နိုင်ငံတော်အစိုးရအနေဖြင့် နယ်စပ်ဒေသများတွင် ဖြစ်ပေါ်လျက်ရှိသည့် အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ အပါအဝင် ဒုစရိုက်မှုများကို ထိထိရောက်ရောက် နှိမ်နင်းဆောင်ရွက်လျက်ရှိရာ မြဝတီမြို့- ရွှေကုက္ကိုလ် KK Park နယ်မြေသို့ တရားမဝင် လမ်းကြောင်းမှတစ်ဆင့် ဝင်ရောက်နေသည့် အီသီယိုးပီးယား နိုင်ငံသား တစ်ဦးကို ယနေ့တွင် ထပ်မံစစ်ဆေး ဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့သည်။
ထိုသို့ စစ်ဆေးဆောင်ရွက်လျက်ရှိရာ ကရင်ပြည်နယ် လူမှုရေးရာဝန်ကြီး ဦးစောထွန်းအောင်နှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် ပြည်နှင်လွှဲပြောင်း ပေးမည့် ပြည်ပနိုင်ငံသားများကို ကောင်းမွန်စွာ ထိန်းသိမ်းထားရှိမှုနှင့် ထပ်မံစစ်ဆေး ထိန်းသိမ်းခဲ့သည့် ပြည်ပနိုင်ငံသား၏ ကိုယ်ရေးအချက်အလက်များနှင့် မှတ်တမ်းများ စာရင်းကောက်ယူနေမှုတို့ကို လိုက်လံကြည့်ရှု စစ်ဆေးပြီး ဌာနဆိုင်ရာများအား လိုအပ်သည်များ ဖြည့်စွက်မှာကြားသည်။
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်မှ ဧပြီလ ၉ ရက်အထိ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား စုစုပေါင်း ၈၇၄၀ ဦးကို စစ်ဆေး ဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ကာ ၎င်းတို့အနက်မှ ၇၂၃၁ ဦးကို ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ ပြည်နှင် လွှဲပြောင်းပေးခဲ့ပြီး ကျန်ရှိသည့် ပြည်ပနိုင်ငံသား ၁၅၀၉ ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်း နှင့် ၎င်းတို့ကို ကောင်းမွန်စွာထိန်းသိမ်း စောင့်ရှောက်ထားရှိသည်။
နိုင်ငံတော်မှ ယနေ့အထိ စစ်ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့သည့် ပြည်ပနိုင်ငံသား ၈၇၄၀ ဦးသည် တရုတ်၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ မလေးရှား၊ ပါကစ္စတန်၊ အိန္ဒိယ၊ ယူဂန္ဓာ၊ အီသီယိုးပီးယား၊ နီပေါ၊ ထိုင်း၊ ရဝမ်ဒါ၊ ကင်ညာ၊ ကာဇက်စတန်၊ ကမ္ဘောဒီယား၊ ဂါနာ၊ ဘင်္ဂလားဒေ့ရှ်၊ ဂျပန်၊ သီရိလင်္ကာ၊ တောင်အာဖရိက၊ တူနီးရှား၊ အယ်ဂျီးရီးယား၊ ကွန်ဂို၊ ကင်မရွန်း၊ ဥဇဘတ်ကစ္စတန်၊ နိုင်ဂျီးရီးယား၊ ကာဂျစ္စတန်၊ နမီးဘီးယား၊ မာဒါဂတ်စကား၊ ရိုမေးနီးယား၊ လိုက်ဘေးရီးယား၊ ရှရှား၊ ဖိလစ်ပိုင်နှင့် တရုတ်(တိုင်ပေ)တို့မှနိုင်ငံသားများ ဖြစ်ကြပြီးအများစုမှာတရုတ်နိုင်ငံသားများ ဖြစ်ကြကြောင်း သတင်းရရှိသည်။