မြန်မာနိုင်ငံရှိ ငလျင်ဒဏ်သင့်ပြည်သူများအား ကူညီကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရန်အတွက် အိန္ဒိယနိုင်ငံမှ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများပေးအပ်ရန် ကူညီကယ်ဆယ် ရေးပစ္စည်းများနှင့် စားသောက်ဖွယ်ရာများ တင်ဆောင်လာသော အိန္ဒိယရေတပ်မှ စစ်ရေယာဉ် INS Gharial(L-23)သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ သီလဝါဆိပ် ကမ်း MITT တံတားသို့ ရောက်ရှိကြရာ တပ်မတော်(ရေ)မှအရာရှိကြီးများ၊ မြန်မာ နိုင်ငံဆိုင်ရာ အိန္ဒိယရေတပ်စစ်သံမှူးနှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။
အဆိုပါရောက်ရှိလာသည့် ကူညီကယ်ဆယ်ရေးပစ္စည်းများနှင့် စားသောက်ဖွယ်ရာ များအား လွှဲပြောင်းပေးအပ်ပွဲကို စစ်ရေယာဉ်ပေါ်တွင် ဆက်လက်ပြုလုပ်ရာ ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ပြည့်စုံလင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးများနှင့် တပ်မတော်(ရေ)မှ အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယ သံအမတ်ကြီးနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ အိန္ဒိယသံ အမတ်ကြီးက ကူညီကယ်ဆယ်ရေးပစ္စည်းများနှင့် စားသောက် ဖွယ်ရာများကို လွှဲပြောင်းပေးအပ်ရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းက လက်ခံရယူ၍ ကျေးဇူးတင် စကားပြန်လည်ပြောကြားခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က အမှတ်တရလက်ဆောင်ပစ္စည်း ပြန်လည်ပေးအပ်သည်။
ယနေ့ရောက်ရှိလာသည့် အိန္ဒိယရေတပ်မှစစ်ရေယာဉ်တွင် ကူညီကယ်ဆယ်ရေးပစ္စည်းများနှင့် စားသောက်ဖွယ်ရာများဖြစ်ကြသည့် ဆန်(၄၀၅)တန်၊ ဟင်းချက်ဆီ (၃၀)တန်၊ ဘီစကွတ်(၅)တန်နှင့် အသင့်စားခေါက်ဆွဲ(၂)မက်ထရစ်တန်အပါအဝင် စားနပ်ရိက္ခာနှင့် ဆေးဝါးများပါဝင်ပြီး စုစုပေါင်းတန်ချိန်(၄၄၂)တန်ခန့်ဖြစ်ကြောင်း သိရှိရသည်။
အိန္ဒိယစစ်ရေယာဉ်ဖြင့် ရောက်ရှိလာသော ကူညီကယ်ဆယ်ရေးပစ္စည်းများနှင့် စားသောက်ဖွယ်ရာများကို တပ်မတော်(ရေ)မှ အရာရှိ၊ စစ်သည်များ၊ အိန္ဒိယစစ်ရေ ယာဉ်မှ အရာရှိစစ်သည်များ၊ ကျောက်တန်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီး ဌာနမှဝန်ထမ်းများ၊ ကျောက်တန်းမြို့နယ်၊ မီးသတ်ဦးစီးဌာနမှ သန္ဓေနှင့် အရန်တပ်ဖွဲ့ ဝင်များက သက်ဆိုင်ရာမော်တော်ယာဉ်များပေါ်သို့ တင်ဆောင်ပြီး ငလျင်ဒဏ်သင့်ဒေသ များသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဆက်လက်ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။