ငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည့်ဒေသများ၌ ကူညီကယ်ဆယ် ရေးလုပ်ငန်းများ အင်တိုက်အားတိုက် ဆက်လက်ဆောင်ရွက်လျက်ရှိ နေပြည်တော်၊ ၂၀၂၅ ဧပြီ ၆ ရက်

Sunday, April 6, 2025 - 04:15

          ၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်   အင်အားပြင်းမြေငလျင်  လှုပ်ရှားမှုကြောင့်   လမ်းတံတား၊ အဆောက်အဦများ ထိခိုက်ပျက်စီးခဲ့ရသည့် နေရာများသို့ ကူညီ ကယ်ဆယ်ရေးလုပ်ငန်းများကို တိုင်းစစ်ဌာနချုပ်အသီးသီးမှ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြည်ပနိုင်ငံများမှ ကူညီကယ်ဆယ် ရေးအဖွဲ့များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုကူညီရေးအသင်း/အဖွဲ့များက ဒေသခံ ပြည်သူများနှင့် ပူးပေါင်း၍ အချိန်နှင့်တပြေးညီ ကူညီဆောင်ရွက်ပေးလျက်ရှိရာ  ယနေ့တွင် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဇော်မင်းလတ် နှင့် တာဝန် ရှိသူများသည် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ညောင်ရွှေမြို့နယ်၊ မင်းချောင်းကျေးရွာအုပ်စု၊ ကျေးစားကုန်း(မြောက်)ရွာ ဘုန်းတော်ကြီးကျောင်းသို့ သွားရောက်၍ ကျောင်းထိုင် ဆရာတော်အား ဖူးမြော်၍ လှူဖွယ်ပစ္စည်းများနှင့် အလှူငွေများ ဆက်ကပ်လှူဒါန်း သည်။ ထို့နောက် အဆိုပါဘုန်းတော်ကြီးကျောင်း ယာယီကယ်ဆယ်ရေးစခန်းတွင် ခေတ္တနေထိုင်လျက်ရှိသည့် ဒေသခံပြည်သူများအား တွေ့ဆုံအားပေးစကားပြောကြားပြီး စားသောက်ဖွယ်ရာ နှင့် အလှူငွေများ ပေးအပ်သည်။

ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိသူများသည် ညောင်ရွှေမြို့နယ်အတွင်း ငလျင် ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သည့် နေရာများအား လိုက်လံကြည့်ရှုပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ထို့ပြင် ငလျင်ဒဏ်ကြောင့်ပျက်စီးခဲ့သည့် ညောင်ရွှေမြို့နယ်၊ နန်းဦးကျေးရွာရှိ ဖောင်တော်ဦးဘုရား၊ ကေလာကျေးရွာ၊ ဇရပ်ကြီးကျေးရွာနှင့် ကြာတောကျေးရွာတို့၌ နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စေတနာ့ဝန်ထမ်းများနှင့် ဒေသခံပြည်သူများ စုပေါင်း၍ လိုအပ်သည့်ကူညီကယ်ဆယ် ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပြီး တိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေး အဖွဲ့က ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။