မတ်လ ၂၈ ရက် ဒေသစံတော်ချိန် မွန်းလွဲ ၁၂ နာရီ ၅၁ မိနစ်ခန့်တွင် လှုပ်ခတ်ခဲ့သော မြေငလျင်ကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့၌ လျှပ်စစ်ဓာတ်အား ပြတ်တောက် မှုများ ဖြစ်ပေါ်ခဲ့ရပြီး နိုင်ငံတော်အစိုးရအနေဖြင့် လျှပ်စစ်ဓာတ်အားများ အမြန်ဆုံး ပြန်လည် ပို့လွှတ်ဖြန့်ဖြူးပေးနိုင်ရေး အရှိန်အဟုန်မြှင့်တင်၍ ဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် လုံခြုံရေးတပ်ဖွဲ့ဝင်များက သဘာဝဘေးအန္တရာယ်တစ်ခုဖြစ်သည့် ငလျင် ဒဏ်ကြောင့် ပြည်သူများအတိဒုက္ခရောက်နေသဖြင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည်ကို NUG လက်ဝေခံ PDF အမည်ခံအကြမ်းဖက်သမားများက အခွင့်ကောင်းယူ၍ အဖျက်အမှောင့်အနှောင့်အယှက်လုပ်ငန်းများကို နည်းလမ်းမျိုးစုံဖြင့် လုပ်ဆောင်လျက်ရှိသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ PDF အမည်ခံအကြမ်းဖက်သမားများက ယနေ့ နံနက် ၆ နာရီခန့်တွင် မကွေးတိုင်းဒေသကြီး၊ စလင်းမြို့၏ အနောက်မြောက်ဘက် မီတာ ၅၅၀၀ ခန့်အကွာရှိ တညောင်ဓာတ်အားခွဲရုံစက်ရုံမှ လုံခြုံရေးတပ်ဖွဲ့ဝင်များအား လက်နက်ငယ် များဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်သမားများသည် ပြန်လည်ဆုတ်ခွာထွက်ပြေးသွားခဲ့သည်။
PDF အမည်ခံအကြမ်းဖက်သမားများသည် ပြည်သူအတွက်ဟု သုံးနှုန်း၍ အမှန် တကယ်တွင် စစ်ရေးပစ်မှတ်မဟုတ်သည့် နေရာများနှင့် ၎င်းတို့အပေါ် ထောက်ခံအားပေးမှု မရှိသည့်မြို့၊ ရွာများအား လက်နက်ကြီးများ၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက် လျက်ရှိပြီး ယခုကဲ့သို့ငလျင်ဒဏ်ကြောင့် ပြည်သူများအတိဒုက္ခရောက်နေချိန်တွင် PDF အမည်ခံ အကြမ်းဖက်သမားများ၏ယခုကဲ့သို့ အကြမ်းဖက်အနှောင့်အယှက်လုပ်ရပ် များသည် လွန်စွာစက်ဆုပ်ဖွယ်ကောင်းကြောင်းနှင့် အဆိုပါအကြမ်းဖက်အဖွဲ့များအား လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သောတုံ့ပြန်မှုများ ဆောင်ရွက်နိုင်ရန်အတွက် လုံခြုံရေး လုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။