ရာသီဥတုဆိုးရွားမှုကြောင့် ဈေးကုန်းဆရာတော်ဘုရားကြီးနှင့် အလှူရှင်များ လိုက်ပါလာသည့် တပ်မတော်လေယာဉ် အနီးစခန်းလေဆိပ်သို့ ဆင်းသက်စဉ် ပျက်ကျ
နေပြည်တော်၊ ဇွန် - ၁၀
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ်၊ သုံးတောင်ကျေးရွာအုပ်စု၊ ကျောက်ဖျာဒိုးကျေးရွာတွင် ဆောက်လုပ်မည့် မဟာဝိသုတာရာမဈေးကုန်း ပရိယတ္တိ စာသင်တိုက်ကြီး ပန္နက်တော်တင်မင်္ဂလာအခမ်းအနား ကျင်းပပြုလုပ်ရန် အတွက် ဈေးကုန်းဆရာတော် ဒေါက်တာဘဒ္ဒန္တကဝိသာရ အပါအဝင် သံဃာနှင့် အလှူရှင် ၈ ဦးနှင့်အတူ လေယာဉ်အမှုထမ်း ၆ ဦး လိုက်ပါလာသည့် တပ်မတော်လေယာဉ်သည် ယနေ့နံနက် ၇ နာရီခန့်တွင် နေပြည်တော်လေဆိပ်မှ အနီးစခန်းလေဆိပ် (ပြင်ဦးလွင်)သို့ ထွက်ခွာလာရာ ၈ နာရီခန့်တွင် အနီးစခန်းလေဆိပ်သို့ ဆင်းသက်စဉ် လေဆိပ်အနီး ပြင်ဦးလွင် သံမဏိစက်ရုံ၏ အရှေ့တောင်ဘက် မီတာ ၄၀၀ ခန့်အကွာ ခန့်မှန်းမြေပုံညွှန်း(ကေအီး-၃၃၄၃၃၂) အရောက်တွင် ဆက်သွယ်မှု ပြတ်တောက် ပျက်ကျခဲ့သည်။
အဆိုပါဖြစ်စဉ်တွင် နိုင်ငံတော်ဩဝါဒါစရိယ၊ နေပြည်တော်၊ ပျဉ်းမနားမြို့၊ မဟာ ဝိသုတာရာမဈေးကုန်းပရိယတ္တိစာသင်တိုက်ကြီး၏ ဦးစီးပဓာနနာယက ဖြစ်တော်မူသော သက်တော် ၉၅ နှစ်၊ သိက္ခာတော် ၇၅ ဝါရှိ အဘိဓဇမဟာရဋ္ဌဂုရု ဒေါက်တာ ဘဒ္ဒန္တ ကဝိသာရ မဟာထေရ် ဆရာတော်ကြီးသည် ၁၃၈၃ ခုနှစ်၊ နယုန်လဆန်း ၁ ရက် (၂၀၂၁ ခုနှစ်၊ ဇွန်လ ၁၀ ရက်)၊ ကြာသပတေးနေ့ နံနက် ၈ နာရီခန့်တွင် ဘ၀နတ်ထံပျံလွန်တော် မူခဲ့ပါကြောင်းနှင့် ကြွင်းကျန်ရစ်သော ဥတုဇရုပ်ကလပ်တော် အန္တိမအဂ္ဂိဈာပနကို ဇွန်လ ၁၄ ရက်(တနင်္လာနေ့)တွင် ကျင်းပမည်ဖြစ်ပါကြောင်း သတင်းရရှိသည်။