နိုင်ငံတော်အနေဖြင့် နယ်စပ်ဒေသများတွင် ဖြစ်ပေါ်လျက်ရှိသည့် အွန်လိုင်းလိမ်လည်မှု (Telecom Fraud) နှင့်  ဒုစရိုက်မှုလုပ်ငန်းများတွင် ဆက်စပ်ပါဝင်ခဲ့ကြသည့် တရုတ်နိုင်ငံသား  ၃၇၅   ဦး  ထပ်မံလွှဲပြောင်းပေးအပ် နေပြည်တော်၊ ၂၀၂၅ ဧပြီ ၂ ရက်

Wednesday, April 2, 2025 - 13:30

ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်း၍    မြန်မာ နိုင်ငံအတွင်းသို့ နယ်စပ်လမ်းကြောင်းများမှ တရားမဝင် ဝင်ရောက်လာပြီး ကရင်ပြည်နယ်၊ မြဝတီမြို့ - ရွှေကုက္ကိုလ် နှင့် KK Park နယ်မြေများတွင် အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများအပါအဝင် ဒုစရိုက်မှုများ ကျူးလွန်ခဲ့ကြသည့်  ပြည်ပနိုင်ငံသား များကို စစ်ဆေးဖော်ထုတ်၍ စနစ်တကျ ပြည်နှင်လွှဲပြောင်းပေးလျက်ရှိရာ ယနေ့တွင် တရုတ်နိုင်ငံသား ၃၇၅ ဦး  မြန်မာ -  ထိုင်း အမှတ်(၂)ချစ်ကြည်ရေး တံတားမှ တစ်ဆင့် သက်ဆိုင်ရာနိုင်ငံသို့ လူသားချင်းစာနာထောက်ထားမှုနှင့်  နိုင်ငံအချင်းချင်း ချစ်ကြည် ရင်းနှီးမှုတို့ကို ရှေးရှု၍ ဥပဒေလုပ်ထုံး လုပ်နည်းများနှင့်အညီ ထပ်မံပြည်နှင်လွှဲပြောင်း ပေးသည်။

အဆိုပါ ပြည်နှင်လွှဲပြောင်းပေးမှုလုပ်ငန်းများ စနစ်တကျရှိစေရေးနှင့် အဆင်ပြေ ချောမွေ့စေရေးအတွက် ကရင်ပြည်နယ် လူမှုရေးရာဝန်ကြီး ဦးစောထွန်းအောင်နှင့်  တာဝန်ရှိသူများက ဌာနဆိုင်ရာများနှင့်တွေ့ဆုံကာ  စာရင်းဇယား၊   အချက်အလက် များ  ကိုက်ညီမှုရှိရေး၊ ပြည့်စုံမှန်ကန်မှုရှိရေးတို့ကို  လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ် သည်များဖြည့်စွက်မှာကြားသည်။

ဆက်လက်၍ ပြည်နှင်လွှဲပြောင်းပေးအပ်ပွဲကို ကျင်းပခဲ့ရာ ကရင်ပြည်နယ် လူမှု ရေးရာဝန်ကြီး ဦးစောထွန်းအောင်နှင့် တာဝန်ရှိသူများ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန ပြစ်မှုဆိုင်ရာစုံစမ်းစစ်ဆေးရေးဌာန ဒုတိယညွှန်ကြားရေး မှူးချုပ်  Mr. Liu Ning  Ning  နှင့် တာဝန်ရှိသူများ၊  ထိုင်းနိုင်ငံ တာ့ခ်ခရိုင်  လူဝင်မှု ကြီးကြပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး  မြန်မာနိုင်ငံမှ တာဝန်ရှိသူတို့က  သက်ဆိုင်ရာနိုင်ငံမှ  တာဝန်ရှိသူထံသို့   ပြည်နှင်လွှဲပြောင်း  လက်ခံ ရေးဆိုင်ရာ အထောက်အထား စာရွက်စာတမ်းများကို စနစ်တကျလွှဲပြောင်း ပေးအပ် သည်။

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်မှ ဧပြီလ ၂ ရက်အထိ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား စုစုပေါင်း ၈၇၂၄ ဦးကို စစ်ဆေး ဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ကာ ၎င်းတို့အနက်မှ ၆၆၈၇ ဦးကို ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ လွှဲပြောင်း ပေးခဲ့ပြီး ကျန်ရှိသည့် ပြည်ပနိုင်ငံသား ၂၀၃၇ ဦးကို သက်ဆိုင်ရာနိုင်ငံများသို့  လွှဲပြောင်းပေးရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်းနှင့် ၎င်းတို့ကို ကောင်းမွန်စွာထိန်းသိမ်း စောင့်ရှောက်ထားရှိသည်။

နိုင်ငံတော်အနေဖြင့် Online Scam Center လုပ်ငန်းများတွင် ပါဝင်ပတ်သက် နေသူများနှင့် နောက်ကွယ်မှ ကြိုးကိုင်သော နိုင်ငံခြားသားများကို ဖော်ထုတ်ဖမ်းဆီးပြီး ထိထိရောက်ရောက် ပြင်းပြင်းထန်ထန်အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည့်အပြင် အကြောင်းအမျိုးမျိုးကြောင့် ဒုက္ခရောက်နေကြသော နိုင်ငံခြားသားများနှင့်  လူကုန်ကူး ခံရသည့် နိုင်ငံခြားသားများကို သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံးပြည်နှင်လွှဲပြောင်း ပေးနိုင်ရေးတက်ကြွစွာ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။