မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ်မှ ၁၃၈၇ ခုနှစ်သို့ ကူးပြောင်းမည့် နှစ်သစ် အခါ သမယတွင် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို မြန်မာမှု၊ မြန်မာ့ဟန်၊ မြန်မာ့ရိုးရာ ယဉ်ကျေးမှုအစဉ်အလာများနှင့်အညီ ယဉ်ကျေးသိမ်မွေ့ပြီး အေးချမ်းသာယာသည့် နှစ်သစ်ကူးအတာသင်္ကြန်အဖြစ်ကျင်းပ၍ နှစ်သစ်အတာကူးကြသည်။
ယနေ့တွင်ကျရောက်သည့် မြန်မာ့ရိုးရာ မဟာသင်္ကြန်အတက်နေ့တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ မြန်မာ့ရိုးရာအတာ သင်္ကြန်အတက်နေ့ကို မြန်မာ့ရိုးရာအစဉ်အလာများနှင့်အညီ ကျင်းပပြုလုပ်ခဲ့ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဝန်ကြီးချုပ်များ၊ တိုင်းစစ်ဌာနချုပ်များအလိုက် တိုင်းမှူးများနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဒေသခံပြည်သူများ ပါဝင်ဆင်နွှဲခဲ့ကြသည်။
အလားတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)ဝန်းအတွင်းရှိ အတာ သင်္ကြန်မဏ္ဍပ်များ၌ မြန်မာ့ရိုးရာအစဉ်အလာနှင့်အညီ ကျင်းပပြုလုပ်ရာ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ အရာရှိ၊ စစ်သည် မိသားစုများ တက်ရောက်၍ မြန်မာ့ရိုးရာယဉ်ကျေးမှု အစဉ်အလာများနှင့်အညီ သပြေခက်များဖြင့် အတာသင်္ကြန် ရေကိုပက်ဖြန်းပေးပြီး မြန်မာ့ရိုးရာအတာသင်္ကြန်ကို ပါဝင်ဆင်နွှဲကြ သည်။
ထိုသို့ မြန်မာ့ရိုးရာ နှစ်သစ်ကူး အတာသင်္ကြန်ကျင်းပချိန်တွင် ပါဝင်ဆင်နွှဲ ကြသူများကို မြန်မာ့ရိုးရာအတာသင်္ကြန် စတုဒီသာများဖြင့် ဧည့်ခံကျွေးမွေးခြင်း၊ သနပ်ခါးသင်္ကြန်ဆင်နွှဲခြင်း၊ မြန်မာ့ရိုးရာအစဉ်အလာနှင့်အညီ သက်ကြီးဘိုးဘွား များအား ကုသိုလ်ပြုပူဇော်ကန်တော့ကြခြင်း၊ အန္တရာယ်ကင်းပရိတ်တရားရွတ်ဖတ် ခြင်း၊ သံဃာတော်များအား အာရုဏ်ဆွမ်း၊ နေ့ဆွမ်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ် ခြင်း၊ ဆွမ်းဆန်စိမ်းလောင်းလှူခြင်း စသည့်တို့ကို ပြုလုပ်၍ နှစ်ဦးကုသိုလ်ယူခဲ့ကြ ကြောင်း သတင်းရရှိသည်။