မြေငလျင်နှင့်ပတ်သက်ပြီး မီဒီယာများ၊ လူမှုအဖွဲ့အစည်းများ၏ မေးမြန်းချက်များ၊ ကူညီကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်နေမှုများနှင့် တရုတ်နိုင်ငံမှကြက်ခြေနီယာဉ်တန်း ပစ်ခတ်ခံရသည်ဆိုသည့်သတင်းနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း၏ ပြောကြားချက်
၂-၄-၂၀၂၅
ယနေ့ နံနက် ၈ နာရီအထိ ရရှိတဲ့စာရင်းများအရ တစ်နိုင်ငံလုံးမှာ မြေငလျင်ဒဏ်ကြောင့် သေဆုံးသူ ၈၈၆ ဦး၊ ဒဏ်ရာရရှိသူ ၄၆၃၉ ဦး၊ ပျောက်ဆုံးနေသူ ၃၇၃ ဦး ရှိပါတယ်။ ဒါနဲ့ပတ်သက်ပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို အင်တိုက်အားတိုက်ဆောင်ရွက်လျက်ရှိပါတယ်။ ကူညီကယ်ဆယ်ရေး လုပ်ငန်းများနဲ့ပတ်သက်ပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ရပ်တန့်လိုက်ပြီ၊ ကူညီကယ်ဆယ်ရေး လုပ်ငန်းများနဲ့ပတ်သက်ပြီး ကောလာဟလတွေ လွှင့်ထုတ်နေတာရှိပါတယ်။ ဒါတွေဟာ မှန်ကန်ခြင်းမရှိ ပါဘူး။ မြန်မာနိုင်ငံနဲ့ နိုင်ငံတကာက ကူညီကယ်ဆယ်ရေးအသင်းအဖွဲ့များ ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ တပ်မတော်၊ ကြက်ခြေနီအဖွဲ့များ၊ မီးသတ်တပ်ဖွဲ့များအားလုံး ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို အင်တိုက် အားတိုက်ဆောင်ရွက်လျက်ရှိပါတယ်။ ဒါကြောင့်မလို့လည်း ဧပြီလ ၁ ရက်နေ့မှာ နေပြည်တော် ဇမ္ဗူသီရိ မြို့နယ်၊ ဉာဏသိဒ္ဓိရပ်ကွက် တိုက်မှာပိတ်မိနေတဲ့ အမျိုးသမီး ၁ ဦး ကူညီကယ်ဆယ်ပေးနိုင်ခဲ့ပါတယ်။ ဧပြီလ ၂ ရက်နေ့ နံနက် ၁ နာရီဝန်းကျင်မှာလည်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ တူကီယဲနိုင်ငံက ကူညီကယ်ဆယ်ရေးအဖွဲ့ဝင်တွေပူးပေါင်းပြီး ပုဗ္ဗသီရိမြို့နယ်၊ အေးချမ်းသာဟိုတယ်မှာ ပိတ်မိနေတဲ့ အမျိုးသား ၁ ဦးကို ကယ်ထုတ်နိုင်ခဲ့ပါတယ်။ ငလျင်လှုပ်ပြီး ၅ ရက် မြောက်နေ့မှာ အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့တာဖြစ်ပါတယ်။ နောက်ထပ်တစ်ဦးလည်း အသက်ရှင်လျက်ရှိတယ်ဆိုတာ သိရပါတယ် အခုကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက် ရှိပါတယ်။ တစ်နိုင်ငံလုံးမှာလည်း ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို အားမလျော့ဘဲ ဆက်လက် ဆောင်ရွက်နေတယ်ဆိုတာကို မိဘပြည်သူများကို အသိပေးပြောကြားလိုပါတယ်။ ဒီနေ့ နံနက်အထိ ပြည်တွင်းပြည်ပက ရှာဖွေကယ်ဆယ်ရေး အဖွဲ့များနဲ့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့၊ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ကူညီကယ်ဆယ်ရေး အဖွဲ့တို့ပူးပေါင်းပြီး အမျိုးသား ၃၃၅ ဦး၊ အမျိုးသမီး ၃၁၅ ဦး၊ စုစုပေါင်း ၆၅၀ ဦး အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် အမျိုးသား ၂၄၅ ဦး၊ အမျိုးသမီး၂၅၆ ဦး၊ စုစုပေါင်း ၅၀၁ ဦး ကိုတော့ Deadbody အနေနဲ့ရှာဖွေနိုင်ခဲ့ကြောင်းကိုလည်း ပြောကြားလိုပါတယ်။
နိုင်ငံတကာ အကူအညီများရောက်ရှိမှုနဲ့ပတ်သက်ပြီး ပြောကြားသွားပါမယ်။ မြန်မာနိုင်ငံရဲ့ ငလျင်သဘာဝဘေးအန္တရာယ်ကို နိုင်ငံတကာအကူအညီများလည်း ဆက်တိုက်ရောက်ရှိလျက်ရှိပါတယ်။ အခုချိန်ထိ တရုတ်နိုင်ငံ၊ ရုရှားနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ ထိုင်းနိုင်ငံ၊ စင်္ကာပူ၊ မလေးရှား၊ ဘင်္ဂလားဒေ့ရှ်၊ ဗီယက်နမ်၊ ယူအေအီး၊ လာအို၊ ဘယ်လာရုစ်၊ အင်ဒိုနီးရှား၊ ဘူတန်၊ ဖိလစ်ပိုင်၊ ဂျပန်၊ တရုတ်ဟောင်ကောင်က စတဲ့နိုင်ငံပေါင်း ၁၅ နိုင်ငံက အကူအညီများရောက်ရှိပြီးဖြစ်ပါတယ်။ လေယာဉ်စီးရေ ၅၃ စီးရောက်ရှိပြီး ဖြစ်ပါတယ်။ ကယ်ဆယ်ရေးဝန်ထမ်း ၁၅၁၉ ဦးကို နိုင်ငံ ၁၄ နိုင်ငံက စေလွှတ်ပြီး လက်တွေ့ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိပါတယ်။ ထောက်ပံ့ရေး ပစ္စည်းတန်ချိန် ၃၅၄ တန်ကျော်၊ ကယ်ဆယ်ရေးပစ္စည်းတန်ချိန် ၄၉၅ တန် ရောက်ရှိပြီး ဖြစ်ပါတယ်။ ဒါ့အပြင် ကုန်းလမ်း၊ ရေလမ်းကလည်း ကူညီလျက်ရှိပါတယ်။ ခုန ပြောခဲ့တာတွေက လေကြောင်းက ရောက်ရှိတဲ့အကူအညီတွေဖြစ်ပါတယ်။
တရုတ်နိုင်ငံအနေနဲ့ Blue Sky ကူညီကယ်ဆယ်ရေးအသင်းက ကား ၆ စီးနဲ့ မန္တလေးကို ရောက်ရှိပြီး ဧပြီလ ၁ ရက်နေ့ မနက်အစောပိုင်းကရောက်ရှိပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါတယ်။ အိန္ဒိယနိုင်ငံအနေနဲ့လည်း အိန္ဒိယ ရေတပ်မတော်က စစ်ရေယာဉ် ၂ စင်း၊ မတ်လ ၃၁ ရက်နေ့က ထောက်ပံ့ကူညီရေးပစ္စည်းတွေနဲ့ရောက်ရှိပြီး ကူညီကယ်ဆယ်ရေး ဆောင်ရွက်လျက်ရှိပါတယ်။ ဒီနေရာမှာ ကျွန်တော်ပြောချင်တာက ဒီနေ့ဖြစ်ပေါ်နေတဲ့သတင်း တရုတ်နိုင်ငံက ကြက်ခြေနီအသင်းကသယ်ဆောင်လာတဲ့ ယာဉ် ၉ စီးကို တပ်ကနေပစ်ခတ်တယ်ဆိုတဲ့ သတင်းထွက်ပေါ်နေတာရှိပါတယ်။ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ပြောရမယ်ဆိုလို့ရှိရင် ဧပြီလ ၁ ရက်နေ့ ည ၉ နာရှိလောက်မှာ နောင်ချိုမြို့နယ်၊ ဥမ္မတီးကျေးရွာ ဒီနေရာသည် TNLA နဲ့ တပ်မတော် တိုက်ပွဲတွေဖြစ်ပွားနေတဲ့နေရာ ဖြစ်ပါတယ်။ အများစုလည်း သတိပြုမိမှာဖြစ်ပါတယ်။ အဲဒီနေရာမှာ ည ၉ နာရီလောက်မှာ ကြိုတင်အကြောင်းကြားထားခြင်းမရှိဘဲနဲ့ မီးတွေထိုးပြီးတော့ ယာဉ်များရောက်ရှိ လာတာရှိပါတယ်။ ဒါနဲ့ပတ်သက်ပြီး အဲဒီမှာရှိနေတဲ့ တပ်မတော် လုံခြုံရေးတာဝန်ကျ အဖွဲ့များအနေနဲ့ တားဆီးခဲ့တာရှိပါတယ်။ ရပ်တန့်ခြင်းမရှိပါဘူး။ အဲဒီမှာ မိုးပေါ်ထောင်ပြီး သေနတ်သုံးချက်ပစ်ဖောက်ပြီး တားဆီးခဲ့ပါတယ်။ အဲဒီယာဉ်တန်းက နောင်ချိုဘက်ကို ပြန်သွားတယ်ဆိုတဲ့ သတင်းရရှိခဲ့ပါတယ်။ ကျွန်တော်တို့ ရှမ်းအရှေ့မြောက်ဒေသနဲ့ ဆက်စပ်ဒေသတွေမှာ TNLA အနေနဲ့ MNDAA အဖွဲ့နဲ့လည်း ပဋိပက္ခဖြစ်ပွားခဲ့တာကို မြင်တွေ့ရမှာဖြစ်ပါတယ်။ ဒီနေရာမှာ နိုင်ငံရေးအမြတ်ထုတ်လိုမှုကြောင့် ဒါကိုသူတို့ပြောခြင်းဖြစ်တယ်လို့ပဲ ကျွန်တော်တို့မြင်ပါတယ်။ ကူညီကယ်ဆယ်ရေးအဖွဲ့တွေအနေနဲ့ သူရဲ့ လုပ်ထုံးလုပ်နည်းတွေရှိပါတယ်။ ကူညီကယ်ဆယ်ရေးအဖွဲ့တွေအနေနဲ့ ကြိုတင်အကြောင်းကြား တာတွေ၊ ကြိုတင်ညှိနှိုင်းရတာတွေ၊ သက်ဆိုင်ရာ စစ်သံ သံရုံးတွေကနေ ပြောကြားတာ တွေရှိပါတယ်။ ဒီနေရာမှာ ကျွန်တော်တို့ ဥပမာတစ်ခုပြောချင်ပါတယ်။ ခုနကျွန်တော်ပြောတဲ့အထဲမှာ ပါပြီးသားပါ။ တရုတ်နိုင်ငံက ကုန်းလမ်းကနေဝင်ရောက်လာတဲ့ Blue Sky ကူညီကယ်ဆယ်ရေးအသင်း အဲဒီအသင်း မန္တလေးမှာ ရောက်ရှိပြီးတော့မှ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ စတင်နေပြီဖြစ်ပါတယ်။ အဲဒီ Blue Sky တရုတ်ကူညီကယ်ဆယ်ရေးအသင်းက မတ်လ ၃၁ ရက်နေ့ ည ၁၀ နာရီ ၂၀ မိနစ်ခန့်မှာ နယ်စပ်ကနေဝင်လာကတည်းကအတိုင်း ကြိုတင်အကြောင်း ကြားခဲ့ပါတယ်။ မတ်လ ၃၁ ရက်နေ့ ည ၁၀ နာရီ ၂၀ မှာ ဝက်ဝံဂိတ်ကိုရောက်ပါတယ်။ ၁၆ မိုင် ဂိတ်ကို ည ၁၁ နာရီချိန်မှာရောက်ပါတယ်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ကူညီလုံခြုံရေးယူပြီးတော့မှ မန္တလေးကို ဧပြီလ ၁ ရက်နေ့ နံနက် ၁ နာရီ မထိုးခင်မှာ ရောက်ပါတယ်။ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေပါတယ်။ ကျွန်တော် ဆိုလိုတာက ကြိုတင်အကြောင်းကြားထားခြင်းရှိရင်၊ ကြိုတင်ပြောကြားထားခြင်းရှိရင် ကျွန်တော်တို့ အနေနဲ့ လုံခြုံပါတယ်။ ကူညီကယ်ဆယ်ရေးအသင်းများအားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်။ မြန်မာနိုင်ငံအစိုးရအနေနဲ့ အထူးကျေးဇူးတင်ရှိပါတယ်။ ကူညီကယ်ဆယ်ရေးလုပ်ငန်းကို ဆောင်ရွက်တဲ့ နေရာမှာ ကျွန်တော်တို့နိုင်ငံသည် သောင်းကျန်းသူအဖျက်သမားများကြောင့် တည်ငြိမ်မှု မရှိသေးတဲ့ နယ်မြေတွေ ရှိပါတယ်။ တည်ငြိမ်မှုမရှိသေးတဲ့နယ်မြေတွေမှာတော့ အကြောင်းကြားတာတွေ ၊ ပူးပေါင်း ဆောင်ရွက်တာတွေ၊ လုံခြုံရေးအရ ကူညီစောင့်ရှောက်မှု ခံယူတာတွေ ပြုလုပ်သင့်တယ်လို့ ကျွန်တော့် အနေနဲ့ အကြံပေးတိုက်တွန်းလိုပါတယ်။ ခုဖြစ်နေတဲ့အဖွဲ့ကတော့ တရုတ်နိုင်ငံရဲ့ ကြက်ခြေနီ အသင်းလို့ပါတယ်။ သို့သော်လည်း ပုံတွေမှာလည်း ခင်ဗျားတို့တွေ့ရမှာဖြစ်တယ်။ မြန်မာနိုင်ငံသားတွေပဲ ဖြစ်ပါတယ်။ ကြိုတင်အကြောင်းကြားထားခြင်းမရှိပါဘူး။ ကြိုတင်အကြောင်းကြားဖို့ ကျွန်တော် ပြောလိုပါတယ်။ ညှိနှိုင်းဆောင်ရွက်ဖို့ ကျွန်တော်ပြောလိုပါတယ်။ ဒါဆိုရင် ကျွန်တော်တို့အနေနဲ့ ကူညီကယ်ဆယ်မှုတွေကို အမြဲတမ်းလက်ကမ်းကြိုဆိုလျက်ရှိတယ်ဆိုတာကို ပြောကြားလိုပါတယ်။ နောက်တစ်ခုကတော့ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေတဲ့နေရာမှာ နိုင်ငံတကာက ကူညီ ကယ်ဆယ်ရေးအသင်းတွေ၊ နိုင်ငံတကာကဆေးတပ်ဖွဲ့တွေ၊ နိုင်ငံတကာက ဆေးပညာရှင်တွေ လာရောက်ကူညီလျက်ရှိပါတယ်။ အထူးကျေးဇူးတင်ရှိပါတယ်။ ခင်ဗျားတို့ ကျွန်တော်တို့ မြင်မှာပါ။ တပ်မတော်သားတွေ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်တွေ၊ မီးသတ် တပ်ဖွဲ့ဝင်တွေ ကူညီကယ်ဆယ်ရေး ဆောင်ရွက်လျက်ရှိပါတယ်။ သူတို့ကရော၊ သူတို့ရဲ့ မိသားစုဝင်တွေကရော ငလျင်ဒဏ်မခံရတာ မဟုတ်ပါဘူး၊ သူတို့ရဲ့မိသားစုတွေ ငလျင်ဒဏ်ခံရတဲ့ သူတို့ရဲ့ အိုးအိမ်တွေကို နောက်မှာထားပြီး သူတို့စွန့်စွန့်စားစား ဆောင်ရွက်နေရတာဖြစ်ပါတယ်။ သူတို့ရဲ့ လုပ်ရပ်တွေအပေါ်မှာ မချီးကျူးချင်နေပါ သူတို့ရဲ့ လုပ်ရပ်တွေကို မသိချင်ယောင်ဆောင်ချင်လည်းဆောင်ပါ။ သို့သော် စာနာနားလည် ထောက်ထားပေးဖို့ ကျွန်တော်ပြောချင်ပါတယ်။ တချို့တပ်မတော်သားတွေဆိုရင် မတ်လ ၂၇ ရက် တပ်မတော်နေ့မှာ စစ်ရေးပြလုပ်ခဲ့ပါတယ်။ မတ်လ ၂၈ ရက်နေ့ ဖြစ်တာနဲ့ အဲဒီ စစ်ရေးပြစုရပ်နေရာ ကနေ ဖြစ်တဲ့နေရာတွေကို တိုက်ရိုက်ထွက်ခွါပြီး အခုအချိန်ထိ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ၊ အပျက်အစီးတွေရှင်းလင်းရေးလုပ်ငန်းတွေ ဆောင်ရွက်နေတာ ဖြစ်ပါ တယ်။ ခင်ဗျားတို့ ကျွန်တော်တို့ ကြည့် ကြည့်ပါ လုပ်ဆောင်နေတဲ့ တပ်မတော်သားတွေ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်တွေ၊ မီးသတ် တပ်ဖွဲ့ဝင်တွေ ဒီလောက်ခက်ခဲကြမ်းတမ်းတဲ့ အဆောက်အအုံ အပြိုအပျက်တွေကြားထဲ ဝင်ရောက် နေတာတွေ၊ ခက်ခဲ့ကြမ်းတမ်းတဲ့ အဆောက်အအုံအပျက်ရဲ့ အင်္ဂတေတွေအပျက်တွေ၊ သံကျိုး သံပျက်တွေ၊ သံလုံးသံချောင်းတွေ ဒါတွေကို ဘာမှအကာအကွယ်မပါဘဲ လက်ချည်းသက်သက်နဲ့ လူတွေကယ်ထုတ်နေရတာ ခင်ဗျားတို့တွေ့ရမှာဖြစ်ပါတယ်။ ဒါ့ကြောင့်မို့ ခုနကပြောသလို မကူညီချင်နေပါ၊ မချီးကျူးချင်နေပါ။ သို့သော် လေးစားမှု အသိအမှတ်ပြုမှုရှိသင့်တယ်လို့ ပြောချင် ပါတယ်။ နောက်ဆုံးပြောချင်တာကတော့ သဘာဝဘေးအန္တရာယ်ဆိုတာ လူတွေနဲ့ကြိုတင် ချိန်းဆိုထားတဲ့ ကိစ္စမဟုတ်ပါဘူး သူရဲ့ဖြစ်ချိန်တန်ရင် ဖြစ်မယ့်သဘောရှိပါတယ်။ ဘာမှတားဆီးလို့ မရပါဘူး။ ဖြစ်ခဲ့ပြီးပြီ မနေ့က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ပြောသလို ကျွန်တော်တို့အနေနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို တစ်နိုင်ငံလုံးက အားသွန်ခွန်စိုက် ဆောင်ရွက်ဖို့ပဲလိုပါတယ်။ တစ်နိုင်ငံလုံးက စည်းစည်းလုံးလုံး ဆောင်ရွက်ဖို့ပဲ လိုပါတယ်။ ဒီအချိန်မှာ တစ်ကမ္ဘာလုံးက မြန်မာနိုင်ငံမှာ ဘာတွေဖြစ်နေပြီလဲ။ မြန်မာနိုင်ငံမှာ ဘာတွေလုပ်နေပြီလဲဆိုတာကို အာရုံစိုက်နေတဲ့အချိန်ဖြစ်ပါတယ်။ ဒီအာရုံစိုက်နေတဲ့အချိန် ကျွန်တော်တို့သည် ဒီသဘာဝဘေးအန္တရာယ်ကို စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ ရင်ဆိုင်ပြီး ၊ ဖြေရှင်းပြီး မြန်မာနိုင်ငံရဲ့ ရပ်တည်မှု မြန်မာပြည်သူပြည်သားတွေရဲ့ စိတ်ဓာတ်ခိုင်မာမှု၊ စည်းလုံး ညီညွတ်မှုကို ပြကြပါလို့ ပြောကြားလိုပါတယ် အားလုံးကို ကျေးဇူးတင်ပါတယ်။
မြေငလျင်နှင့်ပတ်သက်ပြီး မီဒီယာများ၊ လူမှုအဖွဲ့အစည်းများ၏ မေးမြန်းချက်များ၊ ကူညီကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်နေမှုများနှင့် တရုတ်နိုင်ငံမှကြက်ခြေနီယာဉ်တန်း ပစ်ခတ်ခံရသည်ဆိုသည့်သတင်းနှင့်ပတ်သက်၍ ဗိုလ်ချုပ် ဇော်မင်းထွန်း၏ ပြောကြားချက်
Wednesday, April 2, 2025 - 13:30