ငလျင်ဒဏ်သင့်ဒေသများအတွက်လှူဒါန်းရန် ကူညီကယ်ဆယ်ရေးပစ္စည်းများနှင့် စားသောက်ဖွယ်ရာများ တင်ဆောင်လာသည့် အိန္ဒိယရေတပ်မှ စစ်ရေယာဉ်(၂)စင်း ရန်ကုန်မြို့သို့ ထပ်မံရောက်ရှိ နေပြည်တော်၊ ၂၀၂၅ ဧပြီ ၁ ရက်

Tuesday, April 1, 2025 - 13:00

၂၀၂၅ခုနှစ်၊ မတ်(၂၈)ရက်တွင် အင်အားပြင်းမြေငလျင်လှုပ်ခတ်မှုကြောင့် မြန်မာနိုင်ငံတစ်ဝန်းထိခိုက် ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သော စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်အရှေ့မြောက် ဒေသ၊ နေပြည်တော်ကောင်စီနယ်မြေ၊ ပဲခူးတိုင်းဒေသများရှိ ငလျင်ဒဏ်သင့် ပြည်သူများအား ကူညီကယ်ဆယ်ရေးနှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရန်အတွက် အိန္ဒိယနိုင်ငံမှ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီများပေးအပ်ရန် ကူညီကယ်ဆယ်ရေးပစ္စည်းများနှင့် စားသောက်ဖွယ်ရာများ တင်ဆောင် လာသော အိန္ဒိယရေတပ်မှစစ်ရေယာဉ်(၂)စင်းသည် ယနေ့ နံနက်ပိုင်းက ရန်ကုန်မြို့ရှိ သီလဝါ ဆိပ်ကမ်း MITT သို့ရောက်ရှိလာရာ တပ်မတော်(ရေ)မှ အရာရှိကြီးများနှင့် တာဝန်ရှိသူများက ကြိုဆို နှုတ်ဆက်ခဲ့ကြသည်။

အဆိုပါရောက်ရှိလာသည့် ကူညီကယ်ဆယ်ရေးပစ္စည်းများနှင့်စားသောက်ဖွယ်ရာ များအား လွဲပြောင်းပေးအပ်ခြင်းပွဲကို ဆက်လက်ပြုလုပ်ရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ပြည့်စုံလင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တပ်မတော်(ရေ)မှ အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယ သံအမတ်ကြီးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ အိန္ဒိယရေတပ်မှ CMDE PRASHANT HANDU NMနှင့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယ သံအမတ်ကြီးက ကူညီကယ်ဆယ်ရေးပစ္စည်းများ၊ စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ယင်းနောက် အိန္ဒိယ သံအမတ်ကြီးက ကူညီကယ်ဆယ်ရေးပစ္စည်းများနှင့် စားသောက်ဖွယ်ရာ များလွှဲပြောင်း ပေးအပ်ရာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းက လက်ခံရယူပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကာ ဝန်ကြီးချုပ်က အမှတ်တရလက်ဆောင် ပြန်လည်ပေးအပ်ခဲ့သည်။

ယနေ့ရောက်ရှိလာသည့် အိန္ဒိယရေတပ်မှစစ်ရေယာဉ်များတွင် ကူညီကယ်ဆယ် ရေးပစ္စည်းများနှင့် စားသောက်ဖွယ်ရာများဖြစ်ကြသည့် အခြေခံလူသုံးကုန်များ၊ အခြေခံစားသောက်ကုန်များနှင့် ဆေးဝါး များပါဝင်ပြီး အိန္ဒိယရေတပ်မှ စစ်ရေယာဉ်များ ထပ်မံရောက်ရှိမည်ဖြစ်ကြောင်းနှင့် ရောက်ရှိလာသည့် ကယ်ဆယ်ရေးပစ္စည်းများကို တပ်မတော်(ရေ)မှ အရာရှိစစ်သည်များ၊ ကျောက်တန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ ကျောက်တန်းမြို့နယ် မီးသတ်ဦးစီးဌာနမှ သန္ဓေနှင့်အရန် တပ်ဖွဲ့ဝင်များက သက်ဆိုင်ရာ မော်တော်ယာဉ်များပေါ်သို့ တင်ဆောင်ပြီး ငလျင် ဘေးသင့်ဒေသများသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဆက်လက် ပို့ဆောင်ပေးမည် ဖြစ်ကြောင်းသတင်းရရှိသည်။