ငလျင်ဘေးဒဏ်သင့် ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများဆောင်ရွက်ရန်အတွက် စေတနာရှင်၊ အလှူရှင်များက အလှူငွေများပေးအပ် လှူဒါန်းပွဲကို ယနေ့ နေ့လယ် ၁၂ နာရီခွဲအချိန်တွင် နေပြည်တော်ရှိ တပေါင်းကွင်း၌ ကျင်းပပြု လုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားပြီး အလှူငွေများ လက်ခံသည်။
အဆိုပါ အလှူငွေပေးအပ်လှူဒါန်းပွဲသို့ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီတွဲဖက်အတွင်းရေးမှူး၊ ကောင်စီ ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ကာကွယ်ရေးဦးစီး ချုပ်ရုံးမှ အဆင့်မြင့် တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ စေတနာရှင်အလှူရှင်များ၊ ဝန်ကြီးဌာနများမှ ဌာနဆိုင်ရာတာဝန်ရှိ သူများ၊ လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ငလျင် ဘေးဒဏ်ကျရောက်ခဲ့သည့်အခြေအနေများ၊ ပြည်ပနိုင်ငံများမှ ကူညီကယ်ဆယ်ရေးအဖွဲ့ များနှင့် ကူညီထောက်ပံ့ရေးပစ္စည်းများ ပေးပို့မှုအခြေအနေများ၊ ယခုကဲ့သို့ စေတနာထက် သန်စွာဖြင့် လာရောက်လှူဒါန်းမှုများအပေါ်ကျေးဇူးတင်ရှိမှုတို့နှင့်ပတ်သက်၍ ပြောကြား ရာတွင် မြန်မာနိုင်ငံတွင်လှုပ်ခတ်ခဲ့သည့် ငလျင်ကြီး ၁၈ ကြိမ်အနက် ၁၉၁၂ ခုနှစ်၊ မေလ ၁၃ ရက်တွင်လှုပ်ခတ်ခဲ့သည့် ပြင်းအား ၈ ရစ်(ခ်)တာစကေးရှိ မေမြို့ငလျင်သည် အပြင်း ထန်ဆုံးဖြစ်ပြီး ဒုတိယအပြင်းထန်ဆုံးမှာ လက်ရှိဖြစ်ပေါ်ခဲ့သည့် ပြင်းအား ၇ ဒသမ ၇ ရစ်(ခ်)တာစကေးရှိငလျင်ဖြစ်ကြောင်း၊ ငလျင်နှင့်ပတ်သက်ပါက အကြိမ်ကြိမ်အဖန်ဖန် လှုပ်ခတ်ခဲ့သည့် သင်ခန်းစာများရှိပြီးဖြစ်သဖြင့် ငလျင်ကြောင့် ဖြစ်ပေါ်လာသည့် ဖြစ်ပျက် မှုများကိုသတိပြုရန်နှင့်သင်ခန်းစာရယူနိုင်ရန်လိုကြောင်း၊ငလျင်လှုပ်ခတ်ပြီးချိန်၌ နေပြည် တော်ကောင်စီနယ်မြေအတွင်း ထိခိုက်မှုများ များပြားကြောင်းသိရှိရသည့်အတွက် မိမိ အနေဖြင့် ငလျင်လှုပ်ခတ်အပြီးနာရီပိုင်းအတွင်း လှည့်လည်ကြည့်ရှုခဲ့ကြောင်း၊ မြို့တွင်းရှိ အချို့သော လမ်းကြောင်းများ၊ အဆောက်အဦများအနေဖြင့် ထိခိုက်ပျက်စီးမှုအလွန်များ ပြားခဲ့သည်ကိုတွေ့ရကြောင်း၊ ထို့ကြောင့် ဖြစ်ပေါ်ခဲ့သည့် ငလျင်ဘေးဒဏ်နှင့်ပတ်သက်၍ မိမိအနေဖြင့် အသိပေးပြောကြားချက်တစ်ခုကို ချက်ခြင်းထုတ်ပြန်ပြောကြားခဲ့ကြောင်း၊ ထိုသို့ထုတ်ပြန်ချိန်တွင် မိမိတို့နိုင်ငံတစ်ခုတည်းအနေဖြင့် ကူညီကယ်ဆယ်ရေးလုပ်ငန်း များနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်မှာ အချိန်များစွာယူရမည်ဖြစ် သည့်အတွက် ပြည်ပမှအကူအညီများရရှိစေရေးအတွက်လည်း ထည့်သွင်းပြောကြား ခဲ့ကြောင်း။
ထိုသို့ပြောကြားခဲ့သဖြင့် ငလျင်လှုပ်ခတ်မှုဖြစ်ပွားအပြီး အချိန်နာရီအတိုင်းအတာ တစ်ခုအတွင်း တရုတ်နိုင်ငံမှ ကူညီကယ်ဆယ်ရေးအဖွဲ့အပါအဝင် နိုင်ငံတကာမှ ကူညီ ကယ်ဆယ်ရေးအဖွဲ့များနှင့် ကူညီထောက်ပံ့ရေးပစ္စည်းများ ရောက်ရှိလာခြင်းကြောင့် ငလျင်ဒဏ်သင့်ဒေသများ၌ ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို အချိန်တိုအတွင်း ဝိုင်း ဝန်း ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ထိုသို့ ကူညီကယ်ဆယ်ရေးအဖွဲ့များနှင့် ကူညီထောက်ပံ့ ရေးပစ္စည်းများ ပို့ဆောင်ပေးခဲ့ခြင်းအတွက် နိုင်ငံတကာကိုလည်း မိမိတို့အနေဖြင့်များစွာ ကျေးဇူးတင်ရှိသည်ကိုပြောကြားလိုကြောင်း၊ အလားတူ အိန္ဒိယနိုင်ငံဝန်ကြီးချုပ်၊အာဆီယံ အလှည့်ကျဥက္ကဋ္ဌ မလေးရှားနိုင်ငံဝန်ကြီးချုပ်၊ ပါကစ္စတန်နိုင်ငံ ဝန်ကြီးချုပ်တို့ အနေဖြင့် လည်း လိုအပ်သည့် အကူအညီများပေးအပ်နိုင်ရေး ဖုန်းဖြင့်ဆက်သွယ်ပြောကြားခဲ့သကဲ့ သို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ မစ္စတာရှီကျင့်ဖျင် အပါအဝင်၊ ကမ္ဘောဒီးယားနိုင်ငံ၊ ဘရူနိုင်းနိုင်ငံ၊ နီကာရာဂွာနိုင်ငံ တို့မှ အကြီးအကဲများမှလည်း ဝမ်းနည်းကြောင်း နှင့် စာနာထောက်ထားကြောင်း သဝဏ်လွှာများပေးပို့ဆက်သွယ်ခြင်းနှင့် အခြား လိုအပ်သည့် အကူအညီများကို ပေးအပ်ခဲ့ကြကြောင်း။
နိုင်ငံတော်အနေဖြင့် ဘီလီယံ ၅၀၀ ကိုမတည်၍ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ကို စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း၊ ငလျင်နှင့်ပတ်သက်၍ ၁၉၁၂ ခုနှစ်ခန့်မှ စတင်၍ ငလျင်များလှုပ်ခတ်ခဲ့သည့် သင်ခန်းစာများ များစွာရရှိခဲ့ပြီးဖြစ်ကြောင်း၊ ငလျင်နှင့် ပတ်သက်၍ အလေးထားပြီးဆောင်ရွက်ရန် လိုအပ်ချက်များရှိသည်ကိုတွေ့ရကြောင်း၊ အဆောက်အဦများနှင့်ပတ်သက်၍လည်း အဆောက်အဦများ ဆောက်လုပ်ရာတွင် ဖြစ် ပေါ်လာနိုင်မည့် ငလျင်ဒဏ်ကိုထည့်သွင်းစဉ်းစားခြင်းမရှိဘဲ ဆောင်ရွက်ခဲ့သည်များရှိခြင်း ကြောင့် ယခုဖြစ်ပေါ်ခဲ့သည့် ငလျင်သဘာဝဘေးတွင် မလိုလားအပ်ပဲသေဆုံးခဲ့ရမှုများ၊ ဒဏ်ရာရရှိခဲ့ရမှုများနှင့် အပျောက်အဆုံးများရှိခဲ့ရကြောင်း၊ ယနေ့နံနက် ၈ နာရီအချိန် အထိ စာရင်းကောက်ယူမှုများအရ ငလျင်ဘေးဒဏ်ကြောင့် သေဆုံးခဲ့ရသူ ၂၇၁၉ ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ ၄၅၂၁ ဦး၊ ပျောက်ဆုံးနေသူ ၄၄၁ ဦးရှိသည်ဟုသိရှိရပြီး ကယ် ဆယ်ရေးလုပ်ငန်းများကို အင်တိုက်အားတိုက် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း၊ မိမိအနေဖြင့် ငလျင်ဘေးဒဏ် သင့်ခဲ့ရသည့်ဒေသများသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့စဉ် ငလျင်သဘာဝဘေးဒဏ်သည် အင်ဂျင်နီယာပိုင်းဆိုင်ရာအတွက် ကြီးမားသည့်စိန်ခေါ်မှု ပင်ဖြစ်ကြောင်း၊ အင်ဂျင်နီယာ ရှုထောင့်အရ အဆောက်အဦများတည်ဆောက်ရာတွင် စနစ်တကျတွက်ချက်ဆောက် လုပ်သင့်သည်ကိုသင်ခန်းစာဖော်ထုတ်ရရှိခဲ့ကြောင်း၊ ယနေ့ နံနက်ပိုင်းတွင် မိမိအနေဖြင့် မာရဝိဇယ ရုပ်ပွားတော်မြတ်ကြီး၌ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့ရမှုများကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး မာရဝိဇယဆင်းတုတော် ကြီးနှင့် ပလ္လင်တော်ကြီးတို့အနေဖြင့် တိမ်းစောင်းခြင်း၊ နိမ့်ကျခြင်း၊ တွဲဆက်ထားသည့် အပိုင်းများ ကွဲအက်ခြင်းတို့ (လုံးဝ) မရှိခဲ့ကြောင်းနှင့် အခြားသာသနိကအဆောက်အဦ များတွင် ထိခိုက်ပျက်စီးမှု အနည်းငယ်သာဖြစ်ပေါ်ခဲ့သည်ကို တွေ့ရှိခဲ့ရကြောင်း၊ တည် ဆောက်ရေးလုပ်ငန်းများ စတင်ဆောင်ရွက်စဉ် ကတည်းကပင် ရေရှည်တည်တံ့ခိုင်မြဲစေ ရေးအတွက် လေပြင်းတိုက်ခတ်မှု ဒဏ်ခံနိုင်ရေး၊ မြေငလျင်ဒဏ်ခံနိုင်ရေးနှင့် သဘာဝဘေး ဒဏ်အန္တရာယ်များမှ ခံနိုင်မှုရှိစေရေး စနစ်တကျ တွက်ချက်တည်ဆောက်ခဲ့မှုနှင့် ခေတ်မီနည်းပညာများ အသုံးပြုတည်ဆောက်ခဲ့မှုကြောင့် ဖြစ်သည်ကို တွေ့ရှိရကြောင်း။
ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ရသည့်နေရာများတွင် ကနဦးအနေဖြင့် အပျက်အစီး များ ဖယ်ရှားရှင်းလင်းခြင်းများကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဒုတိယပိုင်းအနေဖြင့် ဆက်သွယ်ရေးလမ်းကြောင်းများ အမြန်ဆုံး ယခင်အတိုင်းပြန်လည်သွားလာနိုင်ရေး ပြု ပြင် ဆောင်ရွက်ပေးသွားရမည်ဖြစ်ကြောင်း၊ တတိယပိုင်းအနေဖြင့် ပြိုကျနေဆဲဖြစ်သည့် အန္တရာယ်ရှိအဆောက်အဦများကို ဖယ်ရှားရှင်းလင်းခြင်းလုပ်ငန်းများကို ဆက်လက် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ထိုမှတဆင့် ပြန်လည်ထူထောင်ရေးနှင့် ပြန်လည် တည်ဆောက်ရေးလုပ်ငန်းများကို ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရသည့်လမ်းတံတားများ၊ နိုင်ငံပိုင် အဆောက်အဦများ ပြန်လည်တည်ဆောက်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ကို အင်တိုက်အားတိုက်ဖြင့် ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်းဖြင့် ပြောကြား သည်။
ထို့နောက် ၁၂ နာရီ ၅၁ မိနစ် ၀၂ အချိန်တွင် နိုင်ငံတော်အဆင့် ဝမ်းနည်းခြင်း အထိမ်းအမှတ်နေ့ရက် တစ်နိုင်ငံလုံးအတိုင်းအတာလှုပ်ရှားမှုအဖြစ် နိုင်ငံတော်စီမံအုပ် ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များ၊ စေတနာရှင်၊ အလှူရှင် များ၊ တက်ရောက်လာကြသူများသည် တစ်မိနစ်ငြိမ်သက်စွာ ရပ်တန့်၍ တစ်နိုင်ငံလုံးမှ ပြည်သူလူထုနှင့်အတူ ဦးညွှတ်ဂါရဝပြု ကြသည်။ (ဥဩဆွဲသည့်အသံအား Audio ထည့်ပါ။)
ယင်းနောက် နိုင်ငံတော်စီမံအုပ် ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဆက်လက်ပြောကြားရာတွင် အဆောက်အဦများနှင့်ပတ်သက်၍ အချို့အာမခံလုပ်ငန်း များ ဆောင်ရွက်ထားသည့် အဆောက်အဦများအား အာမခံလျော်ကြေးငွေများနှင့် အဆောက်အဦများ ဖျက်သိမ်းခွင့်ရရှိရေးအတွက် ဆောင်ရွက်သွားရန်လိုကြောင်း၊ နိုင်ငံ တော်အပိုင်းမှလည်း တတ်နိုင်သလောက် ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ပုဂ္ဂလိကတည်ဆောက်ရေးလုပ်ငန်းများအတွက် လည်း နိုင်ငံတော်အနေဖြင့် တတ်နိုင်သမျှ ဖြည့်ဆည်းဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း၊ ယခုအခမ်းအနားသို့ မလာရောက်မီ မိမိအနေဖြင့် လွှတ်တော်အဆောက်အဦများ ငလျင်ဘေးဒဏ်သင့်ခဲ့ရမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ပျက်စီးဆုံးရှုံးမှုပမာဏကြီးမားသည့်အတွက် များစွာပြန် လည်ပြုပြင် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း။
ယခုကဲ့သို့ ငလျင်ဒဏ်ကြောင့် ထိခိုက်မှုများဖြစ်ပေါ်ခဲ့ခြင်းကြောင့် နိုင်ငံတော် အတွက် စီးပွားရေးကဏ္ဍကိုလည်း တိုးတက်အောင် ဝိုင်းဝန်းဆောင်ရွက်ပေးကြစေလို ကြောင်း၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်နိုင်ရန်အတွက် လုပ်ငန်းရှင် များအနေဖြင့် ဝိုင်းဝန်းဆောင်ရွက်ပေးကြရန်လိုကြောင်း၊ ငွေကြေးတတ်နိုင်သူများ အနေဖြင့် တောင်သူလယ်သမားများ၏ စိုက်ပျိုးရေးလုပ်ငန်းများတိုးတက်စေရေး ဝိုင်းဝန်း ဆောင်ရွက်ပေးကြစေလိုကြောင်း။
အလားတူ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်ရန်အတွက် တည်ငြိမ်အေးချမ်းမှုရှိရန်လည်းလိုကြောင်း၊ တည်ငြိမ်အေးချမ်းမှုရှိမှသာလျင် စီးပွားရေး အရဖွံ့ဖြိုးတိုးတက်မှုများကို ပိုမိုဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ သို့သော်လည်း အကြမ်း ဖက်အဖျက်သမားများအနေဖြင့် လျှပ်စစ်ဓာတ်အားပြတ်တောက်စေရေးအပြင် အခြား သော အဖျက်အမှောင့်လုပ်ရပ်များကို လုပ်ဆောင်နေမှုများရှိကြောင်း၊ ငလျင် ဘေးဒဏ် ကြောင့် လက်နက်ကိုင်အဖွဲ့များအနေဖြင့် ၂ ပတ် အပစ်အခတ်ရပ်စဲမည်ဟု ထုတ်ပြန်ထား ကြောင်း၊ တပ်မတော်အနေဖြင့် မည်သည့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့စခန်းကိုမျှ ဦးစွာ တိုက်ခိုက်ခဲ့ခြင်းမရှိဘဲ ၎င်းတို့လာရောက်တိုက်ခိုက်မှသာလျင် လိုအပ်သည့် တုံ့ပြန်မှု များကို ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ လက်တွေ့ကျကျ ထိထိရောက်ရောက် အကောင်အထည်ဖော်နိုင်ရန်အတွက် တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့များအားလုံးကို တွေ့ဆုံဆွေးနွေးရန် အမြဲဖိတ်ခေါ်တံခါးဖွင့် ထားလျက်ရှိပြီးဖြစ်ကြောင်း၊ တိုင်းရင်းသားပြည်သူအားလုံး ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုး တိုးတက်မှု၏အရသာကို ခံစားနိုင်ရေး ရိုးသားပွင့်လင်းစွာ ဆွေးနွေးသွားကြရန်လိုအပ် မည်ဖြစ်ကြောင်း၊ လက်နက်ကိုင်အဖွဲ့များအနေဖြင့် ငြိမ်းချမ်းရေးလမ်းစဉ်များအတိုင်း အမှန်တကယ် လိုက်နာဆောင်ရွက်ကြရန်လိုကြောင်း၊ အကြမ်းဖက်သမားများအနေဖြင့် နိုင်ငံရေးအရဖြစ်ပေါ်လာသည့် ပြဿနာကို အကြမ်းဖက်သည့်နည်းလမ်းဖြင့် ဖြေရှင်းရန် ရွေးခြယ်ခဲ့ကြခြင်းဖြစ်ပြီး မိမိတို့အနေဖြင့် ချမှတ်ထားသည့် လုပ်ငန်းစဉ်များအတိုင်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အချို့သောတိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအနေဖြင့် လက်ရှိအခြေအနေတွင် တိုက်ပွဲဖော်ဆောင်ခြင်းများမရှိသော်လည်း တိုက်ခိုက်မှုများလုပ်ဆောင်ရန်အတွက် စုဖွဲ့ခြင်း၊ လေ့ကျင့်ပြင်ဆင်ခြင်းများလုပ်ဆောင် နေကြသည်ကို မိမိတို့အနေဖြင့် သိရှိပြီးဖြစ်ပြီး ထိုသို့ဆောင်ရွက်နေခြင်းသည် တိုက်ခိုက် ခြင်းပင်ဖြစ်သဖြင့် တပ်မတော်အနေဖြင့် လိုအပ်သည့် ကာကွယ်ရေးဆိုင်ရာလုပ်ငန်းများ ကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။
အချုပ်အားဖြင့်ဆိုရပါက ယခုကဲ့သို့ ငလျင်ဘေးဒဏ်သင့်ဒေသများ၌ ကူညီကယ် ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရန်အတွက် စာနာထောက် ထားမှုအပြည့်ဖြင့် လာရောက်လှူဒါန်းမှုပြုကြသည့် စေတနာရှင်အလှူရှင်များ၊ ဝန်ကြီး ဌာနများ၊ အဖွဲ့အစည်းများအားလုံးကို အထူးပင်ကျေးဇူးတင်ရှိပါကြောင်း၊ တိုင်းပြည်တည် ဆောက်ရေးလုပ်ငန်းများတွင် ယခုထက်ပို၍ ပါဝင်ဆောင်ရွက်နိုင်ပါစေကြောင်းနှင့် စီးပွားရေးလုပ်ငန်းများယခုထက်ပိုမိုတိုးတက်ပါစေရန် ဆုတောင်းမေတ္တာပြုပါကြောင်း ဖြင့် ပြောကြားသည်။
ထို့နောက် ငလျင်ဘေးဒဏ်သင့် ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရန်အတွက် စေတနာရှင်၊ အလှူရှင်များက အလှူ ငွေများပေးအပ်လှူဒါန်းကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်း လွှာများ ပြန်လည်ပေးအပ်သည်။
ဆက်လက်ပြီး စေတနာရှင်အလှူရှင်များ၊ ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများက အလှူငွေများ ဆက်လက်ပေးအပ်လှူဒါန်းကြရာ အမျိုးသားသဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဗိုလ်ချုပ်ကြီး ညိုစော၊ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ဦးဝဏ္ဏမောင်လွင်၊ ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ပိုးရယ်အောင်သိန်း၊ မန်းငြိမ်းမောင်၊ ဒေါက်တာ မှုထန်၊ ဒေါက်တာ ဘရွှေ၊ ခွန်စံလွင်၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး ကျော်စွာလင်း၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး ထိန်ဝင်း၊ ကာကွယ်ရေးဦးစီး ချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင် တို့က အသီးသီး လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်း လွှာများ ပြန်လည်ပေးအပ်သည်။
အလှူငွေများပေးအပ် လှူဒါန်းပွဲအခမ်းအနားအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် စေတနာရှင်၊ အလှူရှင်များ အား ရင်းရင်းနှီးနှီး နှုတ်ဆက်ပြီး လက်ဖက်ရည်ဝိုင်းဖြင့် တည်ခင်းဧည့်ခံခဲ့သည်။
ယနေ့ နေပြည်တော်တွင် ကျင်းပပြုလုပ်သည့် ငလျင်ဘေးဒဏ်သင့် ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် စေတနာရှင်၊ အလှူရှင်များက အလှူငွေများပေးအပ်လှူဒါန်းပွဲ အခမ်းအနားတွင် ငွေသား ၁၀၄ ဒသမ ၄၄ ဘီလီယံ၊ အလှူပစ္စည်း ၁၂ ဒသမ ၄ ဘီလီယံ၊ စုစုပေါင်း ၁၁၆ ဒသမ ၈၄ ဘီလီယံကို လက်ခံရရှိခဲ့ကြောင်း သတင်းရရှိသည်။
ငလျင်ဘေးဒဏ်သင့်ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများဆောင်ရွက်ရန်အတွက် စေတနာရှင်၊ အလှူရှင်များက အလှူငွေများ ပေးအပ်လှူဒါန်းပွဲ ကျင်းပပြုလုပ် နေပြည်တော်၊ ဧပြီ - ၁
Tuesday, April 1, 2025 - 12:45