အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ပျဉ်းမနားမြို့ အမှတ် (၁) မြို့မဈေး နှင့် စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံ(ပျဉ်းမနား)တို့ကို လှည့်လည်ကြည့်ရှုစစ်ဆေး
နေပြည်တော် ဧပြီ - ၂၃
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် အဖွဲ့ဝင်များလိုက်ပါ၍ ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီနယ် မြေ အတွင်းရှိ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ပျဉ်းမနားမြို့ အမှတ် (၁) မြို့မဈေး နှင့် စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံ(ပျဉ်းမနား)တို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ် သည်များ လမ်းညွှန်မှာကြားသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် အဖွဲ့ ဝင်များသည် မန္တလေးငလျင်ကြီးနှင့် နောက်ဆက်တွဲငလျင်များကြောင့် ထိခိုက်ပျက်စီး ဆုံးရှုံးခဲ့သည့် ပျဉ်းမနားမြို့ အမှတ်(၁) မြို့မဈေးရှိ ပြိုကျပျက်စီးခဲ့သည့် အဆောက်အဦ Aအဆောင်နှင့် B အဆောင်နေရာများတွင် တပ်မတော်သားများနှင့် ပူးပေါင်းအဖွဲ့ဝင်များ၊ ပရဟိတအဖွဲ့ဝင်များက ဖယ်ရှားရှင်းလင်းနေမှု၊ ထိခိုက်မှုအနည်း ငယ်သာရှိသည့် ဈေး အဆောက်အဦး Cအဆောင်နှင့် D အဆောင်ရှိ ဆိုင် ခန်းများ၏ ကြံ့ခိုင်မှု အခြေအနေ များကို လိုက်လံ ကြည့်ရှု စစ်ဆေးပြီး သက်ဆိုင်ရာ တာဝန်ရှိသူများကို လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။
ပျဉ်းမနား အမှတ်(၁) မြို့မဈေးသည် ၁၉၉၅ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး မြေဧက ၄ ဒသမ ၃၇၅ ဧက ကျယ်ဝန်းပြီး ဈေးအဆောက်အဦ A၊ B၊ C နှင့် D အဆောင်တို့မှ ဆိုင်ခန်းပေါင်း ၁၃၆၉ ခန်းရှိသည့်အနက် ငလျင်ဒဏ်ကြောင့် A အဆောင်နှင့် B အဆောင်တို့ ဈေးဆိုင်ခန်းပေါင်း ၃၉၃ ခန်း ပျက်စီးသွားကြောင်း သိရ သည်။ ထို့ပြင် ထိခိုက်မှုအနည်း ငယ်သာရှိသည့် ဈေးအတွင်းမှ အဆောက်အဦး C အဆောင်နှင့် D အဆောင်ရှိ ဆိုင်ခန်းများကို အခွန်ကင်းလွတ်ခွင့်ဖြင့် ဆက်လက်ရောင်း ချခွင့်ပြုထားကြောင်း၊ မြို့မဈေးကြီး အသစ်ပြန်လည်တည် ဆောက်မည့်ကာလတွင် ပျဉ်းမနားမြို့နယ် ရန်ကုန်-မန္တလေး လမ်းဟောင်း အနီးရှိ အောင်မင်္ဂလာဝန်းအတွင်း ယာယီဈေးဖွင့်လှစ် ရောင်းချသွားမည် ဖြစ်ကြောင်း သိရသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် နှင့် အဖွဲ့ဝင်များသည် ပျဉ်းမနားမြို့ ရွှေချီရပ်ကွက်ရှိ စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံ (ပျဉ်းမနား) သို့ ရောက်ရှိကြရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမင်းနောင်က အဆိုပါကျောင်းဝန်းအတွင်း ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီး ဆုံးရှံးခဲ့သည့် ရှေးဟောင်းသမိုင်းဝင်အဆောက်အအုံများနှင့် အခြား ကျောင်း အဆောက် အဦးများကို ရှင်းလင်းတင်ပြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် နှင့် အဖွဲ့ဝင်များသည် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးခဲ့သည့် လယ်ယာစက်မှုဌာန အဆောက်အဦး(ရာပြည့်အဆောက်အဦး)၊ ကျောင်းအုပ်ကြီးရုံး၊ ကရမက်ဆောင်၊ ဧည့်ရိပ် သာ၊ ယင်းမာဆောင်၊ သရဖီဆောင်၊ ရွှေရောင်ခြည်ခန်းမနှင့် စာသင်ဆောင်တို့ကို လိုက်လံ ကြည့်ရှုစစ်ဆေးပြီး ပျက်စီးခဲ့သည့် စာသင်ဆောင်များ ပြန်လည်ပြုပြင် တည်ဆောက်ရာတွင် မူလအဆောက်အဦပုံစံအတိုင်း ဆောက်လုပ်ရေး၊ မဆောက် လုပ်မီ မြေအနေအထား စမ်းသပ်ပြီးမှ ဆောက်လုပ်ရေး၊ အနည်ငယ်ပြုပြင်ရမည့် စာသင် ဆောင်အဆောက်အဦများ ကြံ့ခိုင်ရေးစစ်ဆေးရေးအဖွဲ့ဖြင့် စစ်ဆေးပြုပြင်ခြင်းအား ဇွန်လ ကျောင်းဖွင့်ချိန်အမီ ပြုပြင်သွားရန်၊ အရေးကြီး စာရွက်စာတမ်းများနှင့် သင်ထောက်ကူ ပစ္စည်းများကို စနစ်တကျ ထိန်းသိမ်းထားရှိရန်နှင့် အခြားလိုအပ် သည်များ မှာကြားသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် နှင့် အဖွဲ့ဝင်များသည် အဆိုပါကျောင်းရှိ ကျောင်းအုပ်ကြီး၊ ဆရာ ဆရာမများ၊ ဝန်ထမ်းများနှင့် မိသားစုများကို တွေ့ဆုံအားပေးစကားပြောကြားပြီး ဆရာ ဆရာမ များနှင့် ဝန်ထမ်းမိသားစုက နေထိုင်စား သောက်မှုအခြေအနေနှင့် အခြားလို အပ်သည်များ တင်ပြရာ ဒုတိယဝန်ကြီးချုပ်က အခြေခံစားသောက်ကုန် တစ်လစာ ထောက်ပံ့ပေးမည့် အခြေအနေနှင့် ယာယီကျောင်းရုံးခန်း အဆင်ပြေစေရေး Modular House များဖြင့် စီမံဆောင်ရွက်ပေးမည့် အခြေအနေများကို ပြောကြားကာ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
အဆိုပါ စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံ(ပျဉ်းမနား)တွင် အဆောက်အဦ ၉၂ လုံး ရှိသည့်အနက် ရှေးဟောင်းအဆောက်အဦ ၅ လုံးအပါအဝင် အခြားအဆောက်အဦ ၃ စုစုပေါင်း ၈ လုံး လုံးဝပျက်စီးဆုံးရှုံးခဲ့ပြီး နှစ် ၁၀၀ ပြည့် ရှေးဟောင်းအဆောက်အဦ ၁ လုံးအပါအဝင် အခြားအဆောက်အဦ ၄ လုံး စုစုပေါင်း ၅ လုံး အန္တရာယ်ရှိသည့်အဆင့် ထိခိုက်ပျက်စီးခဲ့ကြောင်းနှင့် ပထမနှစ်၊ ဒုတိယနှစ်နှင့် တတိယနှစ် ကျောင်းသား၊ ကျောင်းသူ ၄၆၁ ဦးရှိပြီး စာသင်ဆောင်များလိုအပ်လျက်ရှိကြောင်း သိရသည်။
အဆိုပါကျောင်းရှိ လယ်ယာစက်မှုဌာန အဆောက်အဦး(ရာပြည့်အဆောက်အဦး) သည် အေဒီ ၁၉၂၃ ခုနှစ်တွင် ကျောင်းသစ်အဖြစ် ဆောက်လုပ်ခဲ့ပြီး ကျောင်းသား ကျောင်းသူများကို သံဂဟေဆက်ခြင်း၊ မော်တာစက်ပြင်ခြင်း၊ ပန်းပဲလုပ်ငန်း၊ သစ်သားလုပ်ငန်းများကို ပစ္စည်းအပြည့်အစုံဖြင့် သင်ကြားပေးခဲ့သည့် နေရာဖြစ် ကြောင်း၊ ကရမက်ဆောင်သည် အေဒီ ၁၉၂၆ ခုနှစ်တွင် ဆရာများ နေထိုင်ရန် ဆောက်လုပ်ခဲ့ပြီး ဗမာ့ကာကွယ်ရေးတပ်မတော် (BDA) ပျဉ်းမနားတပ်ရင်း တပ်ခွဲရုံးခန်း စခန်းချခဲ့သည့် ရှေးဟောင်းအဆောက် အဦတစ်ခုဖြစ်ကြောင်း၊ ယင်းမာ ဆောင်သည် အေဒီ ၁၉၂၈ ခုနှစ်တွင် ကျောင်းသားများနေထိုင်ရန် ဆောက်လုပ်ခဲ့ပြီး ဗမာ့ကာကွယ်ရေးတပ်မတော် (BDA) ပျဉ်းမနားတပ်ရင်း တပ်ခွဲရုံး စခန်းချခဲ့သည့် ရှေးဟောင်းအဆောက်အဦတစ်ခု ဖြစ်ကြောင်း၊ သရဖီဆောင်သည် အေဒီ ၁၉၃၈ ခုနှစ်တွင် ဆောက်လုပ်ခဲ့ပြီး ဗမာ့ကာကွယ်ရေးတပ်မတော် (BDA) ပျဉ်းမနားတပ်ရင်း တပ်ခွဲရုံး စခန်းချခဲ့သည့် ရှေးဟောင်းအဆောက်အဦ တစ်ခုဖြစ်ကြောင်း သတင်းရရှိသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌဒုတိယဝန်ကြီးချုပ်ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိငလျင်ဒဏ်ကြောင့်ထိခိုက်ပျက်စီးခဲ့သည့်ပျဉ်းမနားမြို့အမှတ်(၁)မြို့မဈေးနှင့်စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံ(ပျဉ်းမနား)ကြည့်ရှု
Wednesday, April 23, 2025 - 17:30