ပါကစ္စတန်နိုင်ငံမှ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီကယ်ဆယ်ရေး ပစ္စည်းများနှင့် ဆေးဝါးများရောက်ရှိ နေပြည်တော်၊ ၂၀၂၅ ဧပြီ-၆

Sunday, April 6, 2025 - 04:15

နိုင်ငံတော်အစိုးရအနေဖြင့် ငလျင်ဒဏ်သင့်ဒေသများရှိ ပျက်စီးဆုံးရှုံးမှုများကို အချိန်နှင့်တစ်ပြေးညီ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် အပြင် ပြည်ပမှလူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာအကူအညီများကိုလမ်းဖွင့် ပေးထားပြီးဖြစ်ရာ ယနေ့နံနက်ပိုင်းတွင် ငလျင်ဒဏ်သင့်ပြည်သူများအတွက်  ပါကစ္စတန်နိုင်ငံမှ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီကယ်ဆယ်ရေး ပစ္စည်းများနှင့် ဆေးဝါးများ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဒုတိယအကြိမ် ရောက်ရှိသည်။
အဆိုပါ ကူညီကယ်ဆယ်ရေးပစ္စည်းများတွင် မိုးကာတဲ၊ တကိုယ်ရည်သုံး ပစ္စည်များ၊ တာပေါ်လင်၊ ဆေးဝါးများ၊ (MRE)အသင့်စားအစားအစာများ စုစုပေါင်း ၃၁၃၀၁ kg ပါဝင်ပြီး ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တာဝန်ရှိသူများ၊ တပ်မတော် အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ ပါကစ္စတန်သံအမတ်ကြီး H.E. Mr. Imran Haider နှင့်သံရုံးတာဝန်ရှိသူများ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ မဟာဗျူဟာလေ့လာ ရေးနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်၍ လိုအပ်သည်များပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
အဆိုပါ ရောက်ရှိလာသည့် ကယ်ဆယ်ရေးပစ္စည်းများကို တပ်မတော်သား များ၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ ဝန်ထမ်းများ၊ ပြည်တွင်း ကုန်တင်ကုန်ချလုပ်သားများက သက်ဆိုင်ရာ မော်တော်ယာဉ်များပေါ်သို့ တင် ဆောင်ပြီး ငလျင်ဘေးသင့်ဒေသများသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့်နေပြည်တော်သို့ဆက်လက်ပို့ဆောင်ခဲ့ကြောင်း သတင်းရရှိသည်။