၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက် အင်အားပြင်းမြေငလျင် လှုပ်ရှားမှုကြောင့် လမ်းတံတား၊ အဆောက်အဦများ ထိခိုက်ပျက်စီးခဲ့ရသည့် နေရာများသို့ ကူညီ ကယ်ဆယ်ရေးလုပ်ငန်းများကို တိုင်းစစ်ဌာနချုပ်အသီးသီးမှ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြည်ပနိုင်ငံများမှ ကူညီကယ်ဆယ် ရေးအဖွဲ့များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုကူညီရေးအသင်း/အဖွဲ့များနှင့် ဒေသခံ ပြည်သူများပူးပေါင်း၍ အချိန်နှင့် တပြေးညီကူညီဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မျိုးမိုးအောင်၊ အလယ် ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်ကိုထိုက် နှင့် တာဝန်ရှိသူများသည် ချမ်းအေးသာစံမြို့နယ်၊ ပတ်ကုန်းပျော်ဘွယ်ရပ်ကွက်၊ မဟာဝိဇိတာရုံကျောင်းတိုက် ဦးစီးပဓာနနာယကချုပ် ဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဒမ္မ ဇောတိကဓဇ၊ အဘိဓဇမဟာရဋ္ဌဂုရု နိုင်ငံတော်ဩဝါဒါစရိယ ဘဒ္ဒန္တဝိစာရိန္တာဘိဝံသ အား ဖူးမြော်ပြီး ဆရာတော်ကြီး၏ ကျန်းမာရေးဆိုင်ရာများအား မေးမြန်းလျှောက်ကာ လှူဖွယ်ပစ္စည်း များ ဆက်ကပ်လှူဒါန်းကြသည်။ ထို့နောက် ဒုတိယဗိုလ်ချုပ်ကြီး မျိုးမိုးအောင်၊ မန္တလေး တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းမှူးနှင့် တာဝန်ရှိ သူများသည် ဦးလှသိန်း ဗိမာန်၌ တိုင်းဒေသကြီးဦးစီးဌာနနှင့် ကယ်ဆယ်ရေးအဖွဲ့များ ပူးပေါင်း၍ ရောဂါပိုးမွှား များ ကင်းရှင်းစေရန် ကလိုရင်းပိုးသတ်ဆေးဖျန်းခြင်းများ ဆောင်ရွက်နေမှုများနှင့် ချမ်းမြသာစည်လေယာဉ်ကွင်းဟောင်းနှင့် မန္တလာသီရိအားကစားအတွင်းတို့၌ အိန္ဒိယ နိုင်ငံနှင့် ရုရှားနိုင်ငံတို့မှ အကူအညီပေးရေးအဖွဲ့များ၏ ဆေးကုသပေးနေမှုများကို သွားရောက်ကြည့်ရှု၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။ ၎င်းနောက် ချမ်းအေးသာစံမြို့နယ်၊ အနီဃာသီလရှင်ပရိယတ္တိစာသင်တိုက်၊ ဣစ္ဆာသယ သာသနာ့နုဂ္ဂဟ မင်းကွန်းသီလရှင်စာသင်တိုက်နှင့် ဆူးဖြူသာသနာ့ရိပ်သာများသို့ သွားရောက်၍ သောက်သုံးရေများ၊ ဆန်၊ ဆီ၊ ခေါက်ဆွဲခြောက်နှင့် စားသောက်ဖွယ် ရာများ ပေးအပ်လှူဒါန်းသည်။
အလားတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကြည်သိုက်နှင့် တာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ တောင်ငူတက္ကသိုလ်၌ ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်နေမှုများနှင့် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး ၁၄၈ မိုင် ၅ ဖာလုံအနီးရှိ ခပေါင်းရေလှောင်တမံ လက်ဝဲတူးမြောင်းမကြီး၏ ပျက်စီးနေမှုအခြေအနေ များကို သွားရောက်ကြည့်ရှုပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ထို့အပြင် နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်၊ ပုဗ္ဗသီရိမြို့နယ်၊ ဇမ္ဗူသီရိမြို့နယ်၊ တပ်ကုန်းမြို့နယ်၊ ဥတ္တရသီရိမြို့နယ်၊ လယ်ဝေးမြို့နယ်၊ ဒက္ခိဏသီရိ မြို့နယ်နှင့် ပျဉ်းမနားမြို့နယ်တို့ရှိ ဘုရားစေတီများ၊ ဘုန်းတော်ကြီးကျောင်းများ၊ စစ်မှုထမ်းဟောင်းအိမ်ရာများနှင့် ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သည့် နေရာများ၌ လည်းကောင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဟိုပုံးမြို့နယ်၊ ကလောမြို့နယ် နှင့် ညောင်ရွှေ မြို့နယ်တို့ရှိ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့်နေရာများ၌ လည်းကောင်း ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ပေးပြီး ဒဏ်ရာရရှိကြသည့် ဒေသခံပြည်သူများအား ဆေးကုသရေးလုပ်ငန်းများ ဆောင်ရွက်ပေးကြသည်။
ယင်းသို့ ဆောင်ရွက်နေမှုများကို သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူး များနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက် ပေးပြီး ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သည့် စေတီပုထိုးများ ပြုပြင်မွမ်းမံရန်အတွက် အလှူငွေများ ပေးအပ်လှူဒါန်းခြင်း၊ ထိခိုက်ဒဏ်ရာရရှိ၍ ဆေးရုံတက်ရောက် ကုသမှု ခံယူနေသူများအား သွားရောက်ကြည့်ရှုအားပေးခြင်းနှင့် သဘာဝဘေးဒဏ်ကြောင့် ယာယီကယ်ဆယ်ရေးစခန်းများတွင်နေထိုင်ကြသည့် ဒေသခံပြည်သူများအား ရင်းရင်း နှီးနှီးတွေ့ဆုံပြီး စားသောက်ဖွယ်ရာများ ပေးအပ်ခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။
ထို့အပြင် အနယ်နယ်အရပ်ရပ်မှ စေတနာရှင် ပြည်သူများကလည်း ငလျင် ဒဏ်သင့်ပြည်သူများအား ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသူများနှင့် ငလျင်ဒဏ်သင့်ပြည်သူများ စားသောက်ရေးအဆင်ပြေစေရေးအတွက် အစားအသောက် များ ချက်ပြုတ်၍ ထမင်း၊ ဟင်းများလှူဒါန်းခြင်း၊ စားသောက်ဖွယ်ရာများ၊ သောက်ရေ သန့်များ၊ သောက်သုံးရေများ၊ အသုံးအဆောင်ပစ္စည်းများနှင့် အလှူငွေများ ပေးအပ် လှူဒါန်းခြင်းတို့ကိုလည်း ကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။