နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ငလျင်ဒဏ်ကြောင့်ထိခိုက်ပျက်စီးခဲ့ရသည့် နေပြည်တော်ပြည်သူ့ဆေးရုံကြီး(ခုတင်-၃၀၀)ရှိ ဆေးကုသဆောင်များအား သွားရောက်ကြည့်ရှုစစ်ဆေး နေပြည်တော်၊ ဧပြီ - ၈
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် အဖွဲ့ဝင် များလိုက်ပါ၍ ယနေ့ညနေပိုင်းတွင် နေပြည်တော်ပြည်သူ့ဆေးရုံကြီး(ခုတင်-၃၀၀)ရှိ ဆေးကုသဆောင်များနှင့်ဝန်ထမ်းအိမ်ရာများ၌ မန္တလေးငလျင်ကြီးလှုပ်ခတ်မှုဖြစ်ပွားစဉ် ထိခိုက်ပျက်စီးခဲ့ရမှုများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ထိုသို့ကြည့်ရှုစစ်ဆေးရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ဆေးရုံကြီးအတွင်းရှိ ဆေးကုသဆောင်များ၊ အထူး ကြပ်မတ်ကုသဆောင်များ၊ ဝန်ထမ်းအိမ်ရာများ၊ ခွဲစိတ်ကုသဆောင်များ အား လှည့်လည် ကြည့်ရှု၍ ငလျင်ဒဏ်ကြောင့် အဆောက်အဦထိခိုက်ပျက်စီးခဲ့မှုများကို ကြည့်ရှုစစ်ဆေးရာ ကျန်းမာရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက လိုက်လံရှင်းလင်း တင်ပြကြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က ထိခိုက်ပျက်စီးခဲ့မှုများအား ဆောက်လုပ်ရေးပညာရှင်များဖြင့် စနစ်တကျ စစ်ဆေး၍ ပြုပြင်၍ရနိုင်သည့်အဆောက်အဦများကို ပြန်လည်ပြုပြင်ခြင်း၊ ပြုပြင်၍ မရနိုင်သည့် အန္တရာယ်ရှိအဆောက်အဦများကို ဖြိုချဖျက်ဆီး၍ အသစ်ပြန်လည် တည်ဆောက်ခြင်းတို့ကို ဆောင်ရွက်သွားရန်လိုကြောင်း၊ အဆောက်အဦများဆောက်လုပ် ရာတွင် အဆောက်အဦတည်ဆောက်မှုတာဝန်ခံအင်ဂျင်နီယာများ၊ ပြန်လည်ပြုပြင် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ရေ/မီး ပိုင်းဆိုင်ရာတာဝန်ခံများ အနေဖြင့်အချင်းချင်းပေါင်းစပ်ညှိနှိုင်း၍ စနစ်တကျတည်ဆောက် သွားရန်လိုအပ်မည် ဖြစ်ပြီး ဖြစ်ပေါ်လာနိုင်မည့် သဘာဝဘေးဒဏ်ခံနိုင်ရေးအတွက်လည်း ထည့်သွင်း တွက်ချက်ဆောက်လုပ်သွားရန်လိုအပ်မည်ဖြစ်ကြောင်း၊ ယခုဖြစ်ပေါ်ခဲ့သည့် ငလျင်ဘေး ဒဏ်တွင်ပြိုကျပျက်စီးခဲ့သည့် အဆောက်အဦများကို စိစစ်ခဲ့မှုများအရ ဆောက်လုပ်ရေး ပိုင်းဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် သတ်မှတ်ထားသည့် စံချိန်စံညွှန်းများအတိုင်း ဆောက်လုပ်ခဲ့ ခြင်းမရှိသဖြင့် ယခုကဲ့သို့ ပေးဆပ်မှုတန်ဖိုးများကြီးမားခဲ့ရခြင်းဖြစ်သည်ကို သင်ခန်းစာဖော်ထုတ်ရရှိခဲ့ရကြောင်း၊ ထို့နောက်အဆောက်အဦများ တည်ဆောက်ရာတွင် တာဝန်ရှိ သူများအနေဖြင့် စနစ်တကျဖြင့် ကြပ်မတ်ဆောင်ရွက်သွားရန် လိုအပ်မည် ဖြစ်ကြောင်းနှင့် အခြားလိုအပ်သည်များကိုမှာကြားခဲ့သည်။
အဆိုပါ နေပြည်တော်ပြည်သူ့ဆေးရုံကြီး(ခုတင်-၃၀၀)ရှိ ဆေးကုသဆောင်များ၌ ငလျင်ဒဏ်ကြောင့် အဆောက်အဦများ ထိခိုက်ပျက်စီးမှုများ များပြားခဲ့သဖြင့် ဆေးရုံကို ဇေယျာသီရိမြို့နယ် ခုတင်(၅၀)ဆံ့ပြည်သူ့ဆေးရုံသို့ ယာယီပြောင်းရွှေ့ဖွင့်လှစ်၍ ဆေးဝါးကုသမှုများကို ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။