နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်   ဆဋ္ဌမအကြိမ်မြောက် ဘင်းမ်စတက်ထိပ်သီး အစည်းအဝေးသို့တက်ရောက်ပြီး မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိ နေပြည်တော်၊ ဧပြီ - ၄

Friday, April 4, 2025 - 03:00

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ထိုင်းနိုင်ငံတွင်ကျင်းပပြုလုပ်သည့် ဆဋ္ဌမ အကြိမ်မြောက် ဘင်းမ်စတက်ထိပ်သီး အစည်းအဝေးသို့တက်ရောက်ပြီး ယနေ့ည ဒေသစံတော်ချိန် ၉ နာရီတွင် အထူးလေယာဉ်ဖြင့် ထိုင်းနိုင်ငံဒွန်မောင်းလေဆိပ်(Wing - 6) မှပြန်လည်ထွက်ခွာရာ ထိုင်းနိုင်ငံအလုပ်သမားဝန်ကြီး H.E. Mr. Phiphat Ratchakitprakan ၊ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာ နိုင်ငံသံအမတ်ကြီး ဦးဇော်ဇော်စိုးနှင့် တာဝန်ရှိသူများက လေဆိပ်တွင်ပို့ဆောင်နှုတ်ဆက်ကြသည်။

ထို့နောက် ည ၁၀ နာရီအချိန်တွင် နေပြည်တော် တပ်မတော်လေဆိပ်သို့ ရောက်ရှိကြရာ ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီအတွင်းရေးမှူး၊ ကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ညှိနှိုင်း ကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ)နှင့် ကာကွယ်ရေးဦးစီးချုပ်ရုံးမှအဆင့်မြင့်တပ်မတော် အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ မြန်မာနိုင်ငံဆိုင်ရာထိုင်းနိုင်ငံ သံအမတ်ကြီး H.E. Mr. Suphatra Srimaitreephithak နှင့် တာဝန်ရှိသူများက လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ  ခရီးစဉ်တွင် အဖွဲ့ဝင်များအဖြစ်လိုက်ပါသွားသည့် ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးသန်းဆွေ၊ ဗိုလ်ချုပ် ကြီး မိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများ၊ စစ်ဘက်၊ နယ်ဘက်မှ တာဝန်ရှိသူများ ပြန်လည်လိုက်ပါလာကြ သည်။

          ခရီးစဉ်အတွင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် သည် ဆဋ္ဌမအကြိမ်မြောက် ဘင်းမ်စတက်ထိပ်သီး အစည်းအဝေးသို့တက်ရောက် ခဲ့ပြီး ဘင်းစတက်အဖွဲ့ဝင်နိုင်ငံများမှ အစိုးရအဖွဲ့အကြီးအကဲများနှင့် တွေ့ဆုံဆွေးနွေး၍ မြန်မာနိုင်ငံတွင် ငလျင်သဘာဝဘေးဒဏ်ကြောင့် ဖြစ်ပေါ် ကြုံတွေ့နေရသည့် အခြေ အနေများ၊ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေး လုပ်ငန်းများကို ထိရောက် စွာဆောင်ရွက်နိုင်ရန် နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများ၊ နိုင်ငံ များအကြား ပူးပေါင်းဆောင်ရွက်မှုများနှင့်ချစ်ကြည်ရင်းနှီးမှုဆိုင်ရာ ကိစ္စရပ်များ အား ဆွေးနွေးနိုင်ခဲ့ကြောင်း သတင်းရရှိသည်။