အင်ဒိုနီးရှားနိုင်ငံမှ ဆေးဘက်ဆိုင်ရာ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ နေပြည်တော်မှ ပြန်လည်ထွက်ခွာ နေပြည်တော် ဧပြီ ၂၄

Thursday, April 24, 2025 - 17:45

အင်ဒိုနီးရှားနိုင်ငံ ဆေးဘက်ဆိုင်ရာ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့မှ Police Brigadier General (Retired) Ary Laksmana Widjaja ခေါင်းဆောင်သော အဖွဲ့ဝင် ၄၁ ဦးတို့သည်  ယနေ့နံနက်ပိုင်းတွင် လေကြောင်းခရီးစဉ်နှစ်ခုဖြင့် အင်ဒိုနီးရှားနိုင်ငံသို့ ပြန်လည်ထွက်ခွာကြရာ အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ အင်ဒိုနီးရှားသံရုံးမှသံမှူးကြီး Harlianto နှင့် အင်ဒိုနီးရှားစစ်သံမှူး Col (Mar) Budi Chayono တို့က နေပြည်တော် လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။

အင်ဒိုနီးရှားဆေးဘက်ဆိုင်ရာအဖွဲ့တွင် အထွေထွေရောဂါကုဆရာဝန်များ၊ ခွဲစိတ် ဆရာဝန်များ၊ အရိုးအထူးကုဆရာဝန်များ၊ မေ့ဆေးဆရာဝန်များ၊ ကလေးအထူးကု ဆရာဝန်များ၊ အရေးပေါ်အထူးကုဆရာဝန်များ၊ ဆေးဝါးကျွမ်းကျင်သူများ၊ သူနာပြုများ၊ သားဖွားဆရာမများ၊ စီမံရေးအရာရှိနှင့်ထောက်ပံ့ရေးအရာရှိများပါဝင်ပြီး နေပြည်တော် ကောင်စီနယ်မြေ၊ ဥတ္တရသီရိမြို့နယ်(ခုတင်-၅၀)ဆံ့ဆေးရုံ၌ ဧပြီ ၇ ရက်မှ ၂၁ ရက်အထိ  ငလျင်ဘေးဒဏ်သင့်ပြည်သူ ၄၈၇၄ ဦးအား ကျန်းမာရေးစစ်ဆေး ပေးခြင်း၊ ဆေးဝါး ကုသပေးခြင်းနှင့် ခွဲစိတ်ကုသခြင်းတို့ကို ဆောင်ရွက်ပေးခဲ့‌ကြောင်း သတင်းရရှိသည်။