ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးနေသည့် အဆောက်အဦအတွင်းမှ ကိုယ်အားကိုယ်ကိုး၍ ဖောက်ထွက်လာနိုင်ခဲ့သည့်အတွက် ဝမ်းသာဂုဏ်ယူကြောင်း သတင်းထုတ်ပြန်ခြင်း နေပြည်တော်၊ ၂၀၂၅ မတ် ၃၁ ရက်

Monday, March 31, 2025 - 12:45

          အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့သည့် ငလျင်ဒဏ်သင့်ဒေသအသီးသီး၌ ကူညီကယ် ဆယ်ရေးလုပ်ငန်းများကို တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ် တပ်ဖွဲ့ဝင်များ၊ ပြည်ပနိုင်ငံများမှ ကူညီကယ်ဆယ်ရေးအဖွဲ့များ၊ ဌာနဆိုင်ရာဝန်ထမ်း များ၊ လူမှုကူညီရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများပူးပေါင်း၍ ကူညီကယ်ဆယ် ရေးလုပ်ငန်းများကို အချိန်နှင့် တစ်ပြေးညီ ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

          ထိုသို့ဆောင်ရွက်ပေးလျက်ရှိစဉ် မန္တလေးမြို့ Sky Villa ကွန်ဒို ပြိုကျမှုမှ မြေး အဖွားသုံးဦး လွတ်မြောက်လာမှုအား ၎င်းတို့၏ဖခင်ဖြစ်သူ၏ လူမှုကွန်ရက်တွင် ဖော်ပြ မှုများအရ သိရှိရပါသည်။

ဖြစ်စဉ်မှာ မန္တလေးမြို့၊ Sky Villa ကွန်ဒိုအဆောက်အဦ တွင်နေထိုင်လျက်ရှိသည့် အသက် ၇၆ နှစ်အရွယ် အဖွားအိုတစ်ဦး၊ အသက် ၁၆ နှစ်နှင့် အသက် ၁၃ နှစ်အရွယ် မြေးနှစ်ဦးတို့သည် အဆောက်အဦပြိုကျမှုအတွင်းပိတ်မိကာ အသက်အန္တရာယ်နှင့် ရင် ဆိုင်ခဲ့ ကြရသည်။ မြေးနှစ်ဦးတို့သည် ငလျင်ဒဏ်ကြောင့် ပြိုကျ လာသော ဖုန်မှုန့်များ၊ ကျောက်တုံးများ၊ အပျက်အစီးများအကြားတွင် ပိတ်မိနေသဖြင့် ဖုန်းများအသုံးပြု၍ Flash Light အကူအညီဖြင့် ထွက်ပေါက်ဖြစ်နိုင်သည့်နေရာများအား လမ်းကြောင်း ရှာခြင်း၊ ဖြစ်စဉ်အားမှတ်တမ်းတင်ခြင်း၊ ကူညီကယ်ဆယ်ရေးသမားများ အသံကြား နိုင်ရေး အော်ဟစ်ခေါ်ဆိုခြင်း၊ သေဆုံးနိုင်သည်ဟု ထင်မြင်မိသဖြင့် ဖြစ်ပေါ်ခဲ့သော အခြေအနေများအား ကျန်ရစ်သူမိသားစုဝင်များတွေ့မြင်နိုင်ရေးအတွက် ဖုန်းဖြင့် မှတ် တမ်းရိုက်ကူးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ အချိန်အတိုင်းအတာတစ်ခုအထိ အဆက်မပြတ်အော်ဟစ် အကူအညီ တောင်းခံခဲ့ကြစဉ် ကယ်ဆယ်ရေးအဖွဲ့ဝင်များက ကြားသိခဲ့ရသဖြင့် တူများဖြင့် အပေါက် ငယ်တစ်ခုဖောက်ပေးခဲ့ပြီး သောက်ရေပေးအပ်ကာ မကြာမီလာရောက်ကယ်တင်မည် ဟု ပြောကြားခဲ့ကြောင်း၊ ထို့နောက် ကယ်ဆယ်ရေးအဖွဲ့များက ၎င်းတို့အပါအဝင် အခြားပိတ်မိနေသူများအား ကယ်ထုတ်နိုင်ရေး လိုအပ်သည်များ ဆောင်ရွက်လျက်ရှိစဉ် ကလေးငယ်တစ်ဦးသည် ရေဘူးကမ်းပေးသည့်အပေါက်မှ လက်ဖြင့်စမ်းကြည့်ရာ တူ တစ်ချောင်းအားတွေ့ရှိသဖြင့် ၎င်းတူဖြင့် ကျောက်တုံးများအား ထုခွဲ၍ တစ်ကိုယ်စာ ထွက်နိုင်သောအပေါက်ကို ဖောက်ခဲ့ပြီး ခေါင်းထွက်၍ရအောင် ကြိုးစားဖောက် နိုင်ခဲ့ ကြောင်း၊ ခေါင်းထွက်လာသောအခါ ကယ်ဆယ်ရေးအဖွဲ့ဝင်များက ဝိုင်းဝန်းကြိုးပမ်းမှု ဖြင့် ဝိုင်းဝန်းကယ်ဆယ်နိုင်ခဲ့ကြောင်း၊ ထို့နောက် ကယ်ဆယ်ရေးအဖွဲ့များသည် နေရာနှင့် လမ်းကြောင်းကို သိရှိသွားသည့်အတွက် အဖွားဖြစ်သူနှင့် ကျန်ရှိနေသည့် ကလေးငယ်တစ်ဦးအား ဆက်လက်ကယ်ထုတ်နိုင်ခဲ့ကြောင်း သိရှိရသည်။

ထိုကဲ့သို့ မိမိကိုယ်စွမ်းကိုယ်စဖြင့် ကြိုးစားရုန်းထွက်နိုင်ခဲ့သည့်အတွက် အမျိုး သမီးငယ်များ၏ တစ်ကိုယ်ကောင်းမဆန်ဘဲ သက်ကြီးအဖွားအိုအား ကယ်တင်နိုင်မှု၊ အခက်အခဲများကို တည်ငြိမ်စွာဖြင့် ဖြေရှင်းနိုင်မှု၊ ရဲရင့်မှု၊ ဖြတ်ထိုးဉာဏ်ကောင်းမှု၊ Mobile Phone အား အကျိုးရှိစွာအသုံးချနိုင်မှုတို့ကို အသိအမှတ်ပြုကြောင်းနှင့် ယခုကဲ့သို့ အသက်ဘေးမှ လွတ်မြောက်ခဲ့သည့်အတွက် ဝမ်းမြောက်ကြောင်း သတင်း ထုတ်ပြန်အပ်ပါသည်။