တိုင်းဒေသကြီး/ပြည်နယ်အသီးသီးရှိ အကျဉ်းထောင်/အချုပ်ထောင်/စခန်းအသီးသီးမှ အကျဉ်းကျခံနေရသူများကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြု နေပြည်တော် ဧပြီ ၁၇

Thursday, April 17, 2025 - 06:00

              အကျဉ်းထောင်၊ အချုပ်ထောင်၊ စခန်းအသီးသီးတို့တွင် အကျဉ်းကျခံနေကြရသော နိုင်ငံသား အကျဉ်းသား၊ အကျဉ်းသူ ၄၈၉၃ ဦးနှင့် နိုင်ငံခြားသား အကျဉ်းသား၊ အကျဉ်းသူ ၁၃ ဦး၊ စုစုပေါင်း ၄၉၀၆ ဦး တို့ကို ယနေ့တွင် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခဲ့ကြောင်း သိရသည်။

              ယနေ့တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အကျဉ်းထောင်/ အချုပ်ထောင်/ စခန်း အသီးသီးမှ အကျဉ်းကျခံနေကြသောအကျဉ်းသား၊ အကျဉ်းသူ ၄၈၉၃ ဦးနှင့် နိုင်ငံခြားသားအကျဉ်းသား၊ အကျဉ်းသူ ၁၃ ဦးတို့ကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁)အရ “နောက်တစ်ကြိမ် ပြစ်မှု ထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်” ဟူသော စည်းကမ်းသတ်မှတ်ချက်ဖြင့် ယင်းတို့ကျခံရန် ကျန်ရှိသောပြစ်ဒဏ်များအပေါ် လျှော့ပေါ့၍ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခဲ့ကြောင်းနှင့် နိုင်ငံခြားသား အကျဉ်းသား၊ အကျဉ်းသူတို့ကို ပြည်နှင်ဒဏ် ပေးလိုက်ကြောင်း သိရသည်။

              အကျဉ်းသား၊ အကျဉ်းသူများကို တစ်ဦးလျှင် ခရီးစရိတ်အဖြစ် ခရီးမိုင်တစ်မိုင်အား ငွေကျပ် ၃၅ ကျပ်နှုန်း၊ စားစရိတ်အား တစ်ရက်လျှင် ငွေကျပ် ၁ဝဝဝ နှုန်းဖြင့်  ဦးစီးရန်ပုံငွေမှလည်းကောင်း၊ စခန်းများမှလွတ်မြောက်သည့် အကျဉ်းသား/ အကျဉ်းသူများကို အလုပ်ဆင်းရက်အပေါ်မူတည်ပြီး သတ်မှတ်နှုန်းထားဖြင့် တွက်ချက် ထားသော လုပ်အားခဆုငွေများကို အကျဉ်းသားများလုပ်အားဖြင့် ကုန်ထုတ်လုပ်ရေးအဖွဲ့ ရန်ပုံငွေမှ လည်းကောင်း ပြည့်ဝစွာထုတ်ပေးခဲ့ကြောင်း သိရသည်။

              အကျဉ်းသားများအား လွှတ်ပေးရာတွင် အကျဉ်းထောင်ရုံးစိုက်ရာမြို့ရှိ လုံခြုံရေးနှင့် နယ်စပ် ရေးရာဝန်ကြီး၊ တိုင်းဒေသကြီး/ ပြည်နယ်ရဲတပ်ဖွဲ့မှူး၊ အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူး၊ အကျဉ်းထောင် တာဝန်ခံအရာရှိ၊ သက်ဆိုင်ရာဒေသရှိခရိုင်/ မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ ခရိုင်/မြို့နယ်ရဲတပ်ဖွဲ့မှူးများ၊ သတင်းရဲတပ်ဖွဲ့၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနနှင့် လူဝင်မှုကြီးကြပ် ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာရုံးတို့ ပါဝင်သောအဖွဲ့ဖြင့် ဆုံးမသြဝါဒစကားပြောကြား၍ ထောင်လွတ် လက်မှတ်ပေးအပ်ခဲ့ကြောင်း သိရသည်။

              လွတ်မြောက်သွားသူ ၄၉၀၆ ဦးအနက် ကချင်ပြည်နယ်မှ ၉၃ ဦး၊ ကယားပြည်နယ် မှ ၉ ဦး၊ ကရင်ပြည်နယ် မှ ၈၅ ဦး၊ စစ်ကိုင်းတိုင်းဒေသကြီးမှ ၇၅ ဦး၊ တနင်္သာရီတိုင်းဒေသကြီးမှ ၁၃၀ ဦး၊ ပဲခူးတိုင်း ဒေသကြီးမှ ၄၈၇ ဦး၊ မကွေးတိုင်းဒေသကြီးမှ ၂၁၀ ဦး၊ မန္တလေးတိုင်းဒေသကြီးမှ ၉၄၃ ဦး၊ မွန်ပြည်နယ်မှ ၅၁၃ ဦး၊ ရခိုင်ပြည်နယ်မှ ၆၃ ဦး၊ ရန်ကုန်တိုင်းဒေသကြီးမှ ၁၁၄၉ ဦး၊ ရှမ်းပြည်နယ်မှ ၃၁၇ ဦး၊ ဧရာဝတီ တိုင်းမှ ၇၃၁ ဦးနှင့် လူမှုဝန်ထမ်းဦးစီးဌာနလက်အောက်ရှိ သင်တန်းကျောင်းများမှ လူငယ် ၁၀၁ ဦး လွတ်မြောက် သွားကြောင်း သိရသည်။    

              ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရသူများနှင့် အကျဉ်းထောင်ရှေ့သို့ လာရောက်ကြိုဆိုသော ၎င်းတို့၏ မိသားစုဝင်များမှာ ပျော်ရွှင်ကြည်နူးစွာ ပွေ့ဖက်နှုတ်ဆက်ကြပြီး ခရီးဝေးသွားရောက်ကြမည့် ပြစ်ဒဏ် လွတ်ငြိမ်းခွင့်ရသူများအား ဘူတာရုံ၊ သင်္ဘောဆိပ်၊ ကားဂိတ်များသို့ မော်တော်ယာဉ်များဖြင့် သက်ဆိုင်ရာ ပြည်နယ်/တိုင်းဒေသကြီးအစိုးရအဖွဲ့များက လိုက်လံပို့ဆောင်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။