၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်တွင် အလွန်ပြင်းထန်သည့် မြေငလျင်လှုပ်ခတ်မှုကြောင့် ပြိုကျပျက်စီးခဲ့သော ဇမ္ဗူသီရိမြို့နယ်၊ ဉာဏသိဒ္ဓိရပ်ကွက်၊တိုက်အမှတ် ၃၃၆၉ တွင် ပိတ်မိနေသော နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဝန်ထမ်းတစ်ဦး၏ ယောက္ခမတော်စပ်သူ ကျန်းမာရေးဝန်ကြီးဌာန၊ ဌာနခွဲစာရေးကြီး(အငြိမ်းစား) ဒေါ်စန်းစန်းထွေး အသက် ၆၂ နှစ် ဖြစ်သူအား မီးသတ်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမြတ်သူ၏ အနီးကပ်ကြီးကြပ်မှုဖြင့် ရန်ကုန်တိုင်း ဒေသကြီးမီးသတ်ဦးစီးမှူး ဦးမင်းစမ်းအေး ဦးဆောင်သော မီးသတ်ဦးစီးဌာန၊ ရှာဖွေကယ်ဆယ် ရေးတပ်ဖွဲ့ဝင်များက ယနေ့ နံနက် ၈ နာရီ ၁၅ မိနစ်ခန့်မှ စတင်ကယ်ဆယ်ဆောင်ရွက်ခဲ့ရာ ၉ နာရီ ၁၅ မိနစ်ခန့်တွင် အသက်ရှင်လျက်အောင်မြင်စွာ ကယ်ဆယ်နိုင်ခဲ့သည်။
မီးသတ်ဦးစီးဌာန ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များအနေဖြင့် ပြည်တွင်း/ပြည်ပ ရှာဖွေ ကယ်ဆယ်ရေးအဖွဲ့များနှင့် ပူးပေါင်း၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ယနေ့အထိ အသက်ရှင်လျက် အမျိုးသား ၃၃၄ ဦး၊ အမျိုးသမီး ၃၁၅ ဦး၊ စုစုပေါင်း ၆၄၉ ဦးနှင့် သေဆုံးလျက် အမျိုးသား ၂၄၅ ဦး၊ အမျိုးသမီး ၂၅၆ ဦး၊ စုစုပေါင်း ၅၀၁ ဦးတို့အား ရှာဖွေကယ်ဆယ်ဆောင်ရွက်နိုင်ခဲ့ကြောင်း သတင်းရရှိသည်။