နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မောင်မောင်အေးနှင့် ဗိုလ်ချုပ်ကြီး ညိုစော  မန္တလေးမြို့ မဟာမုနိ ဘုရားကြီးအပါအဝင် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့်နေရာများသို့ သွားရောက်ကြည့်ရှုစစ်ဆေး နေပြည်တော်၊ ၂၀၂၅ ဧပြီ ၁၈

Friday, April 18, 2025 - 16:15

         နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ ဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မောင်မောင်အေး နှင့် ဗိုလ်ချုပ်ကြီး ညိုစော တို့သည် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် တာဝန်ရှိသူများ လိုက်ပါ၍ ယနေ့တွင် မန္တလေးမြို့ရှိ မဟာမုနိဘုရားကြီးသို့ သွားရောက် ဖူးမြော်ကြည်ညို၍ ပန်း၊ ရေချမ်းများ၊ ဆပ်ကပ် လှူဒါန်းပြီး မဟာမုနိဘုရားကြီးကိုယ်လုံးတော်နှင့် မကိုဋ်တော်ရှိ ရွှေသင်္ကန်းများ ရောင်တော်ဖွင့်ခြင်း ဆောင်ရွက်နေမှုအား ကြည့်ရှုဖူးမြော်ကြည်ညိုသည်။

         ထို့နောက် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် မဟာမုနိဘုရားကြီးရှိ စမြင်နှင့် ဆောင်းတန်းနေရာများအား ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက အပျက်အစီးများ ဖယ်ရှားရှင်းလင်းထားရှိမှု၊ ပြန်လည်ပြုပြင် တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ဘုရားကြီးအား  ဘုရားဖူးပြည်သူများ လာရောက် ဖူးမြော်စဉ် အန္တရာယ်ကင်းရှင်းစေရေး ဘုရားကြီး၏အရှေ့ဘက် စမြင်နေရာအား ယာယီဒေါက်တိုင်များထောက်၍ ပြင်ဆင်ဆောင်ရွက်မည့် အစီအမံများအား ရှင်းလင်း တင်ပြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဗိုလ်ချုပ်ကြီးမောင်မောင်အေး က ဘုရားကြီး၏ သာသနိက အဆောက်အဦများအား အင်ဂျင်နီယာကောင်စီမှ အထူး စစ်ဆေးရေးအဖွဲ့များဖြင့် အဆောက်အဦ၏ အစိတ်အပိုင်းတစ်ခုချင်း၊ တိုင်တစ်တိုင် ချင်းအား အသေးစိတ် စစ်ဆေးသွားမည်ဖြစ်ပြီး ပြန်လည်အသုံးပြုနိုင်သည့် အဆောက်အဦ၊ အကြီးစား ပြင်ဆင်ရမည့် အဆောက်အဦနှင့် အသုံးပြုရန်မသင့်သည့် အဆောက်အဦများအဖြစ် POST EARTHQUAKE ASSESSMENT  သတ်မှတ်ကာ စနစ်တကျ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားပြီး အပျက်အစီးများ ဖယ်ရှားရှင်းလင်းရေးနှင့် ပြန်လည်ပြုပြင် တည်ဆောက်ရေးလုပ်ငန်းများအတွက် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။ 

         ၎င်းနောက် ချမ်းမြသာစည်မြို့နယ်ရှိ တပ်မတော်စည်သွပ်စက်ရုံသို့ သွားရောက် ၍ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများအား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား စက်ရုံပြန်လည်တည်ဆောက်ရေးလုပ်ငန်းများနှင့် ပတ်သက်၍  အသေးစိတ်မှာကြားသည်။ ထို့နောက် စက်ရုံရှိ ဝန်ထမ်းများနှင့် မိသားစုများအား တွေ့ဆုံ၍ အားပေးစကားပြောကြားပြီး သောက်သုံးရေဖူလုံစွာ ရရှိရေး၊ နေထိုင် စားသောက်မှု အဆင်ပြေစေရေးတို့နှင့် ပတ်သက်၍ လိုအပ်ချက်များအား ဖြည့်ဆည်း ဆောင်ရွက်ပေးရေးတို့အတွက် တာဝန်ရှိသူများ မှာကြားကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။                                                                                                                                                                                                                                                                              

         ထို့နောက် ချမ်းအေးသာစံမြို့နယ်ရှိ Golden City Hotel နေရာ၌ အပျက်အစီးများ ဖယ်ရှားရှင်းလင်းနေမှုအား လည်းကောင်း၊   ချမ်းအေးသာစံမြို့နယ် ရှိ အမှတ်(၄)ရေစစ်ကန်၌  ရေပေးဝေရေးလုပ်ငန်း ဆောင်ရွက်နေမှုများအား လည်း ကောင်း၊  Sky Villa နေရာတွင် အဆောက်အဦအပျက်အစီးများ ဖယ်ရှား ရှင်းလင်း နေမှုများအား လည်းကောင်း သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များအား တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးသည်။

         ၎င်းနောက် မန္တလေးမြို့ နန်းမြို့ရိုးရှိ ငလျင်ဒဏ်ကြောင့် ပျက်စီးသွားသော စည်ရှည်တံခါးနှင့် ကြေးမှုံတံခါးရှိ ပြအိုးများ ထိခိုက်ပျက်စီးမှု အခြေအနေများအား လည်းကောင်း၊ အပျက်အစီးများ ဖယ်ရှားရှင်းလင်းနေမှုနှင့် ပြန်လည်ပြုပြင်ထိန်းသိမ်း ရေးဆောင်ရွက်နေမှု အခြေအနေများအား လည်းကောင်း ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးသည်။

         ထို့နောက် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ် သော ငလျင်ဒဏ်သင့်နေရာများရှိ အဆောက်အဦ အပျက်အစီးများ ဖယ်ရှားရှင်းလင်း ရေးနှင့် ပြန်လည်တည်ဆောင်ရေးလုပ်ငန်းများ စနစ်တကျ ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်၍ အစည်းအဝေးတွင် တာဝန်ရှိသူများ က မန္တလေးတိုင်းဒေသကြီးအတွင်း လှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ကြီးကြောင့် ပျက်စီးမှုနှင့် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့် ဆက်လက်ဆောင်ရွက် မည့် အစီအမံများအား ရှင်းလင်းတင်ပြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဗိုလ်ချုပ်ကြီး မောင်မောင်အေး က ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သည့် အပျက်အစီးများ ဖယ်ရှားရှင်းလင်းရေးကို ဦးစားပေးဆောင်ရွက်သွားရန် လိုအပ် ကြောင်း၊ ကူညီကယ်ဆယ်ရေးအဖွဲ့များအနေဖြင့် နိုင်ငံတကာမှ လာရောက်ခဲ့ကြ သည့် ကူညီကယ်ဆယ်ရေးအဖွဲ့များ၏ အတွေ့အကြုံကောင်းများအား  ရရှိခဲ့ပြီးဖြစ်၍ လက်တွေ့နယ်ပယ်တွင် အကျိုးရှိစွာ အသုံးချဆောင်ရွက်ရန်နှင့် ကူညီကယ်ဆယ်ရေး လုပ်ငန်းသုံးပစ္စည်းများ ပြည့်စုံစွာကိုင်ဆောင်အသုံးပြုနိုင်ရေး သက်ဆိုင်ရာတာဝန် ရှိသူများက လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးရန် ဦးစွာမှာကြားသည်။

         ၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဗိုလ်ချုပ်ကြီး ညိုစောက  မိုးရာသီ ရောက်ရှိတော့မည်ဖြစ်သဖြင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လာနိုင်ပြီး ပြည်သူ လူထု အခက်အခဲမရှိ အဆင်ပြေကောင်းမွန်စွာ နေထိုင်နိုင်ရေး စနစ်တကျ စီမံ ဆောင်ရွက်ထားရှိရမည်ဖြစ်ကြောင်း၊ ဆေးဝါးမှအစ တာဝန်ရှိသူများမှ စီစဉ်ဆောင်ရွက် ပေးထားရမည်ဖြစ်ကြောင်း၊ ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများအတွက် ဆောက်လုပ်ရေးပစ္စည်းများ လိုအပ်ချက်ရှိနိုင်မည်ဖြစ်သည့်အတွက် လိုအပ်ချက် များအား အချိန်မီ တင်ပြတောင်းခံ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ဘိလပ်မြေ လိုအပ်ချက်နှင့်ပတ်သက်၍ လိုအပ်သလို စီစဉ်ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ပြောကြားသည်။

         ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဗိုလ်ချုပ်ကြီး မောင်မောင်အေး က ဆက်လက်ပြောကြားရာတွင် နိုင်ငံတော်အစိုးရအနေဖြင့် အဆောက်အဦများ ပြန်လည်ပြုပြင် တည်ဆောက်နိုင်ရေးအတွက် ကော်မတီများ စနစ်တကျဖွဲ့စည်းထားရှိပြီး ဖြစ်ကြောင်း၊ ငလျင်ဒဏ်သင့်အဆောက်အဦများအား လည်း အုပ်ချုပ်မှုအဆောက်အဦ၊ အခြားအဆောက်အဦ၊ အထူးအဆောက်အဦဟူ၍ အပိုင်းလိုက် ခွဲခြားသတ်မှတ်ပြီး ပျက်စီးမှု အဆင့်အတန်းအလိုက် POST EARTHQUAKE ASSESSMENT သတ်မှတ်၍ ပြုပြင်ဆောင်ရွက်မှုများ စနစ်တကျ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အဆောက်အဦများပြုပြင် ဆောင်ရွက်ရာတွင် လည်း Standard Operating Procedure(SOP)အရ ငလျင်ဒဏ်ခံနိုင်အောင် စနစ်တကျ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ နောင်အဆောက်အဦ အသစ်များ ဆောက်လုပ်ရာတွင် နိုင်ငံတော်ပိုင်အဆောက်အဦများ၊ ပုဂ္ဂလိကပိုင် အဆောက်အဦ များ၊ အလှူရှင်များမှ ဆောက်လုပ်လှူဒါန်းသည့် အဆောက်အဦများ စသည်ဖြင့် မည်သည့်အဆောက်အဦများ ဆောက်လုပ်သည်ဖြစ်စေ ရစ်(ခ်)တာစကေး ၈ အထိ ငလျင်ဒဏ်ခံနိုင်သည့် Standard Operating Procedure(SOP)များအတိုင်း လိုက်နာ ဆောင်ရွက်သွားရန် လိုကြောင်း၊ အဆောက်အဦများ ပြင်ဆင်ခြင်းနှင့် အသစ် တည်ဆောက်ခြင်းစသည့် လုပ်ငန်းများကို လုပ်ထုံးလုပ်နည်းများနှင့်အညီ အမြန်ဆုံးစတင်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ အစိုးရရုံးလုပ်ငန်းပိုင်းဆိုင်ရာ များအနေဖြင့်လည်း ရုံးလုပ်ငန်းများ ပုံမှန်လည်ပတ်နိုင်အောင် ယာယီရုံးခန်းများ ဖွင့်လှစ်၍ စနစ်တကျ ဆောင်ရွက်သွားရန် မှာကြားသည်။

         ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဗိုလ်ချုပ်ကြီး မောင်မောင်အေး နှင့်  ဗိုလ်ချုပ်ကြီး ညိုစော တို့သည် အဖွဲ့ဝင်များနှင့်အတူ မန္တလေးမြို့ မြို့ပတ်လမ်းနေရာသို့ သွားရောက်၍ ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သည့် လမ်းပိုင်းနေရာအား ပြန်လည်ပြုပြင်နေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးပြီး လိုအပ် သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။