ဘူတန်ဘုရင့်နိုင်ငံမှ ဆေးဘက်ဆိုင်ရာ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ ပျဉ်းမနားမြို့နယ် ညောင်ပင်သာအခြေခံပညာအထက်တန်းကျောင်းနှင့် မဟာဝိသုတာရာမစျေးကုန်းပရိယတ္တိစာသင်တိုက်တို့သို့ ခေတ်မီရေသန့်စင်စက်နှင့် လှူဖွယ်ပစ္စည်းများလှူဒါန်း

Wednesday, April 16, 2025 - 06:00

နေပြည်တော် ဧပြီ ၁၆

ငလျင်ဘေးဒဏ်သင့်ပြည်သူများအား ဆေးဝါးကုသပေးရန်အတွက် ရောက်ရှိနေသည့် ဘူတန်ဘုရင့်နိုင်ငံမှ ဆေးဘက်ဆိုင်ရာ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့သည် ယနေ့နံနက်ပိုင်း တွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် ပျဉ်းမနားမြို့နယ် ညောင်ပင်သာကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် ခေတ်မီ အလိုအလျောက်ရေသန့်စင်စက်နှင့် ရေလီတာ ၂၀၀၀ဆံ့ ရေတိုင်ကီတို့ကို တပ်ဆင်လှူဒါန်းခဲ့ပြီး အဖွဲ့ခေါင်းဆောင် Dasho Tashi Wangyal က ကျောင်းအုပ်ဆရာကြီးနှင့်ဆရာ၊ ဆရာမများအား လှူဒါန်းရခြင်း အကြောင်းရင်း၊ နေပြည်တော်တွင် ငလျင်ဘေးဒဏ်သင့်လူနာ ၃၀၀၀ ကျော်ကို ဆေးဝါး ကုသပေးနိုင်ခဲ့မှုနှင့် သန့်ရှင်းသောသောက်သုံးရေ လိုအပ်လျက်ရှိသည့်နေရာများတွင် ခေတ်မီ ရေသန့်စင်စက် ၄ လုံး တပ်ဆင်လှူဒါန်းပေးမှုအခြေအနေတို့ကို ရှင်းလင်းပြော ကြားသည်။

ထို့နောက် ဘူတန်ဆေးအဖွဲ့သည် ငလျင်ဘေးဒဏ်ကြောင့် ဆိုးရွားစွာထိခိုက်ပျက်စီး ခဲ့ရသည့် ပျဉ်းမနားမြို့ မဟာဝိသုတာရာမစျေးကုန်း ပရိယတ္တိစာသင်တိုက်သို့သွားရောက်၍ ဦးစီးပဓာနနာယကဆရာတော် ဘဒ္ဒန္တ စန္ဒောဘာသထံ အမေရိကန်ဒေါ်လာ ၁၃၀၀၀ ကျော်တန်ဖိုးရှိ ဆွမ်းဆန်တော် ၁၀ အိတ်၊ စားသုံးဆီနှင့် စားသောက်ဖွယ်ရာများ၊ အရေးပေါ် ကယ်ဆယ်ရေး ပစ္စည်းများကို လှူဒါန်းခဲ့သည်။

ယင်းနောက် မွန်းလွဲပိုင်းတွင် ပျဉ်းမနားမြို့ အမှတ် ၁ အခြေခံပညာအထက်တန်း ကျောင်းနှင့် ပျဉ်းမနားမြို့နယ်အတွင်း မြေငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သော အဆောက်အဦးများအား ဖယ်ရှားရှင်းလင်းနေကြသူများထံသွားရောက်၍ စောင်၊ ခြင်ထောင်များ၊ အရေးပေါ်ကာကွယ်ရေးဆိုင်ရာ တစ်ကိုယ်ရည်သုံးပစ္စည်းများနှင့် စားသောက်ဖွယ်ရာများကို ပေးအပ်လှူဒါန်းကြသည်။

အဆိုပါ ဘူတန်နိုင်ငံ ဆေးဘက်ဆိုင်ရာ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့သည် Air Mandalay Holding Co.Ltd.မှ စေတနာ့ဝန်ထမ်းများ၏ ပါဝင်ကူညီမှုဖြင့် ပေါင်းလောင်း အားကစားကွင်း၌ ဖွင့်လှစ်ထားသည့် ယာယီဆေးရုံ(ပေါင်းလောင်း)၌ တပ်မတော်ဆေး ဝန်ထမ်းတပ်ဖွဲ့နှင့် ကျန်းမာရေးဝန်ကြီးဌာနတို့မှ ပါရဂူကြီးများ၊ ဆရာဝန်၊သူနာပြုများနှင့် ပူးပေါင်း၍ ငလျင်ဘေးဒဏ်သင့် ပြည်သူများအား ဧပြီ ၃ ရက်မှ ယနေ့အထိ အကြီးစား နှင့်အသေးစား ခွဲစိန်ကုသမှုများအပါအဝင် ကျန်းမာရေးစစ်ဆေး ပေးခြင်းနှင့် ဆေးဝါးကုသ ပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့သည်။

ထိုသို့ ဆေးဝါးကုသပေးရာ၌ နေ့စဥ်အတွင်းလူနာ ၈၀ ကျော်နှင့် ယနေ့ အထိပြင်ပလူနာပေါင်း ၃၈၅၀ဦးတို့ကို ကျန်းမာရေးစစ်ဆေးပေးခြင်းနှင့် ဆေးဝါးကုသ ခြင်းများ ဆောင်ရွက်ပေးခဲ့ပြီး အကြီးစားနှင့် အသေးစားခွဲစိတ်ကုသမှုပေါင်း ၇၉ ခုကိုလည်း အောင်မြင်စွာဆောင်ရွက်ပေးနိုင်ခဲ့သည်။

အလားတူ ပျဥ်းမနားမြို့ရှိ ခေမာသီဝံကျောင်းတိုက်နှင့် မစိုးရိမ်ကျောင်းတိုက်၊ ဇမ္ဗူသီရိမြို့နယ်ရှိ ဗုဒ္ဓရတနာပရဟိတပညာဒါနကျောင်းတိုက်နှင့် ပျဥ်းမနားမြို့နယ် ညောင်ပင်သာကျေးရွာ အခြေခံပညာအထက်တန်းကျောင်းစသည့် သန့်ရှင်းသော သောက်သုံးရေလိုအပ်လျက်ရှိသောနေရာများတွင် ငွေကျပ် သိန်း ၄၅၀ ခန့်တန်ဖိုးရှိ လျှပ်စစ်ဓာတ်အားမလိုအပ်ဘဲ တစ်နေ့လျှင် ရေလီတာ ၁၀၀၀၀ သန့်စင်ပေးနိုင်သည့် ခေတ်မီ အလိုအလျောက်ရေသန့်စင်စက် တစ်လုံးစီ၊ လီတာ ၂၀၀၀ဆံ့ ရေတိုင်ကီတစ်လုံးစီ၊ အရေးပေါ်ကယ်ဆယ်ရေးဆိုင်ရာ တစ်ကိုယ်ရည်သုံးပစ္စည်းများနှင့် လှူဖွယ်ပစ္စည်းများကို လှူဒါန်းခဲ့သည်။

ဘူတန်နိုင်ငံမှ ဆေးဘက်ဆိုင်ရာ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့သည် ယနေ့ ညနေပိုင်းတွင် စခန်းပိတ်သိမ်းခဲ့ပြီး ဧပြီ ၁၇ ရက်တွင် ဘူတန်ဘုရင့်နိုင်ငံသို့ ပြန်လည် ထွက်ခွာမည်ဖြစ်သည်။