၆ ဦး X ၁၀) လွှဲပြောင်းပေးအပ်ခဲ့ပြီး အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့သည်။ ယင်းနောက် ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံနှင့် တာဝန်ရှိသူ များသည် ငလျင်ဘေးကြောင့်သေဆုံးသွားသော မိသားစုဝင်များအား တစ်ဦးချင်း ထောက်ပံ့ပေး နေမှုအား ကြည့်ရှုအားပေးခဲ့သည်။
ဆက်လက်၍ ဒုတိယဗိုလ်ချုပ်ကြီးသက်ပုံနှင့် တာဝန်ရှိသူများသည် ပါရမီရပ်ကွက်ရှိ မဟာစည်းခုံကြီးစေတီအတွင်း ငလျင်ဒဏ်သင့်ပြည်သူများအတွက် စောင့်ရှောက်ရေး စခန်းတွင် ထောက်ပံ့ပစ္စည်းများပေးဝေနေမှုကို ကြည့်ရှုအားပေးကြသည်။ ၎င်းနောက် ပန်းပဲတန်းရပ်ကွက်နှင့် မင်းလမ်းရပ်ကွက်ရှိ လူနေအဆောက်အဦများ ဖယ်ရှားရှင်းလင်း နေမှုကိုကြည့်ရှုအားပေးသည်။
အလားတူ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မျိုးမိုးအောင်နှင့် ဒုတိယ ဗိုလ်ချုပ်ကြီး စိုးတင့်နိုင်တို့သည် တာဝန်ရှိသူများ လိုက်ပါလျက် မန္တလေးမြို့၊ ချမ်းအေး သာစံမြို့နယ်ရှိ ဗထူးမိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပပြုလုပ်သည့် ငလျင်ဘေး အန္တရာယ်ကြောင့် တိုင်းဒေသကြီးအတွင်း သေဆုံးသူများ၏ မိသားစုဝင် များအား ထောက်ပံ့ငွေပေးအပ်ခြင်းနှင့် လတ်တလော စားသောက်ရေးအဆင်ပြေစေရန် (၁)လစာ ဆန်၊ ဆီ၊ စား၊ ပဲ၊ ငါးပိ  ထောက်ပံ့ငွေပေးအပ်ပွဲသို့ တက်ရောက်၍ အခမ်းအနားမစတင်မီ အသက်ဆုံးရှုံးခဲ့မှုများနှင့် ပျက်စီးဆုံးရှုံးခဲ့ရမှုများအတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ် အဖြစ် တစ်မိနစ်ငြိမ်သက်၍  ဦးညွှတ် ဂါရဝပြုခဲ့ကြသည်။ ထို့နောက် အခမ်းအနားသို့ တက်ရောက်လာသော သေဆုံးသူများ၏ မိသားစုဝင်များအား စားသောက် ဖွယ်ရာများနှင့် ထောက်ပံ့ငွေများ အသီးသီးပေးအပ်ခဲ့ကြသည်။
အဆိုပါအခမ်းအနားတွင် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီမှ ၁၀ သိန်းကျပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ၅ သိန်းကျပ်နှင့် ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ၃ သိန်းကျပ်နှုန်းဖြင့် စုစုပေါင်း သေဆုံးသူတစ်ဦးလျင် ထောက်ပံ့ငွေကျပ် ၁၈ သိန်းကျပ်နှုန်းဖြင့် သေဆုံးသူ(၂၁၅၂)ဦးအတွက် (၃၈၇၃၆၀၀၀၀၀) ကျပ်နှင့် နိုင်ငံတော်မှ မန္တလေးတိုင်းဒေသကြီးအတွင်း ငလျင်ဘေး သင့်သူ (၁၃၇၀၈၁) ဦးတို့ အတွက် လတ်တလောစားသောက်ရေး အဆင်ပြေစေရန် ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ငါးပိ တစ်လစာအတွက် ထောက်ပံ့ငွေ (၇၂၅၉၉၇၉၀၀၀)ကျပ်အား ထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သိရှိရသည်။ 
ဆက်လက်၍ အောင်မြေသာစံမြို့နယ် ၊ ဥပုသ်တော်ရပ်ကွက်၊ စိတ္တသုခကျောင်း၌ စိတ္တသုခကျောင်းဆရာတော် ဘဒ္ဒန္တဣန္ဒက အားအမှူးထား၍ ၇ ရက်သားသမီးတို့၏ ကုသိုလ်ကောင်းမှုအစုစုတို့ဖြင့် သံဃာတော်များအား ပင့်ဖိတ်၍ကျင်းပပြုလုပ်အပ်သော ငလျင်ဘေးဒဏ်ကြောင့် ဘဝတစ်ပါးဘုံတစ်ပါးသို့ ကူးပြောင်းကွယ်လွန်ပြီးဖြစ်သော ဆွေတော်မျိုးတော်အပေါင်းတို့အား ဖြစ်လေရာ ဘုံဌာနတို့၌ ကောင်းကျိုးချမ်းသာ ကျက်သရေမင်္ဂလာအဖြာဖြာတို့ ရရှိခံစားနိုင်ရန် စိတ်ရည်သန်၍ မတကဘတ္တကုသိုလ်ပြု အမျှပေးဝေပွဲသို့တက်ရောက်၍  အလှူရှင်များနှင့်အတူ ကြွရောက် လာသောဆရာတော ကြီးများထံမှ ပရိတ်တရားတော်များ ကိုနာယူကြည်ညိုကြပြီး ငါးပါး သီလခံယူဆောက် တည်ကြကာ ဆရာတော်ကြီးများအား လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နဝကမ္မဝတ္ထုငွေများ ကို ဆက်ကပ်လှူဒါန်းကြသည်။ ၎င်းနောက် လှူဒါန်းမှုအစုစုတို့ အတွက် ရေစက်သွန်းချ၍ ၇ ရက်သားသမီး အပေါင်းတို့အား အမျှအတန်းပေးဝေခြင်းနှင့် အနုမော ဒနာတရား နာယူကြည်ညိုကြသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊  ဒုတိယဗိုလ်ချုပ်ကြီး မျိုးမိုးအောင်နှင့် တာဝန်ရှိသူများသည် ချမ်းအေးသာစံမြို့နယ်ရှိ အမှတ်(၁၆) အခြေခံပညာအထက်တန်း ကျောင်းသို့ သွားရောက်၍ တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ကျင်းပစစ်ဆေးရာတွင် ကြိုတင် ပြင်ဆင်ထားရှိမှု အခြေအနေများအားကြည့်ရှုစစ်ဆေးပြီး တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုရန်အတွက် သင်ခန်းစာများပြန်လည် သင်ကြားလေ့ကျင့်နေသည့် ကျောင်းသား/ ကျောင်းသူများနှင့် ဆရာ/ဆရာမများအား တွေဆုံအားပေးစကား ပြောကြာ၍ လိုအပ် သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
    ၎င်းနောက် ဒုတိယဗိုလ်ချုပ်ကြီး မျိုးမိုးအောင်နှင့်အဖွဲ့သည် မန္တလေးမြို့ နန်းမြို့ရိုးသို့ ရောက်ရှိပြီး ကျုံးပတ်လည်တွင် အပျက်အစီးများ ဖယ်ရှားရှင်းလင်းပြီးစီးမှုများကို လည်းကောင်း၊ ကျုံး၏အရှေ့ဘက်ရှိ ရတနာပုံဥယျာဉ် ပြန်လည်ပြုပြင်ထိန်းသိမ်းနေမှု အခြေအနေများကိုလည်းကောင်း၊ ကျုံး၏တောင်ဘက်ရှိ ကျွန်းလုံးယူတံခါး ပြိုကျ ပျက်စီးမှုများကို ဖယ်ရှားရှင်းလင်းနေပြီး ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များ ပျက်စီး ဆုံးရှုံးမှုမရှိအောင်ထိန်းသိမ်းဆောင်ရွက်နေမှုအခြေအနေများအားလည်းကောင်း ကြည့်ရှု စစ်ဆေးပြီး တာဝန်ရှိသူများအား လုပ်ငန်းခွင်တွင် အန္တရာယ်မရှိစေရေး စနစ်တကျ ပြုလုပ် ဆောင်ရွက်သွားရန်၊ ရှေးဟောင်းလက်ရာများ ပါရှိသည့်အတွက် ပြန်လည်တည် ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်သည့်အခါ မူလပုံစံ အတိုင်း ရှေးမူလက်ရာမပျက် တည်ဆောက်ရမည်ဖြစ်ပြီး ပြန်လည်သုံးစွဲ၍ရသည့် ရှေးဟောင်း လက်ရာပစ္စည်းများအား ထည့်သွင်းသုံးစွဲရမည် ဖြစ်သည့်အတွက် ပျက်စီးသွားသော အဆောက်အဦများမှ ဆယ်တင်နိုင်သည့် ပစ္စည်းများအား ဆယ်တင်၍ စနစ်တကျ စာရင်းပြုစု ထိန်းသိမ်း ထာရှိရန်၊ အပျက်အစီးများအား စနစ်တကျစွန့်ပစ်သွားရန် မှာကြားကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
    ထို့အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး စိုးတင့်နိုင် သည် တာဝန်ရှိသူများနှင့်အတူ မန္တလေးမြို့၊  အောင်မြေသာစံမြို့နယ် အမှတ်(၂၀) အခြေခံပညာအထက်တန်းကျောင်းသို့သွားရောက်၍ အပျက်အစီးများ ဖယ်ရှားရှင်းလင်း နေမှု၊ တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ကျင်းပရာတွင် ကြိုတင်ပြင်ဆင်ထားရှိမှု အခြေ အနေနှင့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အတွက် ကျောင်းသူကျောင်းသားများ စိတ်အေး ချမ်းသာစွာ ပညာသင်ကြားနိုင်ရေးတို့အတွက် ပြင်ဆင်ဆောင်ရွက်နေမှု များအား ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
    ထို့နောက် အမရပူရမြို့နယ်ရှိ တောင်မင်းကြီးမြတ်စွာဘုရား၊ မဟာဂန္ဓာရုံ ကျောင်းတိုက်၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ မာနိတာရာမ ပရိယတ္တိစာသင်တိုက် နေရာ များသို့သွားရောက်ကြည့်ရှု စစ်ဆေး၍ တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုကူညီရေးအသင်းအဖွဲ့ များပူးပေါင်း၍ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြင့် ဆောင်ရွက်နေ သည်များကိုလည်းကောင်း၊ ဖယ်ရှားရှင်းလင်းဆောင်ရွက်ပြီးစီးမှု အခြေအနေများအား လည်းကောင်း၊ ဘုရားစေတီပုထိုးများတွင် ရှေးမူမပျက် ပြန်လည်ပြုပြင်တည်ဆောက် ရေးလုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများအားလည်းကောင်း သွားရောက် ကြည့်ရှုအားပေးပြီး၊ ကျောင်းထိုင် ဆရာတော်ကြီးများအား အလှူငွေနှင့် လှုဖွယ်ဝတ္ထု ပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး၊ သန့်ရှင်းရေးဆောင်ရွက် နေသည့် အဖွဲ့များကို စားသောက် ဖွယ်ရာများ ပေးအပ်ကာ ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများဆောင်ရွက် နိုင်ရေး တို့အတွက် တာဝန်ရှိသူများအား မှာကြား၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးသည်။
    အလားတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မျိုးသန့်နိုင် သည် ကျောက်ဆည်မြို့၊ စက်မှုဝန်ကြီးဌာန၊ ကျောက်ဆည်စက်ရုံများနယ်မြေရှိ REVA ကုမ္ပဏီမှ ငှားရမ်း ဆောင်ရွက်သည့် ဖိနပ်စက်ရုံ၊ Keys Shine ကုမ္ပဏီမှ ငှားရမ်း ဆောင်ရွက်သည့် အထည်ချုပ်စက်ရုံနှင့် စဉ့်ကိုင်မြို့နယ်၊ ဈေးတန်းကျေးရွာမှ တမာ ပိုးသတ် ဆေးစက်ရုံများသို့ သွားရောက်၍ ငလျင်လှုပ်ခတ်မှုကြောင့် လျှပ်စစ်ဓာတ် အားလိုင်းများ ပြတ်တောက်ခြင်း၊ အဆောက်အဦများပျက်စီးခြင်းတို့ ဖြစ်ပေါ်ခဲ့၍ လုပ်ငန်းများ ရပ်တန့် ခဲ့ရာမှ ယခုအခါပြုပြင်ပြီး လုပ်ငန်းများ ပြန်လည်လည်ပတ်နေမှု များအား သွားရောက် စစ်ဆေးခဲ့ပြီး ပြည်ပဝင်ငွေတိုးမြှင့်ရရှိရေး၊ ဝန်ထမ်းများ အလုပ် အကိုင်အခွင့်အလမ်းရရှိ ရေးတို့အတွက် ထုတ်ကုန်တိုးမြှင့်ထုတ်လုပ်   နိုင်ရေးဆောင် ရွက်သွားရန်နှင့် တာဝန်ရှိသူ များမှတင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
        ၎င်းနောက် စဉ့်ကိုင်မြို့နယ်၊ ရှမ်းကန်ကျေးရွာအုပ်စု၊ ရှမ်းကန်(မ)ကျေးရွာရှိ          M-Steelသံရည်ကျိုစက်ရုံသို့ သွားရောက်၍ ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီး ခဲ့သည့် စက်ရုံများပြုပြင်ပြီး ပြန်လည် လည်ပတ်၍ XRB 400 သံချောင်းများထုတ်လုပ် နေမှု အခြေအနေများအားကြည့်ရှုစစ်ဆေးခဲ့ပြီး ငလျင်ဒဏ်သင့်ဒေသများအား ဦးစား ပေးရောင်းချပေး နိုင်ရန်နှင့် တာဝန်ရှိသူများမှ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။
    ၎င်းနောက်  စဉ့်ကိုင်မြို့နယ်၊ တောင်ရင်းကျေးရွာအုပ်စု၊ တောင်ရင်းကျေးရွာရှိ POWERGEN KYAUKSE သဘာဝဓာတ်ငွေ့အင်ဂျင်သုံးလျှပ်စစ် ဓာတ်အားပေးစက်ရုံသို့ သွားရောက်၍ ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ခဲ့သည့်စက်ပစ္စည်းများ ပြန်လည်ပြုပြင် ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ အင်ဂျင်အမှတ် (၁) နှင့်အမှတ်(၂)မူလနေရာသို့ ပြန်လည်ရွေ့ပြောင်းပြီးစီးမှုအခြေအနေများ၊ အင်ဂျင်အမှတ်(၃)နှင့်(၄)မူလနေရာသို့ ပြောင်း ရွေ့နေသည့်အခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး စက်များအားလုံး ပြုပြင်ပြီးပါက (၁)ရက်လျှင် ယူနစ်သန်းပေါင်း ၃.၅ သန်း နိုင်ငံတော်သို့ ပေးသွင်းနိုင်မည် ဖြစ်သဖြင့် မေလ အလယ်တွင် စတင်လည်ပတ်နိုင်ရေး ရည်မှန်းချက်ထားဆောင်ရွက် သွားရန်နှင့် တာဝန်ရှိသူ များမှတင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။