၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီး ကြောင့် လမ်းတံတား၊ အဆောက်အဦများ ထိခိုက်ပျက်စီးခဲ့ရသည့် နေရာများ၌ ကူညီ ကယ်ဆယ်ရေးလုပ်ငန်းများကို တိုင်းစစ်ဌာနချုပ်အသီးသီးမှ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြည်ပနိုင်ငံများမှ ကူညီကယ်ဆယ် ရေးအဖွဲ့များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုကူညီရေးအသင်း/အဖွဲ့များနှင့် ဒေသခံ ပြည်သူများပူးပေါင်း၍ အချိန်နှင့် တပြေးညီကူညီဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီး သက်ပုံနှင့် တာဝန်ရှိသူများသည် ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သည့် စစ်ကိုင်းမြို့၊ တကောင်းရပ်ကွက်ရှိ မဟာစေတီကြီးဘုရားနှင့် အရန်စေတီတော်များ၊ သာသနိက အဆောက်အဦများ၌ တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် များ ပူးပေါင်း၍ အပျက်အစီးများ စုပေါင်းရှင်းလင်းဖယ်ရှားနေမှုများအား ကြည့်ရှု၌ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးပြီး စေတီတော်ကြီး၏ ဩဝါဒစရိယ ဆရာတော်များ၊ ဂေါပက အဖွဲ့ဝင်များနှင့် တွေ့ဆုံကာ ပြိုကျပျက်စီးခဲ့သည့် စေတီတော်ကြီးနှင့် အရန်စေတီတော် များ၊ သာသနိကအဆောက်အဦများအား ပြန်လည်ဖယ်ရှားရှင်းလင်းရေးတို့နှင့် ပတ်သက်၍ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက်ပေးသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ဒုတိယဗိုလ်ချုပ်ကြီးနှင့် တာဝန်ရှိသူ များသည် ငလျင်လှုပ်ခတ်မှုကြောင့် ဧရာဝတီမြစ်ကူးတံတား(ရတနာပုံ)တံတားကြီးအား ကြံ့ခိုင်မှုများ စစ်ဆေးနေစဉ်ကာလအတွင်း ဖြတ်သန်းသွားလာမှုအဆင်ပြေစေရန် ဆောင်ရွက်ပြီးစီးမှုများ၊ စစ်ကိုင်းမြို့ သစ်ဆိပ်မြစ်ကမ်းမှ မန္တလေးမြို့၊ ရွှေကြက်ကျ မြစ်ကမ်းသို့ ဇက်ကူတို့ဖြင့် ဖြတ်သန်းမှုများ၊ ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီး ခဲ့သည့် စစ်ကိုင်းမြို့၊ တကောင်းရပ်ကွက်ရှိ သစ္စာစေတီ၊ ပန်းပဲတန်းရပ်ကွက်ရှိ ရတနာဆင်များရှင်စေတီ၊ ပိုးတန်းရပ်ကွက်ရှိ ထူပါရုံစေတီများနှင့် သာသနိက အဆောက်အဦများ၊ အရန်စေတီများ၊ စစ်ကိုင်းခရိုင် မီးသတ်ဦးစီးဌာနရုံး၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းနှင့် စစ်ကိုင်းမြို့ပေါ်ရှိ လူနေအိမ်တိုက်တာများအား ပြန်လည်ရှင်းလင်းဖယ်ရှားနေမှုများကို လည်းကောင်း၊ စစ်ကိုင်းမြို့ပေါ်ရှိ ငလျင်ဘေး ဒဏ်သင့်ပြည်သူများ သောက်သုံးရေအဆင်ပြေစေရန်အတွက် မြန်မာ နိုင်ငံကြက်ခြေနီ အသင်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတက်ရေးဦးစီးဌာနရုံးတို့မှ ဧရာဝတီ မြစ်ရေကို သန့်စင်၍ သောက်သုံးရေဖြန့်ဝေပေးနေမှုများကိုလည်းကောင်း ကြည့်ရှု၍ လိုအပ်သည် များ ညှိနှိုင်းဆောင်ရွက်ပေးသည်။
အလားတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မျိုးမိုးအောင် နှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက မိတ္ထီလာမြို့ နယ်မြေခံတပ်မတော် ဆေးရုံသို့ သွားရောက်၍ ငလျင်ဒဏ်ကြောင့် ထိခိုက်ဒဏ်ရာ ရရှိသူများအား သွားရောက် ကြည့်ရှုအားပေးစကားပြောကြားပြီး ထောက်ပံ့ပစ္စည်းများ ပေးအပ်သည်။ ထို့နောက် ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သော နှစ်ထပ်လူနာဆောင်အား ကြည့်ရှု၍ အပျက်အစီးများ ရှင်းလင်းပြီး အမြန်ဆုံးပြုပြင်ဆောင်ရွက်နိုင်ရေး လိုအပ် သည်များ ညိနှိုင်းဆောင်ရွက်ပေးသည်။ ယင်းနောက် ငလျင်ဒဏ်ကြောင့် ကန်ဘောင်မြေ နိမ့်ကျနေသည့် မိတ္ထီလာကန်ဘောင်၌ ပြုပြင်ဆောင်ရွက်နေမှုများအား သွားရောက် ကြည့်ရှုပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။
အလားတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မျိုးသန့်နိုင် နှင့် တာဝန်ရှိသူများသည် ကျောက်ဆည်မြို့၊ အားကစားကွင်း၌ လာအိုနိုင်ငံမှ ဆေးအကူ အညီပေးရေးအဖွဲ့၏ ဆေးကုသပေးနေမှုများကို လည်းကောင်း၊ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သော ကျောက်ဆည်မြို့ နည်းပညာတက္ကသိုလ်၊ Bright Kids မူကြိုကျောင်း၊ ရွှေမူဌော ဘုရား၊ ကျောက်ဆည်တက္ကသိုလ်နှင့် ကျောက်ဆည်မြို့တွင်းရှိ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးသွားသည့် အဆောက်အအုံများတွင် အပျက်အစီးများ ရှင်းလင်းဖယ်ရှားပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများကို လည်းကောင်း သွားရောက်ကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။
အလားတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး စိုးတင့်နိုင်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်ကိုထိုက်နှင့် တာဝန် ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် ငလျင်ဒဏ်သင့်၍ ပြိုကျပျက်စီးခဲ့သော မန္တလေးမြို့ နန်းမြို့ရိုး ပတ်လည်၊ နန်းမြို့ရိုး အတွင်းရှိ ဗဟိုစင်နှင့် စွယ်တော်စင် နေရာ၊ Sky Villa ၊ မန္တလေးတက္ကသိုလ်၊ ဂရိတ်ဝေါဟိုတယ်၊ ဦးလှသိန်းဗိမာန်၊ မစိုးရိမ်တိုက်သစ်နေရာ များနှင့် မန္တလေးမြို့ပတ်လမ်းတို့၌ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုကူညီရေးအသင်းအဖွဲ့များနှင့် နိုင်ငံတကာမှ ကူညီကယ်ဆယ်ရေးအဖွဲ့များ ပူးပေါင်း၍ ကူညီကယ်ဆယ်ရေးလုပ်ငန်း များ အရှိန်အဟုန်မြင့်ဆောင်ရွက်နေမှုများနှင့် ရှင်းလင်းပြီးစီးမှု အခြေအနေ များကို သွားရောက် ကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေး သည်။
ထို့အပြင် နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်၊ ပုဗ္ဗသီရိမြို့နယ်၊ ဥတ္တရသီရိမြို့နယ်၊ လယ်ဝေးမြို့နယ်နှင့် ပျဉ်းမနားမြို့နယ်တို့ရှိ ဘုရားစေတီများ၊ ဘုန်းတော်ကြီးကျောင်းများ၊ စစ်မှုထမ်းဟောင်းအိမ်ရာများနှင့် ငလျင်ဒဏ် ကြောင့် ပျက်စီးခဲ့သည့်နေရာများ၌ လည်းကောင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ညောင်ရွှေမြို့ နယ်၌ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့်နေရာများ၌ လည်းကောင်း ကူညီ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးပြီး ဒဏ်ရာရရှိကြသည့် ဒေသခံပြည်သူ များအား ဆေးကုသရေးလုပ်ငန်းများ ဆောင်ရွက်ပေးကြသည်။
ထို့အပြင် အနယ်နယ်အရပ်ရပ်မှ စေတနာရှင် ပြည်သူများကလည်း ငလျင် ဒဏ်သင့်ပြည်သူများအား ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသူများနှင့် ငလျင်ဒဏ်သင့်ပြည်သူများ စားသောက်ရေးအဆင်ပြေစေရေးအတွက် စားသောက် ဖွယ်ရာများ၊ သောက်ရေ သန့်များ၊ သောက်သုံးရေများ၊ အသုံးအဆောင်ပစ္စည်းများနှင့် အလှူငွေများ ပေးအပ်လှူဒါန်းခြင်းတို့ကိုလည်း ကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။