မန္တလေးငလျင်ကြီးနှင့် နောက်ဆက်တွဲငလျင်များကြောင့် ထိခိုက်သေဆုံး၊ ပျက်စီးဆုံးရှုံးခဲ့ရမှုများ၊ အရေးပေါ်ကူညီကယ်ဆယ်ရေးနှင့် ထောက်ပံ့ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုများနှင့် ပတ်သက်၍ထုတ်ပြန်ချက် နေပြည်တော်၊ ၂၀၂၅ ခုနှစ်၊ ဧပြီ ၁၈       

Friday, April 18, 2025 - 16:15

 မြန်မာနိုင်ငံတွင် မတ်လ ၂၈ ရက်နေ့တွင် လှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ကြီးကြောင့် ၂၀၂၅ ခုနှစ်၊ ဧပြီလ ၁၈ ရက်နေ့ နံနက် ၇ နာရီအထိ သေဆုံးသူ ၃၇၂၆ ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ ၅၁၀၅ ဦးနှင့် ပျောက်ဆုံးသူ ၁၂၉ ဦး ရှိသည်။ ၎င်းငလျင်ကြီးလှုပ်ခတ်ပြီးနောက် နောက်ဆက်တွဲ ငလျင် ၁၄၁ ကြိမ်လှုပ်ခတ်ခဲ့သည်။

          ထိခိုက်ပျက်စီးမှုများအနေဖြင့် နေအိမ်/အဆောက်အဦ ၆၅၀၉၆ လုံး၊ စာသင်ကျောင်း ၂၅၁၄ ကျောင်း၊ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်း ၄၃၁၇ ကျောင်း၊ ဘုရားစေတီ ၆၀၂၇ ဆူ၊ ဆေးရုံ/ဆေးခန်း ၃၅၀ ခု၊ ရထားလမ်း ၃၈ ခု၊ လမ်း ၂၆၉ ခု၊ အမြန်(လမ်းပိုင်း) ၂၀၃ ခု၊ ဆည်/တမံ ၅၈၆ ခုနှင့် တံတား ၁၇၀ စင်းတို့ ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရသည်။

မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နှင့် ပြည်တွင်းပြည်ပမှ ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင်များသည် ယနေ့ အထိ အသက်ရှင်သူ ၆၅၃ ဦးကို ရှာဖွေကယ်ဆယ်ပေးနိုင်ခဲ့ပြီး သေဆုံးသူ ၇၅၄ ဦးအား ရှာဖွေပေးနိုင်ခဲ့သည်။ အဆိုပါ ရှာဖွေကယ်ဆယ်ခြင်းလုပ်ငန်းများတွင် ပြည်ပနိုင်ငံပေါင်း ၁၆ နိုင်ငံမှ ကယ်ဆယ်ရေးအဖွဲ့ဝင်များက အသက်ရှင်သူ ၈ ဦးနှင့် သေဆုံးသူ ၂၀၃ ဦးတို့အား ရှာဖွေကယ်ဆယ် ပေးနိုင်ခဲ့သည်။ ပြည်ပနိုင်ငံများမှ နိုင်ငံအကြီးအကဲ၊ အစိုးရအဖွဲ့အကြီး အကဲများနှင့် လူပုဂ္ဂိုလ် ၄၅ ဦးတို့မှလည်း ဝမ်းနည်းကြောင်းသဝဏ်လွှာများပေးပို့ခဲ့ကြသည်။

ငလျင်ဒဏ်သင့်ပြည်သူများသို့ ပြည်တွင်းစေတနာရှင်အလှူရှင်များက အလှူငွေနှင့် အလှူ ပစ္စည်းများ ထောက်ပံ့လှူဒါန်းလျက်ရှိသကဲ့သို့ ပြည်ပနိုင်ငံများ၊ အဖွဲ့အစည်းများ၊ စေတနာ ရှင်အလှူရှင်များက အလှူငွေနှင့် အလှူပစ္စည်းများ ထောက်ပံ့လှူဒါန်းလျက်ရှိရာ ဧပြီ ၁၈ ရက် နေ့နံနက် ၇ နာရီ အထိ နိုင်ငံပေါင်း ၂၅ နိုင်ငံနှင့် ဟောင်ကောင်တို့မှ လေယာဉ် ၁၃၆ စီး၊ သင်္ဘော ၆ စီး၊ မော်တော်ယာဉ် ၂၃ စီး မြန်မာနိုင်ငံသို့ ဆိုက်ရောက်ခဲ့ပြီး ကယ်ဆယ်ရေးဆေးဝန်ထမ်း ၁၉၇၅ ဦး၊ ထောက်ပံ့ရေးပစ္စည်း ၂၃၃၂ ဒသမ ၉၈ တန် နှင့် ကယ်ဆယ်ရေးပစ္စည်း ၁၁၇၀ ဒသမ ၅၉ တန်၊ စုစုပေါင်းတန်ချိန် ၃၅၀၃ ဒသမ ၅၇ တန်တို့ရောက်ရှိ၍ အရေးပေါ်ကူညီကယ်ဆယ် ရေးနှင့် ဆေးကုသရေးလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ကြောင်းနှင့် ပြည်တွင်း၊ ပြည်ပအလှူရှင် များ၏ ထောက်ပံ့ရေးပစ္စည်းများကိုလည်း ငလျင်ဒဏ်သင့်ပြည်သူများ၏ လက်ဝယ်အရောက် အမြန်ဆုံးခွဲဝေထောက်ပံ့လျက်ရှိကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

 

 

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ