မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် လမ်းတံတား၊ အဆောက်အဦများ ထိခိုက်ပျက်စီးခဲ့ရသည့် နေရာများ၌ ကူညီကယ်ဆယ်ရေးလုပ်ငန်း များကို တိုင်းစစ်ဌာနချုပ်အသီးသီးမှ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြည်ပနိုင်ငံများမှ ကူညီကယ်ဆယ်ရေးအဖွဲ့များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ လူမှုကူညီရေးအသင်း/အဖွဲ့များနှင့် ဒေသခံပြည်သူများပူးပေါင်း၍ အချိန် နှင့်တပြေးညီ ကူညီဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံနှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့၊ အသင်္ခယာရိပ်သာ ရှင်းလင်းဆောင်တွင် စစ်ကိုင်းမြို့ ရေပေးဝေဖြန့်ဖြူးပေးနိုင်မှုအခြေအနေနှင့် လျှပ်စစ် ဓာတ်အား ဖြန့်ခွဲပေးနိုင်မှုအခြေအနေများကို တာဝန်ရှိသူများမှ ရှင်းလင်းတင်ပြမှုများ အပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ဆက်လက်၍ ဒုတိယဗိုလ်ချုပ်ကြီးနှင့် တာဝန်ရှိသူများသည်၊ စစ်ကိုင်းမြို့၊ ပိုးတန်း ရပ်ကွက်၊ တကောင်းရပ်ကွက်နှင့် ပတ္တမြားရပ်ကွက်တို့ရှိ မြို့ရေပေးဝေရေးစက်ရုံများနှင့် မြစ်ရေတင်စက်တို့အားလည်းကောင်း၊ မင်းလမ်းရပ်ကွက်၊ ဇေယျာရပ်ကွက်၊ ပတ္တမြား ရပ်ကွက်တို့ရှိ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းများအားလည်းကောင်း သွားရောက် ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များအား တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင် ရွက်ပေးသည်။
အလားတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မျိုးသန့်နိုင် သည် တာဝန်ရှိ သူများလိုက်ပါလျက် ကျောက်ဆည်မြို့ နည်းပညာတက္ကသိုလ် အဝင်ပေါက်ဝအနားရှိ ပြိုကျပျက်စီးနေသော အန္တရာယ်ရှိ (၃)ထပ်တိုက်အဆောက်အဦ အား ဖြိုချရှင်းလင်းဆောင်ရွက်မည့် အစီအမံများလုပ်ဆောင်နေမှုအပေါ် သွားရောက် ကြည့်ရှုခဲ့ပြီး တာဝန်ရှိသူများအား လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေး သည်။
ထို့နောက် ရွှေသာလျောင်းတောင်ပေါ်ရှိ ကျောက်သေတ္တာစေတီ အခြေအနေအား ဒရုန်းဖြင့် ပတ်ပတ်လည် ရိုက်ကူးကြည့်ရှု၍ အသေးစိတ် အခြေအနေများအား မှတ်တမ်း တင်ခဲ့ပြီး ကျောက်သေတ္တာကြီး ကြံ့ခိုင်တည်မြဲစေရေးအတွက် ဆောင်ရွက်သင့်သည့် နည်းပညာအစီအမံများ၊ လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များအား တာဝန်ရှိသူများ၊ ဂေါပက အဖွဲ့ဝင်များ၊ မြို့မိမြို့ဖများနှင့် ညှိနှိုင်းဆွေးနွေးခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။