မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် လမ်းတံတား၊ အဆောက်အဦများ ထိခိုက်ပျက်စီးခဲ့ရသည့် နေရာများ၌ ကူညီကယ်ဆယ်ရေးလုပ်ငန်း များကို တိုင်းစစ်ဌာနချုပ်အသီးသီးမှ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြည်ပနိုင်ငံများမှ ကူညီကယ်ဆယ်ရေးအဖွဲ့များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ လူမှုကူညီရေးအသင်း/အဖွဲ့များနှင့် ဒေသခံပြည်သူများပူးပေါင်း၍ အချိန် နှင့်တပြေးညီ ကူညီဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံနှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့ နန်းဦးမြို့သစ်နှင့် တကောင်းရပ်ကွက်တို့ရှိ ငလျင်ဒဏ်သင့်ပြည်သူများ စောင့်ရှောက်ရေးစခန်းတို့မှ ပြည်သူများအား ထောက်ပံ့ပစ္စည်းများ ပေးဝေနေမှုတို့ကို လည်းကောင်း၊ စစ်ကိုင်း ပညာရေးဒီဂရီကောလိပ်၊ ဇိနောဒယပရိယတ္တိ စာသင်တိုက်၊ စိန်မြင့်မိုရ်ကျောင်းတိုက်နှင့် ဇနကာရာမကျောင်းတိုက်တို့၌ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သည့် အဆောက်အဦ များအား စက်ယန္တယားများဖြင့် ကူညီ ဖယ်ရှားရှင်းလင်းနေတို့ကို လည်းကောင်း သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
အလားတူ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ဒုတိယဗိုလ်ချုပ်ကြီး မျိုးသန့်နိုင်နှင့် တာဝန်ရှိသူများသည် ကျောက်ဆည်မြို့ ရန်ကုန်-မန္တလေးလမ်းပေါ်ရှိ ပြိုကျပျက်စီး အန္တရာယ်ရှိ အဆောက်အဦများအား ပရဟိတအဖွဲ့များက ရှင်းလင်းဆောင်ရွက်နေမှုများ ကိုလည်းကောင်း၊ ကျောက်ဆည်မြို့၊ ရေပေးဝေရေးစခန်းမှရေပေးဝေလျက်ရှိသည့် ရေစုကန်၊ ရေစစ်ကန်များသည် ငလျင်ဒဏ်ကြောင့် အက်ကွဲသွားခဲ့ပြီး ယခုအခါ ပြန်လည် ပြုပြင်ပြီးဖြစ်၍ ရေပေးဝေရေးစခန်းမှ ကျောက်ဆည်မြို့အတွင်းသို့ ရေများပြန်လည် ဖြန့်ဖြူးပေးဝေနေမှု အခြေအနေများကိုလည်းကောင်း သွားရောက်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးသည်။
ဆက်လက်၍ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ဒုတိယဗိုလ်ချုပ်ကြီး မျိုးသန့်နိုင်နှင့် တာဝန်ရှိသူများသည် ကျောက်ဆည်မြို့၊ စုကြီးရပ်ကွက်၊ ဝေဘူလမ်းပေါ်ရှိ မင်းကုန်း မဟာစာသင်တိုက်မှ ကျောင်းဆောင်များ ပြိုကျပျက်စီးနေမှုအား သွားရောက် ကြည့်ရှုပြီး မင်းကုန်းမဟာကျောင်းဆရာတော်အားဖူးမြော်ကာ ပြန်လည်ပြုပြင်မည့် အစီအမံများ အား တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကာ အလှူငွေများနှင့် လှူဖွယ် ပစ္စည်းများ ဆပ်ကပ်လှူဒါန်းသည်။
ထို့နောက် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ဒုတိယဗိုလ်ချုပ်ကြီး မျိုးသန့်နိုင်နှင့် တာဝန်ရှိသူများသည် ကျောက်ဆည်မြို့၊ ကြက်မင်းတွန်ဓာတ်အားခွဲစက်ရုံမှ လျှပ်စစ်မီး ဖြန့်ဖြူးပေးနေမှုအခြေအနေများကို သွားရောက်ကြည့်ရှုပြီး ခရိုင်လျှပ်စစ်မန်နေဂျာ က ငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများကိုပြုပြင်ပြီး ကျောက်ဆည်မြို့အတွင်း လျှပ်စစ် ဓာတ်အားများ ပြန်လည်ဖြန့်ဖြူးပေးနေမှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့မှုပေါ် လိုအပ် သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။