ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး ကို ယနေ့မွန်းလွဲပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီး ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။
အစည်းအဝေးသို့ ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူး ကြီး စိုးဝင်း၊ ကောင်စီအတွင်းရေးမှူး ဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ တွဲဖက်အတွင်း ရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ နှင့် ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး တိုင်းဒေသကြီး နှင့် ပြည်နယ်ဝန်ကြီးချုပ်များက Video Conferencing ဖြင့်တက်ရောက်ကြသည်။
ဝမ်းနည်းခြင်းအထိမ်းအမှတ် တစ်မိနစ်ငြိမ်သက်ဦးညွတ်ဂါရဝပြု
အစည်းအဝေးမစတင်မီ မတ်လ ၂၈ ရက်နေ့တွင် လှုပ်ခတ်ခဲ့သော အလွန် ပြင်းထန်သည့်မြေငလျင်ကြောင့် အသက်ဆုံးရှုံးမှုများနှင့် ပျက်စီးဆုံးရှုံးခဲ့ရမှုများ အတွက်ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် တစ်မိနစ်ငြိမ်သက်၍ ဦးညွတ်ဂါရဝပြု ကြသည်။
ပြင်းထန်ငလျင်လှုပ်ခတ်ခဲ့မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရမှု
ထို့နောက် အစည်းအဝေးကို စတင်ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် ယခုအစည်း အဝေးသည် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးဖြစ်သော်လည်း နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များပါ တက်ရောက်သည့် အထူးအစည်းအဝေးတစ်ရပ် ဖြစ်ကြောင်း၊ ပြီးခဲ့သည့်မတ်လ ၂၈ ရက်နေ့တွင် နေပြည်တော်ကောင်စီနယ်မြေ၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည် နယ်တို့တွင် ရက်ချ်စတာစကေး ၇ ဒသမ ၇ ရှိသည့်အင်အား အလွန်ပြင်းထန်သည့် ငလျင်လှုပ်ခတ်ခဲ့မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ကြောင်း၊ မိမိတို့နိုင်ငံ တွင်နှစ်ပေါင်း ၁၀၀ အတွင်း ယခုကဲ့သို့ပြင်းထန်သည့် ငလျင်ဖြစ်ပေါ်ခဲ့မှုမှာ ရက်ချ် စတာစကေး ၆ နှင့်အထက်လှုပ်ခတ်မှု ၁၈ ကြိမ်ရှိပြီး ယခုလှုပ်ခတ်မှုသည် ဒုတိယ အပြင်းထန်ဆုံးဖြစ်ကြောင်း၊ ၁၉၁၂ ခုနှစ်၌ ပြင်ဦးလွင်မြို့တွင် ရက်ချ်စတာစကေး ၈ အထိလှုပ်ခတ်ခဲ့သည့် ငလျင်သည်အပြင်းထန်ဆုံးဖြစ်ခဲ့ကြောင်း၊ မတ်လ ၂၈ ရက်နေ့ ပြင်းထန်ငလျင်လှုပ်ခတ်ခဲ့ချိန်သည် နေ့ခင်းဘက်ဖြစ်ခြင်းကြောင့် လူအများထိခိုက်မှု လျော့နည်းခဲ့ခြင်းမှာ အဆိုးထဲမှအကောင်းပင် ဖြစ်ကြောင်း၊ ညဘက်အချိန်တွင် သာလှုပ်ခတ်မှုဖြစ်ပေါ်ခဲ့ပါက ထိခိုက်ဒဏ်ရာရမှုများမှာ မတွေးဝံ့စရာပင်ဖြစ်ကြောင်း။
ပြင်းထန်ငလျင်လှုပ်ခတ်ခဲ့မှုကြောင့် ယခုအချိန်အထိ သေဆုံးသူ ၃၄၅၅ ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ ၄၈၄၀ ဦး၊ ပျောက်ဆုံးနေသူ ၂၁၄ ဦး စုစုပေါင်း ၈၆၀၀ ကျော်ခန့် ထိခိုက်သေဆုံးမှုဖြစ်ပေါ်ခဲ့ကြောင်း၊ အသေးစိတ်စာရင်းမရရှိသေးသော်လည်း အဆောက် အဦးပေါင်း ၅၂၂၃ လုံး၊ စာသင်ကျောင်းပေါင်း ၁၈၂၄ ကျောင်း၊ ဘုန်းတော်ကြီး ကျောင်းနှင့် သီလရှင်စာသင်တိုက် ၂၇၅၂ ကျောင်း ထိခိုက်ပျက်စီးဆုံးရှုံးခြင်း၊ ဘုရား စေတီပေါင်း ၄၈၁၇ ခု ထိခိုက်ပျက်စီးဆုံးရှုံးခြင်း၊ ဆေးရုံဆေးခန်း ၁၆၇ ခုပျက်စီးခြင်း၊ ရန်ကုန်-နေပြည်တော်-မန္တလေး သွားရထားလမ်းနှင့် ကားလမ်းများပျက်စီးခြင်းနှင့် အချို့ဘူတာများတွင် ပျက်စီးမှုများဖြစ်ပေါ်ခြင်း၊ တံတား ၁၆၉ စင်းပျက်စီးခြင်း၊ ဆည်မြောင်းတမံ ၁၉၈ ခုထိခိုက်ပျက်စီးမှုဖြစ်ပေါ်ခြင်း၊ အမြန်လမ်းမကြီးတစ်လျှောက် အပိုင်း ၁၈၄ ခုထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခြင်းများဖြစ်ပေါ်ခဲ့ပြီး ပျက်စီးဆုံးရှုံးမှုများ များပြားကြောင်း။
အဆောက်အဦများဆောက်လုပ်ရာတွင် ခိုင်ခံမှုရှိအောင်ဆောင်ရွက်မှသာ နောင်ကာလ အချိန်များတွင် အသက်ပေါင်းများစွာကို ကယ်တင်နိုင်မည်ဖြစ်
အဆောက်အဦများ ပျက်စီးမှုများကြောင့် သေဆုံးမှုများရှိခဲ့ခြင်းဖြစ်ကြောင်း၊ ပြန်လည်၍လေ့လာကြည့်သည့်အခါ ယခုဖြစ်ပေါ်ခဲ့သည့်သင်ခန်းစာသည် အသက် ပေါင်းများစွာပေးဆပ်ခဲ့ရသည့်ဆုံးရှုံးမှုဖြစ်ပြီး ကြီးမားသည့် သင်ခန်းစာတစ်ခုပင်ဖြစ် ကြောင်း၊ ထို့ကြောင့် ငလျင်နှင့်ပတ်သက်ပြီး အဆောက်အဦများ ဆောက်လုပ်ရာတွင် ငလျှင်ဒဏ်ကိုခံနိုင်သည့် အဆောက်အဦများဖြစ်စေရေး အင်ဂျင်နီယာပိုင်းဆိုင်ရာ များကို စနစ်တကျစိစစ်တည်ဆောက်ရန်လိုကြောင်း၊ မိမိတို့အနေဖြင့်စစ်ကိုင်း ပြတ်ရွေ့ကြောကြီး အပေါ်တွင်တည်ရှိကြောင်း၊ အဆိုပါပြတ်ရွေ့ကြောကြီး၏ ပွတ်တိုက်ရွေ့လျားမှုကြောင့် ပြင်းထန်သည့်ငလျင် ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကြောင်း၊ နောက်ဆက် တွဲငလျင်ငယ်လေးများ ဆက်လက်လှုပ်ခတ်လျက်ရှိပြီး ယခုအချိန်အထိ ၇၉ ကြိမ် ရှိပြီဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတွင် ရက်ချ်စတာစကေး ၆ နှင့် ၇ ပတ်ဝန်းကျင် လှုပ်လေ့လှုပ်ထရှိပြီးအမြင့်ဆုံးမှာ ရက်ချ်စတာစကေး ၈ အထိအမြင့်ဆုံးလှုပ်ခတ်ခဲ့ သဖြင့် မိမိတို့အနေဖြင့် ငလျင်သက်ရောက်သည့်ဒေသတွင်ရှိသည့်ဒေသများ၌ အဆောက်အဦများဆောက်လုပ်ရာတွင် ငလျင်ဒဏ်ခံနိုင်သည့် အဆောက်အဦများ ဖြစ်ရန်လိုကြောင်း၊ အဆောက်အဦများ ဆောက်လုပ်ရာတွင် ခိုင်ခံမှုကိုအလေးမထား သည့် အတွက်မလိုလားအပ်သည့် ပျက်စီးဆုံးရှုံးမှုများ ပိုမိုဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကြောင်း၊ မျက်မြင်စစ်ဆေးချက်များအရ အချို့အဆောက်အဦများ ဆောက်လုပ်ရာတွင် အင်ဂျင်နီယာပိုင်းဆိုင်ရာ သတ်မှတ်ချက်များနှင့် ကိုက်ညီမှုများမရှိသည်ကိုစိစစ် တွေ့ရှိရကြောင်း၊ ထိုသို့ သတ်မှတ်ချက်နှင့် မညီညွတ်ဘဲ ဆောင်ရွက်ထားသည်များကို ပြန်လည်စိစစ်အရေးယူ ဆောင်ရွက်သွား ရန်လိုကြောင်း၊ အဆောက်အဦဆောက်လုပ် မှုနှင့် ပတ်သက်၍နောင်တွင်ဆောက်လုပ်ရေးဆိုင်ရာအဖွဲ့အစည်းများ၊ စည်ပင်သာယာ ရေးအဖွဲ့ အစည်းများအနေဖြင့် မြို့နယ်နှင့် ခရိုင်များအလိုက် ဖွဲ့စည်းပေးထားသည့် ကော်မတီများနှင့်ပူးပေါင်း၍ အဆောက်အဦဆောက်လုပ်မှုများကို စနစ်တကျကြပ်မတ် စိစစ်မှုများ ဆောင်ရွက်သွားရန်လိုကြောင်း၊ ထိုသို့ဆောင်ရွက်သွားမည်ဆိုပါက နောင် တွင် အသက်ပေါင်းများစွာကို ကယ်တင်နိုင်မည်ဖြစ်ပြီး မလိုလားအပ်သည့် ထိခိုက် ပျက်စီးဆုံးရှုံးမှုများ လျော့နည်း သွားမည်ဖြစ်ကြောင်း။
ပြန်လည်ထူထောင်ရေးလုပ်ငန်းများအား အပိုင်း ၅ ပိုင်းဖြင့်ဆောင်ရွက် အပျက်အစီးများရှင်းလင်းဖယ်ရှား
ယခုအခါပြင်းထန်ငလျင်လှုပ်ခတ်ပြီး ၉ ရက်မြောက်နေ့သို့ရောက်ရှိလာပြီဖြစ်ပြီး အပျက်အစီးများကို ရှင်းလင်းနေပြီဖြစ်ကြောင်း၊ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ နှင့် ရှင်းလင်းရေးလုပ်ငန်းများကို မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ဝင်များ၊ တပ်မတော်သားများ၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးအဖွဲ့များနှင့် နိုင်ငံတကာမှ ကူညီ ကယ်ဆယ်ရေးအဖွဲ့များဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ အပျက်အစီးများအား အမြန် ဆုံးရှင်းလင်းဆောင်ရွက်သွားနိုင်ရန်လိုကြောင်း၊ ငလျင်ဒဏ်သင့်ပြည်သူများအတွက် အစားအသောက်များ၊ တစ်ကိုယ်ရေသုံးပစ္စည်းများနှင့် ယာယီနေထိုင်ရေးအတွက် လိုအပ်သည့်ပစ္စည်းများ၊ ယာယီဆေးရုံများလုံလောက်စွာရရှိစေရေးအတွက် မိမိအနေ ဖြင့် ပြည်ပနိုင်ငံများနှင့် ဆွေနွေးဆောင်ရွက်လျက်ရှိကြောင်း။
လမ်းပန်းဆက်သွယ်မှုများ အမြန်ဆုံးပြန်လည်ကောင်းမွန်စေရေး ဆောင်ရွက်လျက်ရှိ
ယခုအခါလမ်းပန်းဆက်သွယ်ရေးများ အမြန်ဆုံးပြန်ပွင့်နိုင်ရန်လိုကြောင်း၊ ထိခိုက် ပျက်စီးခဲ့သည့် မော်တော်ကားလမ်းများ၊ ရထားလမ်းများနှင့် တံတားများအား ပြန် လည်ပြင်ဆင်လျက်ရှိကြောင်း၊ အလားတူ ပြိုကျပျက်စီးမှုဖြစ်ပွားခဲ့သည့် စစ်ကိုင်း တံတားအား ပြန်လည်ပြင်ဆင်၍ ရထားပြန်လည် ပြေးဆွဲနိုင်ရေးအတွက် ပြန်လည် ပြင်ဆင်နိုင်ရေး ဆောင်ရွက်လျက်ရှိပြီး ပြည်ပနိုင်ငံတစ်ခုမှလည်း ကူညီဆောင်ရွက် ပေးမည်ဟု ကနဦးသိရှိထားကြောင်း၊ အဆိုပါစစ်ကိုင်းတံတားသည် အထက်မြန်မာ ပြည်သို့သွားရောက်သည့် ရထားလမ်းပိုင်းတွင် အဓိကကျကြောင်း၊ ထို့ကြောင့် ရထား သွားလာနိုင်ရေး ပြင်ဆင်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ရတနာပုံတံတားသည် လည်း မူလီများပြုတ်ထွက်ပြီး အန္တရာယ်ရှိသည့် အခြေအနေဖြစ်သည်ကို တွေ့ရှိရ ကြောင်း၊ တံတားများမှ သွားလာနိုင်ရေး အမြန်ဆုံးပြုပြင်ဆောင်ရွက်သွားရမည်ဖြစ် ကြောင်း။
ငလျင်ဒဏ်သင့်ပြည်သူများ၏ ယာယီနေထိုင်မှုအဆင်ပြေစေရေးနှင့် မိုးမကျမီယာယီအဆောက်အဦများ၌ ကောင်းမွန်စွာနေထိုင်နိုင်ရေး
ငလျင်ဒဏ်ကြောင့် လူနေအဆောက်အဦများ ထိခိုက်ပျက်စီးမှုများဖြစ်ပေါ် ခဲ့သဖြင့် လူအများစုမှာ အဆောက်အဦများ၏ ပြင်ပတွင်နေထိုင်လျက်ရှိကြောင်း၊ ထို့ ကြောင့် ယာယီနေထိုင်မှုများအဆင်ပြေစေရေး လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန် လည်နေရာချထားရေးဝန်ကြီးဌာနရှိ ယာယီတဲများအားလုံးကို ထုတ်ယူသုံးစွဲရန် မိမိ အနေဖြင့်ညွှန်ကြားထားပြီးဖြစ်ကြောင်း၊ ဝမ်းရောဂါများမဖြစ်ပွားစေရေးအတွက် သန့်ရှင်းရေးနှင့်ကျန်းမာရေးနှင့်ညီညွတ်သည့် ယာယီယင်လုံအိမ်သာများတည်ဆောက် ပေးသွားရန်လိုသကဲ့သို့ ဝမ်းရောဂါကာကွယ်ဆေးနှင့် ကုသဆေးများကိုလည်း ဖြည့် ဆည်း ဆောင်ရွက်ပေးထားရန်လိုကြောင်း၊ သန့်ရှင်းသည့် သောက်သုံးရေများရရှိ စေရေးအတွက်မိမိတို့အနေဖြင့် ရေသန့်များဖြန့်ဝေပေးသကဲ့သို့ နိုင်ငံတကာမှ ရေသန့် စက်များရရှိစေရေးအတွက်လည်း ဆောင်ရွက်လျက်ရှိကြောင်း၊ ရေသန့်များလုံလောက် စွာမရရှိနိုင်သေးသည့်အချိန်တွင် ရေကိုကျိုချက်သောက်သုံးနိုင်ရေးဆောင် ရွက်ပေး သွားရန်လည်းလိုကြောင်း၊ ငလျင်ဘေးဒဏ်သင့်ပြည်သူများ နေထိုင်မှုအဆင်ပြေစေရေး နိုင်ငံတော်မှ ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်သကဲ့သို့ တာဝန်ရှိသူများ ကလည်း အလေးထားပြီး ဝိုင်းဝန်းဖြည့်ဆည်းဆောင်ရွက်ပေးသွားရန်လိုကြောင်း၊ ယာယီနေထိုင်သည့်အချိန်တွင်လည်း မိသားစုအလိုက် လုံခြုံမှုရှိစွာဖြင့်နေထိုင်နိုင်ရေး ဆောင်ရွက်ပေးသွားရန်လိုကြောင်း၊ ဘက်ပေါင်းစုံမှစဉ်းစား၍ လိုအပ်သည်များအား လုံးကို စီစဉ်ဖြည့်ဆည်းဆောင်ရွက်ပေးသွားရန်လိုကြောင်း။
စိတ်ပိုင်း ၊ ရုပ်ပိုင်း ဆိုင်ရာထိခိုက်ခဲ့မှုများအား ကုသပေးနိုင်ရေး
ထိခိုက်ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့မှုကြောင့် ဖြစ်ပေါ်ခဲ့သည့် စိတ်ထိခိုက် ဒဏ်ရာရရှိခဲ့မှုများကိုလည်း လျှော့ချပေးနိုင်ရေး ဆောင်ရွက်ပေးရန်လိုကြောင်း၊ မိဘများ၊ သားသမီးများနှင့် ဆွေမျိုးသားချင်းများ ဆုံးရှုံးခဲ့ရပြီး စိတ်ပိုင်းဆိုင်ရာ ထိခိုက် ခဲ့မှုများကိုလည်း ဖျောင်းဖြအားပေးဆောင်ရွက်သွားကြရန်လိုကြောင်း၊ ပြင်းထန်သည့် ထိခိုက်ဒဏ်ရာရရှိပြီး ကိုယ်လက်အင်္ဂါဆုံးရှုံးခဲ့ကြသူများကိုလည်း ကုသမှုများဆောင် ရွက်ပေးရာတွင် ပြန်လည်ထူထောင်ရေးအတွက် ခြေတုလက်တုများ တပ်ဆင်ပေးနိုင် သည်အထိ ဆောင်ရွက်ပေးရန်လိုကြောင်း၊ ထိခိုက်ဒဏ်ရာများ လုံးဝပျောက်ကင်း သည်အထိ ကုသမှုများဆောင်ရွက်ပေးရန်လိုကြောင်း၊ ပြင်းထန်ငလျင်ဖြစ်ပွားပြီးချိန် ၌ နေပြည်တော်ပြည်သူ့ဆေးရုံကြီး၌ ထိခိုက်ဒဏ်ရာများရရှိပြီးလာရောက်ကုသမှုလူနာ များများပြားခဲ့သည်ကိုတွေ့ရှိရခြင်းကြောင့် နေပြည်တော် တပ်မတော်ဆေးရုံကြီးသို့ တက်ရောက် ကုသနိုင်ရေးဆောင်ရွက်ပေးခဲ့ကြောင်း၊ အလားတူ ပျဉ်းမနားမြို့ရှိ၊ ပေါင်းလောင်းအားကစားကွင်းနှင့် ရွှေကြာပင်ရပ်ကွက်ရှိ နေပြည်တော်အားကစားကွင်း တို့၌ ယာယီဆေးရုံများဖွင့်လှစ် ဆောင်ရွက်ပေးထားကြောင်း၊ ပြည်ပနိုင်ငံများမှ ဆေးကုသရေးအဖွဲ့များအနေဖြင့်လည်း လာရောက်ကုသပေးလျက်ရှိကြောင်း၊ ထိခိုက် ဒဏ်ရာရရှိသည့်လူနာများကို အမြန်ဆုံးကုသဆောင်ရွက်ပေးရန်လိုပြီး သက်သာ ပျောက်ကင်းသည်အထိ ကုသပေးရန်လိုကြောင်း။
ပြန်လည်ထူထောင်ရေး
ထိခိုက်ပျက်စီးဆုံးရှုံးမှုများနှင့်ပတ်သက်၍ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ကို ဆောင်ရွက်ရာတွင် မိုးရာသီကာလသို့မရောက်မီ ပြင်ဆင်ဆောက်လုပ်၍ရသည့် အဆောက်အဦများကို အမြန်ပြန်လည်တည်ဆောက်သွားရန်လိုပြီး နိုင်ငံတော်မှလည်း ကူညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ မိမိအနေဖြင့် ဘင်းမ်စတက်အစည်း အဝေးသို့ တက်ရောက်နေချိန်တွင်လည်း ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများအနေဖြင့် မြန်မာနိုင်ငံအတွက် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများရရှိစေရေး အကူအညီများ ပေးအပ်ရန်ပြောကြားခဲ့ကြောင်း၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ နှင့်ပတ်သက်၍ မြေစာရင်းပိုင်ဆိုင်မှုဆိုင်ရာ စာရှင်းရှုပ်ထွေးမှုမရှိသည့်နေရာများတွင် ရှင်းလင်းရေး လုပ်ငန်းများဆောင်ရွက်ပြီးပါက အဆောက်အဦများ ပြန်လည်တည်ဆောက်သွားရန် လိုကြောင်း၊ မိုးရာသီမကျမီအချိန်အတွင်း ပြန်လည်ပြင်ဆင်ဆောက်လုပ်၍ရနိုင်သည့် အဆောက်အဦများကို အမြန်ဆုံးပြန်လည်ဆောက်လုပ်သွားရန်လိုကြောင်း၊ ပြန်လည် ထူထောင်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ အမြန်ဆုံးပြန်လည်ဆောင်ရွက်သွားကြရန် လိုကြောင်း။
အထက်မြင့်နှင့် အခိုင်အမာအဆောက်အဦများဆောက်လုပ်ရာတွင် အနည်းဆုံး ရက်ချ်စတာစကေး ၈ အထိအထက်ခံနိုင်သည့်အဆောက်အဦများဖြစ်အောင် ဆောက် လုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများက စနစ်တကျ ကြပ်မတ်ဆောင်ရွက်သွားရန်လို ကြောင်း၊ ယခင်ကတည်ဆောက်ခဲ့ပြီး လက်ရှိအချိန်တွင် ကွဲအက်မှုများဖြစ်ပေါ်ပြီး စိတ်ချရမှုမရှိနိုင်ပါကလည်း အဆိုပါအဆောက်အဦအား ဖျက်သိမ်းသွားရန်လိုကြောင်း၊ ယခုအချိန်တွင် ကြိုတင်ပြင်ဆင်၍ ဆောင်ရွက်ခဲ့မှုများသည် နောင်အနာဂတ်ကာလ တွင် အသက်ပေါင်းများစွာကို ကယ်တင်နိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် အဆောက် အဦးများခိုင်ခံစွာတည်ဆောက်ရေးအတွက် အားလုံးကအလေးထားဆောင်ရွက် သွား ရန်မှာကြားလိုကြောင်း။
ထိခိုက်မှုဖြစ်ပေါ်ခဲ့သည့် အဆောက်အဦများ ပြန်လည်ပြုပြင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် စနစ်တကျဖြင့်အသေးစိတ်စစ်ဆေးပြီး ပြုပြင်ဆောင်ရွက်ရန်လို ကြောင်း၊ ယခင်ဖြစ်ပေါ်ခဲ့သည့်ထိခိုက်မှုများကို စနစ်တကျဖြင့် ပြုပြင်ခြင်းမပြလုပ်ပါ က နောင်တွင်ပြိုကျပျက်စီးသည်အထိ အန္တရာယ်ရှိကြောင်း၊ ဝန်ကြီးဌာနများ အလိုက် ထိခိုက်ခဲ့သည့်အဆောက်အဦများကိုလည်း ခိုင်ခံသည့်အဆောက်အဦများ ဖြစ်အောင် တည်ဆောက်ရေးလုပ်ငန်းများကို ဆောင်ရွက်သွားရန်လိုကြောင်း။
စားရေး အခက်အခဲမဖြစ်စေရေးအတွက် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ ရပ်တန့်မှုမရှိအောင် ဆောင်ရွက်ရန်လို
ငလျင်ဒဏ်ကြောင့် ခိုက်မှုဖြစ်ပေါ်ခဲ့သည့်ဒေသများတွင် စိုက်ပျိုးရေးလုပ်ငန်းများ ပြန်လည် ဆောင်ရွက်နိုင်ရေး တာဝန်ရှိသူများက ဆောင်ရွက်ပေးရန်လိုကြောင်း၊ စိုက်ပျိုးရေလုံလောက်စွာရရှိရေးအတွက် နေရောင်ခြည်စွမ်းအင်သုံး မြစ်ရေတင် လုပ်ငန်းများဖြင့် ဆောင်ရွက်သွားရန်လိုကြောင်း၊ အလားတူ မွေးမြူရေးလုပ်ငန်းများ ကို ငလျင်ဒဏ်ထိခိုက်မှုမရှိခဲ့သည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များအနေဖြင့် ပိုမိုတိုးချဲ့ဆောင်ရွက်သွားရန်လိုကြောင်း၊ ထို့သို့ဆောင်ရွက်နိုင်မည်ဆိုပါက နိုင်ငံ၏ စားရေးကိုများစွာ အထောက်အကူ ပြုမည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ပြည်သူများ၏ စားရေးအတွက် ပူပန်မှုမရှိအောင်ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း။
ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများအတွက် ထောက်ပံ့ပေးသွားမည်
ငလျင်ဒဏ်ကြောင့် ထိခိုက်သေဆုံးခဲ့မှုများအတွက် တစ်ဦးလျှင်ငွေကျပ် ၁၀ သိန်း စီ ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း၊ အဆောက်အဦများထိခိုက်ပျက်စီးခဲ့မှုများနှင့် ပတ်သက်၍လည်း အဆောက်အဦပျက်စီးမှုများအပေါ်မူတည်ပြီး နိုင်ငံတော်မှ ထောက်ပံ့မှုများကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ဆောက်လုပ်ရေးလုပ်ငန်း များ ဆောင်ရွက်နေသူများအနေဖြင့်လည်း မတော်လောဘများဖြင့် ဈေးနှုန်းများ အဆမတန်မြှင့်တင်၍ ရောင်းချခြင်းများမရှိစေရေး တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ အဖွဲ့များအနေဖြင့် မှန်မှန်ကန်ကန်ဖြင့် ကြပ်မတ်ဆောင်ရွက်သွားရန်လိုကြောင်း။
မကြာမီတွင် ရောက်ရှိတော့မည့် သင်္ကြန်ပွဲတော်နှင့်ပတ်သက်၍ အများသူငှာ ပူဆွေးသောက ရောက်နေသည့်အချိန်ဖြစ်သဖြင့် ယခင်နှစ်များကဲ့သို့ စည်စည် ကားကားနှင့်ပျော်ပျော်ပါးပါး လုပ်ဆောင်ရန်မသင့်လျော်သည့်အတွက် သင်္ကြန်ကာလ ကို တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် အေးအေးချမ်းချမ်းဖြင့်သာ ဖြတ်သန်းသွား ကြရန် အားလုံးကိုအလေးထား မှာကြားလိုကြောင်း၊ ရိုးရာအစဉ်အလာနှင့်အညီ ရေပတ်ကစားခြင်းများကိုသာ ဆောင်ရွက်သွားကြစေလိုကြောင်း၊ ယခုအချိန်တွင် အရေးကြီးသည် မှာလုပ်သင့်လုပ်ထိုက်သည့်လုပ်ငန်းများကို မြန်မြန်ဆန်ဆန်ဖြင့် ပြီးစီးစေရေး ဆောင်ရွက်သွားရန်လိုကြောင်း၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဒုတိယ ဝန်ကြီးများအနေဖြင့်လည်း ထိခိုက်မှုဖြစ်ပေါ်ခဲ့သည့်တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မိမိတို့၏ ဝန်ကြီးဌာနလက်အောက်ခံရုံးဌာနများသို့ သွားရောက်၍ ကြည့်ရှုအားပေးပြီး လိုအပ် ချက်များကို ဖြည့်ဆည်းပေးသွားရန်လိုကြောင်းဖြင့် မှာကြားသည်။
သက်ဆိုင်ရာကဏ္ဍများအလိုက်အသီးသီးရှင်းလင်းတင်ပြ
ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ပြည်ထောင်စုဝန်ကြီး များက သက်ဆိုင်ရာ ကဏ္ဍအလိုက် ရှင်းလင်းတင်ပြကြသည်။
ထို့နောက် တက်ရောက်လာကြသည့် ပြည်ထောင်စုဝန်ကြီးများနှင့် တိုင်းဒေသ ကြီးနှင့်ပြည်နယ်ဝန်ကြီးချုပ်များ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များက ဖြစ်ပေါ်ခဲ့သည့် ငလျင်သဘာဝဘေးဒဏ် နှင့်ပတ်သက်၍ အထွေထွေဆွေးနွေးတင်ပြကြရာတွင် အင်အားပြင်းငလျင်ဖြစ်ပေါ်ခဲ့ပြီးနောက်ပိုင်းတွင် နောက်ဆက်တွဲငလျင်ငယ်များနှင့် ငလျင်ကြီးများဖြစ်ပေါ်လာနိုင်မှု၊ ထိခိုက်ပျက်စီးခဲ့ရသည့် ကားလမ်း၊ ရထားလမ်း၊ လေယာဉ်ပြေးလမ်းစသည့် ဆက်သွယ်ရေးလမ်းကြောင်းများကို အမြန်ဆုံးပြန်လည် ပြုပြင်ဆောင်ရွက်လျက်ရှိမှု၊ ပြည်ပနိုင်ငံများမှ ကူညီကယ်ဆယ်ရေးပစ္စည်းများနှင့် ကယ်ဆယ်ရေးအဖွဲ့များ တင်ဆောင်လာသည့် လေယာဉ်များဆိုက်ရောက်မှု၊ ငလျင် ဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် ရုံးအဆောက်အဦများ၊ ဝန်ထမ်းအိမ်ရာ များအတွက် ယာယီရုံးအဆောက်အဦနှင့် နေထိုင်ရန်နေရာများ စီစဉ်ဆောင်ရွက် ပေးလျက်ရှိမှု၊ ငလျင်ဒဏ်သင့်ပြည်သူများအနေဖြင့် မိုးမကျမီကာလအတွင်း ယာယီ နေထိုင်နိုင်ရန်အတွက် Modular House များစီစဉ်ဆောင်ရွက်ပေးနိုင်မှုနှင့် နိုင်ငံတကာ နှင့် Rapid Assessment များဆောင်ရွက်သွားသင့်သည့် အခြေအနေများ၊ ပြန်လည် ပြုပြင်ရမည့် အဆောက်အဦများ၊ လမ်းတံတားများကို ပြန်လည်ပြုပြင်တည်ဆောက် ရာတွင် ဖွဲ့စည်းထားသည့်ကော်မတီ၏ လမ်းညွှန်မှာကြားချက်များနှင့်အညီ တည် ဆောက်သွားရန်လိုအပ်မှု၊ ငလျင်ဒဏ်ကြောင့်ထိခိုက် ပျက်စီးခဲ့ရသည့်အဆောက်အဦ များအနက် အာမခံလုပ်ငန်းများ ဆောင်ရွက်ထားသည့် အဆောက်အဦများအား အာမခံလျော်ကြေးငွေများရရှိရေး လုပ်ထုံးလုပ်နည်းများနှင့်အညီ စစ်ဆေးကြပ်မတ် ဆောင်ရွက်လျက်ရှိမှု၊ ကြုံတွေ့ခဲ့ရသည့်ငလျင် ဘေးဒဏ်နှင့်ပတ်သက်၍ လေ့လာ သုံးသပ်ချက် အစီရင်ခံစာတစ်ရပ်ပြုစုနိုင်ရေးဆောင်ရွက် သွားရန်လိုအပ်မှု၊ ငလျင်ဘေး ဒဏ်သင့်ဒေသများအတွက် နိုင်ငံတကာနှင့် အဖွဲ့အစည်းအချို့တို့မှ အကူအညီများ ပေးအပ်နိုင်ရေးဆက်သွယ်ဆောင်ရွက်လျက်ရှိမှု၊ ငလျင်ဘေးဒဏ်သင့်ဒေသများ၌ ကူညီ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိမှု ပုံရိပ်များနှင့်လိုအပ်သည့် အသိ ပညာပေးမှုများကို နိုင်ငံပိုင်မီဒီယာလုပ်ငန်းများမှ ထုတ်လွှင့်ပြန်ကြားပေးလျက်ရှိမှု၊ ငလျင်ဘေးဒဏ်ဖြစ်ပွားမှုကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်း များ၌ ပြန်လည်ဆယ်တင်မှုများ ဆောင်ရွက်နိုင်ရေး၊ မလိုလားအပ်သည့် ထိခိုက် ဆုံးရှုံးမှုများဆက်လက် မဖြစ်ပေါ်လာစေရေး လိုအပ်သည့်အသိပညာပေးမှုများကို ကွင်းဆင်းဆောင်ရွက်လျက်ရှိမှု၊ သောက်သုံးရေ အခက်အခဲ များဖြစ်ပေါ်နေသည့် နေရာများ၌ သောက်သုံးရေရရှိရေး ဆောင်ရွက်ပေးလျက်ရှိမှု၊ ငလျင်ဘေးဒဏ်ကြောင့် လျှပ်စစ်ဓာတ်အားပေးစနစ်များ ထိခိုက်ပျက်စီးခဲ့ရမှု၊ ပြန်လည် ပြုပြင်ဆောင်ရွက် ပြီးစီးမှုနှင့် လျှပ်စစ်ဓာတ်အားများကို ပုံမှန်အတိုင်း ပြန်လည်ပေးဝေနိုင်ရေး ဆောင်ရွက် လျက်ရှိမှု၊ ငလျင်ဘေးဒဏ်သင့်ဒေသများ၌ အရေးပေါ်ကျန်းမာ ရေးကူညီစောင့်ရှောက် မှုများကို ဆောင်ရွက်ပေးလျက်ရှိမှုနှင့် ပျက်စီးခဲ့ရသည့် ဆေးရုံများနှင့် ခွဲစိတ်ခန်း များအား အမြန်ဆုံးပြန်လည်ပြုပြင်သွားရန်လိုအပ်မှု၊ ငလျင်သဘာဝဘေးအလွန်၌ ကူးစက်ကပ်ရောဂါများ ဖြစ်ပေါ်မှုမရှိစေရေးအတွက် သက်ဆိုင်ရာဒေသများအလိုက် သန့်ရှင်းရေးလုပ်ငန်းများနှင့် သန့်ရှင်းသည့် သောက်ရေရရှိရေး ဆောင်ရွက်ပေးလျက် ရှိမှု၊ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီမှပညာရှင်များ၊ မြန်မာနိုင်ငံအင်ဂျင်နီယာ အသင်းချုပ်မှ ပညာရှင်များ၊ အထပ်မြင့်နှင့် အများပြည်သူသုံး အဆောက်အအုံ တည် ဆောက်ရေးစီမံကိန်းများ ကြီးကြပ်စစ်ဆေးရေးပညာရှင်အဖွဲ့မှ ပညာရှင်များ၊ မြန်မာ နိုင်ငံ ငလျင်ကော်မတီမှပညာရှင်များ၊ အထူးလုပ်ငန်းကော်မတီမှ ပညာရှင်များပါဝင် သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့ဖြင့် ငလျင်ဘေးဒဏ်ကြောင့် ပျက်စီးသွားသည့် အဆောက်အအုံများအား ခေတ်မီစမ်းသပ်ကိရိယာများဖြင့် စစ်ဆေး၍ သာမန်ပြင်ဆင် နိုင်သည့် အဆောက်အဦ၊ အကြီးစားပြင်ဆင်ရမည့် အဆောက်အဦနှင့် ပြုပြင်၍မရဘဲ ဖယ်ရှားရှင်းလင်းရမည့် အန္တရာယ်ရှိအဆောက်အဦများအဖြစ် ခွဲခြား သတ်မှတ်နိုင်ရေး ဆောင်ရွက်လျက်ရှိမှုနှင့် ငလျင်ကြောင့် ဖြစ်ပေါ်ခဲ့သောပျက်စီးမှုများအား မှတ်တမ်း တင်ခြင်း၊ ညှိနှိုင်းသုံးသပ်ခြင်းနှင့် နောင်တွင်ဆောင်ရွက်ရမည့် နည်းလမ်းများ ဖော်ထုတ်ခြင်းတို့ကို ဆက်လက်ဆောင်ရွက်လျက်ရှိမှု၊ နိုင်ငံတကာမှ ပေးပို့လာသည့် ကူညီထောက်ပံ့ရေးပစ္စည်းများအား စနစ်တကျစစ်ဆေးမှတ်တမ်းတင်၍ သက်ဆိုင်ရာ ဒေသအလိုက် အမြန်ဆုံးဖြန့်ဝေပေးလျက်ရှိမှု၊ ငလျင်ဘေးဒဏ် သင့်ခဲ့ရသည့် တိုင်းဒေသကြီးနှင့်ပြည်နယ်အလိုက် ငလျင်ဘေးဒဏ်ကြောင့် ထိခိုက် ပျက်စီးဆုံးရှုံး ခဲ့ရမှုနှင့် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက် လျက်ရှိမှု၊ ငလျင်ဘေးဒဏ်သင့်ခဲ့ရသူများအတွက် လိုအပ်သည့်ကူညီ ထောက်ပံ့မှုများ နှင့် နေရေး၊ စားရေး အဆင်ပြေစေရေး ဆောင်ရွက်ပေးလျက်ရှိမှု တို့နှင့်ပတ်သက်၍ ဆွေးနွေးတင်ပြကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီး ချုပ်က မြန်မာနိုင်ငံအမျိုးသားအဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော် မတီအနေဖြင့် ငလျင်ဒဏ်ဖြစ်ပေါ်ခဲ့သည့်နေ့မှစ၍ စတင်ဖွင့်လှစ်ခဲ့ပြီး လိုအပ်သည့် လုပ်ငန်းရပ်များကို အချိန်နှင့်တပြေးညီဆောင်ရွက်ခြင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီသို့တင်ပြ၍ ညွှန်ကြားချက်များအရ ဆောင်ရွက်ခြင်းတို့ကို ဆောင်ရွက်လျက် ရှိကြောင်း၊ နိုင်ငံတကာနှင့်ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိရာတွင် နိုင်ငံပေါင်း ၂၆ နိုင်ငံမှ အရေးပေါ်ကူညီကယ်ဆယ်ရေးအဖွဲ့များကလည်း မြန်မာနိုင်ငံမှကူညီကယ်ဆယ်ရေး အဖွဲ့များနှင့် အတူတကွ ပူးပေါင်း၍ ဝိုင်းဝန်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် ကူညီကယ်ဆယ်ရေးအဖွဲ့များအနေဖြင့် မည်သည့်အဖွဲ့အစည်းမဆို သီးခြားလွတ်လပ်စွာရပ်တည်၍ ဆောင်ရွက်ခွင့်မရှိပဲ ကြိုတင်ခွင့်ပြုချက်တောင်းခံထား သည့် အဖွဲ့အစည်းများဖြစ်ရန်လိုပြီး သက်ဆိုင်ရာတာဝန်ရှိသူများနှင့် အတူတကွ ပူး ပေါင်း ဆောင်ရွက်မှသာခွင့်ပြုပေးသွားမည်ဖြစ်သည်ကို မူဝါဒတစ်ရပ်အနေဖြင့် ဆောင် ရွက်သွားရန်လိုကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်များအနေဖြင့်လည်း မိမိတို့သက်ဆိုင်ရာနယ်မြေများသို့ ရောက်ရှိလာသည့် ကူညီကယ်ဆယ်ရေးအဖွဲ့များ၊ NGO အဖွဲ့အစည်းများကို မိမိတို့ကူညီကယ်ဆယ်ရေးအဖွဲ့များနှင့် အတူတကွ ပူး ပေါင်း ဆောင်ရွက်မှသာခွင့်ပြုပေးသွားရန်လိုကြောင်း၊ ငလျင်ဒဏ်နှင့် ပတ်သက်၍နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် မူဝါဒ ချမှတ်ထားသည့် ပျက်စီးသွားခဲ့သည့် အပျက်အစီးများကို မြန်မြန်ဆန်ဆန် သိမ်းဆည်းသွားရန်၊ ပြင်ဆင် သင့်၊ ပြင်ဆင်ထိုက်သည့် အဆောက်အဦများကို ပြင်ဆင်သွားနှင့် ပြန်လည်ထူထောင် ရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားရန် ဟူသည့်လုပ်ငန်းစဉ်များအတိုင်း ငလျင်ဘေးဒဏ်ကို ဆက်လက်ကျော်ဖြတ်သွားရမည်ဖြစ်ကြောင်း။
ငလျင်ဘေးဒဏ်သင့်ခဲ့ရသူများအားလုံးကို မိုးမကျမီ ယာယီအမိုးအကာအောက် သို့ ရောက်ရှိစေရေး ဆောင်ရွက်ပေးသွားရန်လိုသဖြင့် ဦးစားပေးဆောင်ရွက်ပေးသွား ရန်လိုကြောင်း၊ အလားတူ ပျက်စီးမှုများဖြစ်ပေါ်ခဲ့ရသည့် စာသင်ကျောင်းများအစား ယာယီကျောင်း အဆောက်အဦများဖြင့် ဆောင်ရွက်ပေးနိုင်ရေးဆောင်ရွက်သွားရန်လို ကြောင်း၊ ထောက်ပံ့ရေးပစ္စည်းများပေးအပ်လှူဒါန်းရာတွင် သက်ဆိုင်ရာဒေသ အစိုးရ အဖွဲ့များထံသို့ သတင်း ပေးပို့မှုမရှိဘဲ မိမိအစီအစဉ်ဖြင့် ဆောင်ရွက်ခြင်းများသည် မလိုလားအပ်သည့် အုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်များ ဖြစ်ပေါ်လာနိုင်သဖြင့် သက်ဆိုင်ရာ အစိုးရအဖွဲ့မှ တာဝန်ရှိသူများနှင့် ဆက်သွယ်ဆောင်ရွက်သွားရန်လိုအပ်မည်ဖြစ် ကြောင်း၊ ထို့ပြင် ငလျင်ဘေးဒဏ်နှင့်ပတ်သက်၍ ကောလာဟလသတင်းများ၊ မဟုတ် မမှန်သတင်းများ ထုတ်လွှင့်၍ ပြည်သူလူထု အထိတ်တလန့်ဖြစ်စေရေး၊ ပြည်သူလူထု မှ အစိုးရအပေါ် အယုံအကြည်ကင်းမဲ့စေရေး ရည်ရွယ်ချက်ရှိရှိဖြင့် ဖြန့်ဝေနေမှုများနှင့် ပတ်သက်၍လည်း သက်ဆိုင်ရာတာဝန်ရှိသူများထံသို့ သတင်းပေးပို့သွားကြရန်လိုပြီး မိမိတို့အနေဖြင့် လိုအပ်သည့်ဖြေရှင်းမှုများကို အမြန်ဆုံးဆက်လက်ဆောင်ရွက်သွား မည်ဖြစ်ကြောင်းဖြင့် ဆွေးနွေးပြောကြားသည်။
ဖြည့်စွက်ဆွေးနွေးမှာကြား
ဆွေးနွေးတင်ပြမှုများနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဆက်သွယ်ရေးလမ်းကြောင်းများအားလုံး အမြန်ဆုံးပြန်လည် ဖွင့်လှစ်ပေးနိုင်ရေး ဆောင်ရွက်သွားရန်လိုကြောင်း၊ ပြည်ပအကူအညီများနှင့် ပတ် သက်၍ ဘေးဒဏ်သင့်ဒေသများတွင် အမှန်တကယ်အကူအညီများ ပေးအပ်လိုသည့် အဖွဲ့အစည်းများရှိသကဲ့သို့ ငလျင်ဘေးဒဏ်ကို အကြောင်းပြ၍ အပြုသဘော မဆောင် သည့် ဝင်ရောက်လာမှုများလည်း ရှိနိုင်သဖြင့် စနစ်တကျစိစစ်၍ လက်ခံသွားရန် လိုအပ်မည်ဖြစ်ကြောင်း၊ နိုင်ငံတကာမှ ပေးပို့လာသည့် ကူညီထောက်ပံ့ရေးပစ္စည်း များကို လိုအပ်နေသူများထံသို့ အမြန်ဆုံးဖြန့်ဝေပေးသွားရန် လိုအပ်မည်ဖြစ်ကြောင်း၊ ကယ်ဆယ်ရေးပစ္စည်းများ ပေးအပ်ရာတွင်လည်း ငလျင်ဘေးဒဏ်သင့်ခဲ့ရသူများ အား လုံး၊ ရသင့်ရထိုက်သူများအားလုံးရရှိစေရေး စနစ်တကျ စာရင်းပြုစုဆောင်ရွက်သွား ရန်လိုကြောင်း၊ စာရင်းများ မထပ်စေရေးနှင့် ကျန်နေခဲ့ရသူများ မရှိစေရေး မျှမျှတတ ဖြစ်စေရေး တာဝန်ရှိသူများအားလုံးက ကြပ်ကြပ်မတ်မတ်ဆောင်ရွက်သွားရန်လို ကြောင်း၊ ငလျင်သဘာဝဘေးကြောင့် ထိခိုက်ဒဏ်ရာရရှိမှုများတွင် ခြေလက်အင်္ဂါ ဆုံးရှုံးခဲ့ရသူများအား စနစ်တကျမှတ်တမ်းပြုစုထားရှိရန်လိုကြောင်းဖြင့် ဖြည့်စွက် ဆွေးနွေး မှာကြားသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကားပြောကြားရာတွင် အဆောက်အဦများ ဆောက်လုပ်ရာတွင် သပ်သပ်ရပ်ရပ်ဖြင့် ခိုင်ခိုင်ခန့်ခန့်ဆောင်ရွက်သွားရန်လိုကြောင်း၊ ဘုရားကျောင်းကန် များကိုလည်း စနစ်တကျဖြင့်ဆောင်ရွက်ရန်လိုကြောင်း၊ အလားတူ ဘုန်းတော်ကြီး ကျောင်းများနှင့် ဗလီများကိုလည်း ယခင်ခွင့်ပြုထားသည့်အတိုင်း တည်ဆောက်ခွင့် ပြုရန်လိုကြောင်း၊ အလားတူခရစ်ယာန်ကျောင်းများ ပျက်စီးမှုများရှိပါကလည်း ဘာသာ ရေးနှင့်ပတ်သက်သည့် အဆောက်အဦများကို စနစ်တကျဖြင့်ဆောင်ရွက်ပေး ကြရန်လိုကြောင်း၊ စာသင်ကျောင်းများနှင့်ပတ်သက်၍ မူလတန်းကျောင်းများကို ကျောင်းဖွင့်ရာသီအမီ အမြန်ဆုံးပြန်လည်ပြင်ဆင်၍ ဖွင့်လှစ်နိုင်ရန် ဆောင်ရွက်နိုင်ရန် လိုကြောင်း၊ ပြင်ဆင်ရန်မမီပါက ယာယီကျောင်းဆောင်များဆောက်လုပ်ပေးရန် လိုကြောင်း၊ အဓိကအားဖြင့် ကျောင်းသား၊ ကျောင်းသူများကျောင်းတက်ရောက်နိုင် ရေးကြိုတင်ပြင်ဆင်ထားရှိသွားရန်လိုကြောင်း၊ ခွင့်ပြုချက်မရရှိဘဲ ပုဂ္ဂလိကကျောင်း များဖွင့်လှစ်မှုမရှိစေရေးအတွက်လည်း တာဝန်ရှိသူများက စနစ်တကျစိစစ်ဆောင်ရွက် နေရန်လိုကြောင်း။
အချက်အလက်များ ကောက်ယူခြင်းနှင့်ပတ်သက်၍ မှန်ကန်မှုရှိစေရေး စနစ် တကျဖြင့်ဆောင်ရွက်ရန်လိုကြောင်း၊ နိုင်ငံပိုင်စက်ရုံများနှင့် ပုဂ္ဂိကပိုင်စက်ရုံများ အမြန် ပြန်လည်လည်ပတ်နိုင်ရေးနှင့် MSME လုပ်ငန်းများ အမြန်ပြန်လည်လည်ပတ်နိုင် ရေးဆောင်ရွက် ပေးသွားရန်လိုကြောင်း၊ လမ်းတံတားများပြန်လည်ပြင်ဆင်မှုများ ဆောင်ရွက်ရာတွင်လည်း အင်ဂျင်နီယာပညာရပ်နှင့်အညီ သတ်မှတ်ချက်များနှင့် ကိုက်ညီအောင်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း၊ “အစကောင်းမှအနှောင်းသေချာ” ဆိုသည့်အတိုင်း စတင်ဆောက်လုပ်စဉ်ကတည်းက ကောင်းမွန်ခိုင်ခန့်အောင်ဆောင် ရွက်သွားရန်လိုကြောင်း။
ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် ဝန်ထမ်းအိမ်ရာများနှင့်ပတ်သက်၍ အသစ်ပြန် လည်တည်ဆောက်ပေးသွားမည်ဖြစ်ကြောင်း၊ ထိုသို့ပြန်လည်တည်ဆောက်ရာတွင် လည်း သတ်မှတ်ချက်များနှင့်အညီ ခိုင်ခံ့အောင်ဆောင်ရွက်သွားရန်လိုကြောင်း၊ အဆောက်အဦများတည်ဆောက်ရာတွင် ပေါ့ပေါ့တန်တန်ဆောင်ရွက်ခဲ့မှုများကြောင့် မလိုလားအပ်သည့် လူ့အသက်ဆုံးရှုံးမှုများစွာပေးဆပ်ခဲ့ရခြင်းဖြစ်ကြောင်း၊ ဆောက်လုပ် ရေးလုပ်ငန်းများကိုဆောင်ရွက်ကိုယ့် အကျိုးအမြတ်ကိုတစ်ခုတည်းကိုအဓိကမကြည့်ပဲ သတ်မှတ်ချက်များနှင့်ကိုက်ညီအောင်ဆောင်ရွက်ကြရန်လိုကြောင်း၊ မိမိတို့အနေဖြင့် နောင်တည်ဆောက်မည့်လုပ်ငန်းများတွင် SOP များ ရေးဆွဲထုတ်ပြန်၍ စနစ်တကျ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ဆောက်လုပ်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် နောင်တစ်ချိန်၌ ကြီးမားသောဆုံးရှုံးမှုများမဖြစ်စေရေး တာဝန်ရှိသူများက ကြပ်မတ် ဆောင်ရွက်သွားကြရန် အလေးထားမှာကြားလိုကြောင်းဖြင့် ပြောကြားပြီး အစည်း အဝေးကိုရုပ်သိမ်းလိုက်သည်။
အစည်းအဝေးအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်သည် တာဝန်ရှိသူများလိုက်ပါ၍ အမျိုးသားပြတိုက်သို့သွားရောက်ပြီး ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့ရမှုများကို ကြည့်ရှုစစ်ဆေးသည်။
ထိုသို့ကြည့်ရှုစစ်ဆေးစဉ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်ကတာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် ပျက်စီးမှုများဖြစ်ပေါ်နေသည့် နေရာများမှ ပစ္စည်းများအား စနစ်တကျရွှေ့ပြောင်းသွားရန်လိုကြောင်း၊ အဆောက်အဦ များ ထိခိုက်ပျက်စီးမှုများဖြစ်ပေါ် ခဲ့သည့်အဆောက်အဦများအား မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းချုပ်မှ ပညာရှင်များနှင့် စနစ်တကျစစ်ဆေးပြီး ပြန်လည်ပြုပြင် ရေးလုပ်ငန်းများကို စနစ်တကျဆောင်ရွက်သွားရန်လိုကြောင်း၊ ယခုကဲ့သို့ ထိခိုက် ပျက်စီးမှုများဖြစ်ပေါ်နေချိန်အတွင်း ပြတိုက်အတွင်းသို့ဝင်ရောက်မှုများကို စနစ်တကျ မှတ်တမ်းတင်၍ ဘေးအန္တရာယ်ကင်းရှင်းစေရေးဆောင်ရွက်သွားရန်လိုကြောင်း၊ အလားတူ အမျိုးသားစားကြည့်တိုက်ရှိ ပျက်စီးမှုများကိုလည်း တာဝန်ရှိသူများ အနေဖြင့်စစ်ဆေးပြီး ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများကို စနစ်တကျဆောင်ရွက် ရန်နှင့် အခြားလိုအပ်သည်များကိုလမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား နေပြည်တော်၊ ဧပြီ - ၅
Saturday, April 5, 2025 - 03:45