မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်လမ်းကြောင်းများမှတစ်ဆင့်   တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား  ၁၅  ဦး ထပ်မံစစ်ဆေး ဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့  နေပြည်တော်  ဧပြီ  ၆

Sunday, April 6, 2025 - 04:15

မြန်မာ - တရုတ် - ထိုင်း သုံးနိုင်ငံအကြား သုံးပွင့်ဆိုင် ပူးပေါင်းဆောင်ရွက်မှုပုံစံ (Trilateral Cooperation) ဖြင့် အွန်လိုင်းအသုံးပြု လိမ်လည်မှု (Online Scam) နှင့် အွန်လိုင်းလောင်းကစားမှု (Online Gambling) လုပ်ဆောင်နေကြသူများ၊ ပါဝင်ပတ် သက်သူများနှင့် နောက်ကွယ်မှကြိုးကိုင်သော ပြည်ပနိုင်ငံသားများကို ပြတ်ပြတ်သား သား စုံစမ်းဖော်ထုတ်ပြီး တိုက်ဖျက်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်လျက်ရှိရာ   ထိုင်းနိုင်ငံ   အပါအဝင်  အိမ်နီးချင်းနိုင်ငံအချို့ကို   တစ်ဆင့်ခံဖြတ်သန်း၍    မြန်မာနိုင်ငံအတွင်းသို့   နယ်စပ်လမ်းကြောင်းများမှတစ်ဆင့်   တရားမဝင် ဝင်ရောက်လာပြီး ကရင်ပြည်နယ်၊  မြဝတီမြို့၊ ကျောက်ခတ် နယ်မြေတွင် အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်လိမ်လည်မှုများ၊ ဒုစရိုက်မှုများ ကျူးလွန်ခဲ့ကြ သည့် ဂါနာနိုင်ငံသား  ငါး  ဦးနှင့် ဖိလစ်ပိုင်နိုင်ငံသား   ၁၀  ဦး   စုစုပေါင်း  ၁၅  ဦးတို့ကို  ယနေ့တွင်  ထပ်မံစစ်ဆေး  ဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့သည်။

အဆိုပါ ထိန်းသိမ်းခဲ့သည့် ပြည်ပနိုင်ငံသားများကို  သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံး     ပြန်လည်လွှဲပြောင်းပေးနိုင်ရေးအတွက်  ကရင်ပြည်နယ် လူမှုရေးရာ ဝန်ကြီး  ဦးစောထွန်းအောင်နှင့်   တာဝန်ရှိသူများသည်    ဌာနဆိုင်ရာ       ပူးပေါင်း အဖွဲ့များနှင့် တွေ့ဆုံကာ စာရင်းဇယား အချက်အလက်များ၊ မှတ်တမ်းများ စနစ်တကျ ဖြစ်စေရေး၊  နှောင့်နှေးကြန့်ကြာမှုမရှိစေရေး  ဆောင်ရွက်ထားရှိရန် မှာကြားသည်။

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်မှ ဧပြီလ ၆ ရက်အထိ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား စုစုပေါင်း  ၈၇၃၉ ဦးကို စစ်ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ကာ၎င်းတို့အနက်မှ ၇၁၄၂ ဦးကို ထိုင်းနိုင်ငံမှ တစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့    ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ   စနစ်တကျ  ပြည်နှင်လွှဲပြောင်းပေးခဲ့ပြီး  ကျန်ရှိသည့် ပြည်ပနိုင်ငံသား   ၁၅၉၇   ဦးကို သက်ဆိုင်ရာ နိုင်ငံများသို့ လွှဲပြောင်းပေးရန်အသင့်ဖြစ်နေပြီဖြစ်ကြောင်းနှင့်  ၎င်းတို့ကိုကောင်းမွန်စွာ ထိန်းသိမ်း စောင့်ရှောက်ထားရှိသည်။

နိုင်ငံတော်အစိုးရအနေဖြင့် တရားမဝင် အွန်လိုင်းလိမ်လည်မှု လုပ်ငန်းများအား စုံစမ်းဖော်ထုတ်စစ်ဆေး၍ ထိရောက်စွာအရေးယူဆောင်ရွက်လျက်ရှိပြီး  အထူးသဖြင့်  မြန်မာနိုင်ငံ၏နယ်စပ်ဒေသများတွင်ဖြစ်ပေါ်လျက်ရှိသည့် အွန်လိုင်းလောင်းကစားမှုနှင့်    ငွေကြေးလိမ်လည်မှုလုပ်ငန်းများအား  အမျိုးသားရေးအသွင်ဖြင့်   အိမ်နီးချင်းနိုင်ငံများ  အပါအဝင်  နိုင်ငံတကာမှ အဖွဲ့အစည်းများနှင့်  ပူးပေါင်း၍  စုံစမ်းဖော်ထုတ်  အရေးယူ မှုများကို   ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။