မန္တလေးတိုင်းဒေသကြီးအတွင်း ငလျင်ဒဏ်သင့်ဒေသများ၌ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများကို ပိုမိုတိုးမြှင့်ဆောင်ရွက်နိုင်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အမြန်ဆုံးဆက်လက်ဆောင်ရွက်သွားနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်း တွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် အစည်းအဝေးခန်းမ၌ ပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မျိုးမိုးအောင်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်ကိုထိုက်၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက် ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ရှာဖွေကယ်ဆယ်ရေး၊ ရှင်းလင်းရေးလုပ်ငန်းများကို ပိုမိုတိုးမြှင့်ထိရောက်စွာ ဆောင်ရွက်သွားနိုင်ရေးနှင့်ပတ်သက်၍ အဖွင့်အမှာစကားပြောကြား သည်။ ထို့နောက် တိုင်းမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူအသီးသီးက ငလျင်ဒဏ်ကြောင့် ပျက်စီး ဆုံးရှုံးသွားသည့်နေရာများတွင် ဦးစားပေးအဆင့်အလိုက် ရှာဖွေကယ်ဆယ်ခြင်း လုပ်ငန်းများ လျှင်မြန်ထိရောက်စွာ ဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ ရှင်းလင်း တင်ပြကြသည်။
ယင်းနောက် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မျိုးမိုးအောင်က ဌာနဆိုင်ရာတာဝန်ရှိသူများအနေဖြင့် မြေပြင်တွင် ဖြစ်ပေါ်နေသော အခြေအနေမှန်ကို တိကျ စွာသိရှိ၍ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ အမြန်ဆုံး ထိရောက်အောင်မြင်စွာ ဆောင်ရွက် နိုင်ရေး၊ ထိခိုက်ဒဏ်ရာရရှိသူများကိုလည်း ဆေးဝါးကုသမှု၊ အခြားလိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှုများကို ပိုမိုထိရောက်စွာ အမြန်ဆုံးဆောင်ရွက်ရေး၊ နိုင်ငံတကာမှ လာရောက် ကူညီဆောင်ရွက်နေသည့် ကယ်ဆယ်ရေးအဖွဲ့များအား လုပ်ငန်းများ ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရန်အတွက် ဝိုင်းဝန်းပံ့ပိုးကူညီရေး တို့နှင့်ပတ်သက်၍ ဖြည့်စွက်ပြောကြား သည်။
ထို့နောက် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မျိုးမိုးအောင်၊ တိုင်းမှူးနှင့် အဖွဲ့ဝင်များသည် ငလျင်ဒဏ်ကြောင့် ပြိုကျ ပျက်စီးခဲ့သည့် ဂရိတ်ဝေါ ဟိုတယ်၊ ဦးလှသိန်း ဓမ္မဗိမာန်၊ ဇေဝိတဒါနသံဃာ့ဆေးရုံ(မန္တလေး)၊ Nadi Myanmar Hotel Mandalay၊ မန္တလေးတက္ကသိုလ်၊ အမြန်လမ်း ၃၈၅ မိုင် ၅ ဖာလုံ နေရာများသို့ သွားရောက်၍ ကူညီ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများကို ကြည့်ရှု၍ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့်အဖွဲ့များအား ဂုဏ်ပြုငွေများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။