မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်ကို ကူးပြောင်းရောက်ရှိလာတဲ့ ဒီနေ့လို မင်္ဂလာရှိလှတဲ့ မြန်မာနှစ်သစ်ကူး အခါသမယမှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်းမှာ မှီတင်း နေထိုင်ကြတဲ့ ပြည်ထောင်စုဖွား တိုင်းရင်းသား မိဘပြည်သူအားလုံးအပါအဝင် ကမ္ဘာ တစ်ဝန်းလုံးမှာရှိကြတဲ့ ကမ္ဘာသူကမ္ဘာသားများအားလုံး ဘေးဘယာများကင်းဝေးပြီး စိတ္တသုခ၊ ကာယသုခ တို့ဖြင့် ပြည့်စုံ ကြပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါတယ်။
ကျွန်တော်တို့နိုင်ငံဟာ ပြီးခဲ့တဲ့ နှစ်ဟောင်းကာလမှာ သဘာဝဘေးအန္တရာယ်တွေနဲ့ နှစ်ကြိမ်တိုင်တိုင် ကြုံတွေ့ခံစားခဲ့ရပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းမှာ ရာဂိမုန်တိုင်း တိုက်ခတ်မှုကြောင့် မိုးသည်းထန်စွာရွာသွန်းပြီး မြို့ရွာတစ်ချို့မှာ ရုတ်တရက် ရေကြီး ရေလျှံမှုတွေ ဖြစ်ခဲ့သလို မတ်လ ၂၈ ရက်နေ့မှာလည်း ပြင်းအား ၇.၇ ရစ်(ခ်)တာ စကေးရှိ အလွန်ပြင်းထန်တဲ့ မြေငလျင် လှုပ်ခတ်မှုဒဏ်ကို ကြုံတွေ့ခံစားခဲ့ရပါတယ်။ ထိခိုက်ပျက်စီးမှုနဲ့ သေဆုံးဒဏ်ရာရမှု များပြားလှတဲ့အတွက်ကြောင့် ငလျင်ဒဏ်သင့်ဒေသတွေမှာ အရေးပေါ် ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေအတွက် အကူအညီ များစွာလိုအပ်ခဲ့ပါတယ်။ ပြည်တွင်းပြည်ပအကူအညီတွေကို ဖိတ်ခေါ်ခဲ့ သလို ထိုင်းနိုင်ငံမှာကျင်းပတဲ့ ဆဋ္ဌမအကြိမ်မြောက် BIMSTEC ထိပ်သီးအစည်းအဝေး တက်ရောက်စဉ်မှာလည်း အစည်းအဝေးတက်ရောက်လာတဲ့ နိုင်ငံခေါင်းဆောင်များနဲ့ တွေ့ဆုံပြီး မြေငလျင်နဲ့ပတ်သက်လို့ အကူအညီတောင်းခံခဲ့ပါတယ်။ ငလျင်ဘေးသင့်ဒေသတွေမှာ အရေးပေါ် ကယ်ဆယ်ရေးလုပ်ငန်းတွေကို အင်တိုက်အားတိုက် ကူညီဆောင်ရွက်ပေးကြတဲ့ ပြည်တွင်းပြည်ပက ကူညီကယ် ဆယ်ရေးအဖွဲ့ဝင်များနဲ့ ငလျင်ဘေးသင့် ပြည်သူတွေအတွက် လိုအပ်တဲ့ ထောက်ပံ့ရေး ပစ္စည်း၊ ကယ်ဆယ်ရေးပစ္စည်းများနဲ့ အလှူငွေများကို ပေးအပ်လှူဒါန်းပေးကြတဲ့ ပြည်ပနိုင်ငံများနဲ့ ပြည်တွင်းက အလှူရှင်များအားလုံးကို အထူးပင် ကျေးဇူးတင်ရှိကြောင်းပြောလိုပါတယ်။
ကျွန်တော်တို့ အစိုးရအနေနဲ့ ငလျင်ဒဏ်ခံဒေသတွေရဲ့ ပြန်လည်တည်ဆောက်ရေးနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို အမြန်ဆုံး ဆောင်ရွက်ပေးသွားပါမယ်။ မိဘပြည်သူများရဲ့ စုပေါင်းအားနဲ့ ဆောင်ရွက်ရင် ပုံမှန်အခြေအနေကို အမြန်ဆုံး ရောက်ရှိနိုင်မယ်လို့ ယုံကြည်ပါတယ်။
နိုင်ငံတော်မှာ စစ်မှန်စည်းကမ်းပြည့်ဝတဲ့ ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စု တည်ဆောက်ရေးကို ကျွန်တော်တို့အစိုးရက ရည်မှန်း ချက်ထား ဆောင်ရွက်လျက်ရှိနေပါတယ်။ ပြည်သူလူထုလိုလားတဲ့ ပါတီစုံဒီမိုကရေစီစနစ်ကို အမြန်ဆုံး ပြန်လည်အကောင်အထည်ဖော်ပေးနိုင်ဖို့အတွက် လာမယ့် ဒီဇင်ဘာလအတွင်းမှာ လွတ်လပ်ပြီး တရားမျှတမှုအပြည့်ရှိတဲ့ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကို ကျင်းပပေးနိုင်ဖို့ ကြိုးပမ်းဆောင်ရွက်လျက်ရှိပါတယ်။ ပါတီစုံဒီမိုကရေစီစနစ်ကို အမှန်တကယ် လိုလားတယ်ဆိုရင် အဓိကဖြစ်တဲ့ ရွေးကောက်ပွဲအောင်အောင်မြင်မြင် ပြီးမြောက်နိုင်ဖို့အတွက် မိဘပြည်သူများအနေနဲ့ ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြဖို့ မေတ္တာရပ်ခံလိုပါတယ်။ ကျွန်တော်တို့ အစိုးရအနေနဲ့ နိုင်ငံတော်နဲ့ နိုင်ငံသားအားလုံးရဲ့ အကျိုးစီးပွားကိုအကောင်းဆုံး ဖော်ဆောင်ပေး နိုင်ဖို့ အစဉ်သဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိနေပါတယ်။
ငလျင်ဘေးဒဏ်သင့်ဒေသများအတွက် ပြန်လည်ထူထောင်ရေး လုပ်ငန်းဖြစ်တဲ့ အစိုးရရုံး ဌာနများ ပြန်လည်တည်ဆောက်ရေး၊ ပြည်သူတွေရဲ့ အိုးအိမ်နဲ့ လမ်းပန်းဆက်သွယ်မှုလုပ်ငန်းများ ပြန်လည် တည်ဆောက်ရေးတို့ကိုလည်း အားသွန်ခွန်စိုက် ဆောင်ရွက်သွားပါမယ်။ နိုင်ငံရဲ့ စီးပွားရေးကိုမြှင့်တင်နိုင်ဖို့အတွက် အဓိကကျတဲ့ စိုက်ပျိုးမွေးမြူရေး အခြေခံကုန်ထုတ်လုပ်ငန်း တွေကို အားစိုက်ခွန်စိုက် တိုးမြှင့်လုပ်ဆောင်ဖို့လိုအပ်ပါတယ်။ အလားတူပဲ MSME လုပ်ငန်း လုပ်ကိုင်နေသူအားလုံးဟာလည်း ရှိတဲ့အနေအထား အတွင်းမှာ ဖြစ်နိုင်သမျှ ကြိုးစားပြီး ကုန်ထုတ် လုပ်မှုများ ပြုလုပ်ကြ စေလိုပါတယ်။
နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးမှာ ပညာရေးကလည်း အရေးကြီးလှပါတယ်။ ဒါကြောင့် လာမယ့် ပညာသင်နှစ်မှာ ကျောင်းနေအရွယ် ကလေးအားလုံး မပျက်မကွက် ပညာသင်ကြားနိုင်ရေးကို အလေး ထားပြီးတော့ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြဖို့ တိုက်တွန်း လိုပါတယ်။
နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ဖို့အတွက် တည်ငြိမ်အေးချမ်းမှု လိုအပ်ပါတယ်။ ဒါကြောင့်လည်း ရေရှည်တည်တံ့ပြီး စစ်မှန်တဲ့ ငြိမ်းချမ်းရေး ရရှိအောင် ကြိုးပမ်း ဖော်ဆောင်နေပါတယ်။ လက်ရှိ ဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေကို အဆုံးသတ်နိုင်ဖို့ ကျွန်တော်တို့ အစိုးရက နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းနဲ့သာ ဖြေရှင်းကြဖို့ ဖိတ်ခေါ်ကမ်းလှမ်းထားပြီးလည်းဖြစ်ပါတယ်။ ပြည်ထောင်စုဖွား တိုင်းရင်းသားညီအစ်ကိုများ ဖြစ်ကြတဲ့အတွက် ပြည်ထောင်စု စိတ်ဓာတ်ကို ရင်ဝယ်ပိုက်ပြီး ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ကြ လိမ့် မယ်လို့လည်း ယုံကြည်ပါတယ်။
နှစ်ဟောင်းမှာ ကျွန်တော်တို့ ကြုံတွေ့ခဲ့တဲ့ ဘေးဒုက္ခတွေ၊ အခက်အခဲတွေ၊ စိန်ခေါ်မှုတွေ ကနေ အားနည်းချက်တွေကို သင်ခန်းစာယူ ဖော်ထုတ်ပြီး နှစ်သစ်မှာ အတွေးသစ်၊ အမြင်သစ်နဲ့ နိုင်ငံတော်က ဆက်လက်လျှောက်လှမ်းမယ့် ပါတီစုံဒီမိုကရေစီ ဖော်ဆောင်မှုမှာ နိုင်ငံသူနိုင်ငံသား များအားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်သွားကြပါစို့လို့ နှစ်သစ်ကူး နှုတ်ခွန်းဆက်စကား ပြောကြား လိုက်ပါတယ်။
အားလုံးကို ကျေးဇူးတင်ပါတယ်ခင်ဗျား