ဘူတန်ဘုရင့်နိုင်ငံမှ ဆေးဘက်ဆိုင်ရာအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့က ယာယီ ဆေးရုံ(ပေါင်းလောင်း)တွင် ပူးပေါင်းပါဝင်ကုသပေးလျက်ရှိ ၊ နေပြည်တော်ရှိ ဘုန်းတော်ကြီးကျောင်းများသို့လည်း ခေတ်မီအလိုအလျောက်ရေသန့်စင် စက်များနှင့် ကယ်ဆယ်ရေးပစ္စည်းများလှူဒါန်း နေပြည်တော် ဧပြီ ၁၁

Sunday, April 20, 2025 - 18:45

ဘူတန်ဘုရင့်နိုင်ငံမှ ဆေးဘက်ဆိုင်ရာအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့က ယာယီ ဆေးရုံ(ပေါင်းလောင်း)တွင် ပူးပေါင်းပါဝင်ကုသပေးလျက်ရှိ ၊ နေပြည်တော်ရှိ ဘုန်းတော်ကြီးကျောင်းများသို့လည်း ခေတ်မီအလိုအလျောက်ရေသန့်စင် စက်များနှင့် ကယ်ဆယ်ရေးပစ္စည်းများလှူဒါန်း

နေပြည်တော် ဧပြီ ၁၁

          မြန်မာနိုင်ငံမှ ငလျင်ဘေးဒဏ်သင့်ပြည်သူများအား ဆေးဝါးကုသပေးရန် အတွက် ဘူတန်ဘုရင့်နိုင်ငံ ဘုရင်မင်းမြတ်ကစေလွှတ်လိုက်သော ဘူတန်နိုင်ငံ ဆေးဘက်ဆိုင်ရာ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့သည် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပျဉ်းမနားမြို့ ပေါင်းလောင်းအားကစားကွင်း၌ ဖွင့်လှစ်ထားသည့် ယာယီဆေးရုံ (ပေါင်းလောင်း)၌ ဧပြီ ၃ ရက်မှစတင်၍ တပ်မတော် ဆေးဝန်ထမ်း တပ်ဖွဲ့နှင့် ကျန်းမာရေးဝန်ကြီးဌာနတို့မှ ပါရဂူကြီးများ ၊ ဆရာဝန် ၊ သူနာပြုများနှင့် ပူးပေါင်း၍ ငလျင်ဘေးဒဏ်သင့်ပြည်သူများအား ဆေးဝါကုသ ပေးလျက်ရှိသည်။

          အဆိုပါဘူတန်နိုင်ငံ ဆေးဘက်ဆိုင်ရာအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့တွင် ဦးနှောက်နှင့်အာရုံကြောကုသမှုဆိုင်ရာ ပါရဂူ၊ အရိုးအကြောဆိုင်ရာ ပါရဂူ၊ မေ့ဆေး ပါရဂူ၊ ခွဲစိတ်ကုသမှု ပါရဂူ၊ အရေးပေါ်ကုသမှုဆိုင်ရာ ပါရဂူတို့အပါ အဝင် အဖွဲ့ဝင် ၈၇ ဦးပါဝင်ပြီး မြေစိုက်အရေးပေါ်ခွဲစိတ်ခန်း နှစ်ခန်းတည် ဆောက်ကာ နေစဉ်အကြီးစားနှင့်အသေးစားခွဲစိတ်မှုလုပ်ငန်းများကို ဆောင်ရွက် ပေးလျက်ရှိသည်။

          ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် နေပြည်တော် ဇမ္ဗူသီရိမြို့ နယ်၊ ဉာဏသိဒ္ဓိရပ်ကွက်ရှိ ဗုဒ္ဓရတနာ ပရဟိတပညာဒါနကျောင်းတိုက်ရှိ ကျောင်းသား၊ ကျောင်းသူ ၁၈၀ ဦး၊ ယာယီနေရပ်စွန့်ခွာနေရသူများနှင့် ငလျင် ဒဏ်သင့် အိမ်ထောင်စု ၆၉ စုမှ မိသားစုဝင် ၁၀၀ ကျော် တို့အား ကျန်းမာရေး စစ်ဆေး၍ ဆေးဝါးကုသပေးကြသည်။ ထို့ပြင် ဆေးဘက်ဆိုင်ရာအဖွဲ့သည် အဆိုပါကျောင်းတိုက်၌ ခေတ်မီရေသန့်စင်စက်နှင့် လီတာ ၂၀၀၀ ဆံ့ ရေတိုင်ကီ တစ်လုံးတို့ကို တပ်ဆင်လှူဒါန်းခဲ့ပြီး ကျောင်းတိုက်ရှိ ကျောင်းသား၊ ကျောင်းသူ များတွက် ကလေးအသုံးအဆောင်ပစ္စည်း ၂၄၀ ထုတ်နှင့် အားကစား ပစ္စည်းများ ကို လှူဒါန်းရာ ကျောင်းတိုက်ပဓာနနာယကဆရာတော် ဘဒ္ဒန္တပညာဒီပက ဉာဏ်တော် ၁၈ လက်မရှိ ကျွန်းနက် ဗုဒ္ဓရုပ်ပွားတော်မြတ်ကို ဘူတန်နိုင်ငံ ဘုရင်မင်းမြတ်အတွက် အမှတ်တရလက်ဆောင်အဖြစ် ပြန်လည်ချီးမြှင့်ခဲ့သည်။

          ၎င်းအပြင် ဘူတန်နိုင်ငံ ဆေးဘက်ဆိုင်ရာ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ သည် ပျဉ်းမနားမြို့ရှိ ခေမာသီဝံပရိယတ္တိစာသင်တိုက်နှင့် မစိုးရိမ်ကျောင်းတိုက် တို့၌ ငွေကျပ်သိန်း ၄၅၀ တန်ဖိုးရှိ လျှပ်စစ်ဓာတ်အားမလိုအပ်ဘဲ တစ်နေ့လျှင် ရေလီတာ ၁၀၀၀၀ သန့်စင်ပေးနိုင်သည့် အလိုအလျောက်ရေသန့်စင်စက်နှင့် လီတာ ၂၀၀၀ ဆံ့ရေတိုင်ကီတစ်လုံးစီတို့ကို တပ်ဆင်လှူဒါန်းပေးခဲ့ပြီး အရေး ပေါ်ကယ်ဆယ်ရေးဆိုင်ရာ တစ်ကိုယ်ရည်သုံးပစ္စည်း အစုံ ၁၀၀ စီနှင့် ဆန်၊ စားသုံးဆီ ၊ သကြားစသည့် လှူဖွယ်ပစ္စည်းများကိုလည်း လှူဒါန်းခဲ့ကြသည်။

          အလားတူ တပ်မတော်ဆေးဝန်ထမ်းတပ်ဖွဲ့မှ ရွေ့လျားခွဲစိတ်ယာဉ်၊ ရွေ့လျား ဓာတ်မှန်ယာဉ် ၊ ရွေ့လျားဓာတ်ခွဲယာဉ်တို့ဖြင့် ငလျင်ဘေးဒဏ်သင့် ပြည်သူများအား အခမဲ့ဆေးဝါးကုသပေးလျက်ရှိရာ ယနေ့ထိ ခွဲစိတ်လူနာ ၆၆ ဦး ကိုအောင်မြင်စွာခွဲစိတ်ကုသပေးနိုင်ခဲ့ပြီး နေ့စဉ်အတွင်းလူနာ ၆၀ ဦးခန့်၊ ယနေ့ ထိပြင်ပလူနာ ၂၆၀၀ ကျော်တို့ကို ကျန်းမာရေးစစ်ဆေးခြင်းနှင့် ဆေးဝါးကုသ ခြင်းများ ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သတင်းရရှိသည်။