နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နေပြည်တော်ကောင်စီနယ်မြေအတွင်းငလျင်ဒဏ်သင့်နေရာများ၌ကူညီကယ်ဆယ်ရေးနှင့်ပြန်လည်ထူထောင်ရေးဆောင်ရွက်နေမှုအခြေအနေများအားကြည့်ရှုစစ်ဆေးပြီးလိုအပ်သည်များလမ်းညွှန်

Sunday, March 30, 2025 - 10:45

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နေပြည်တော်ကောင်စီနယ်မြေအတွင်း ငလျင်ဒဏ်သင့်နေရာများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးဆောင်ရွက်နေမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များလမ်းညွှန်မှာကြား

နေပြည်တော်၊ မတ် - ၃၀

          နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ငလျင် ဒဏ်သင့်နေရာများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင် များသည် နေပြည်တော်ကောင်စီနယ်မြေအတွင်း ငလျင်ဘေးဒဏ်သင့်မှုကြောင့် လမ်း တံတားပျက်စီးမှုများအား ယာယီသွားလာနိုင်ရန်လမ်းပြင်ဆင်နေမှုအခြေအနေများကို မော်တော်ယာဉ်များဖြင့် လိုက်လံကြည့်ရှုစစ်ဆေးသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ ဝင်များသည် ဥတ္တရသီရိအထွေထွေရောဂါကုဆေးရုံကြီးသို့ ရောက်ရှိကြပြီး ငလျင်ဘေး ဒဏ်သင့်မှုကြောင့် ဆေးရုံထိခိုက်ပျက်စီးခဲ့ရမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးရာ  ဆေးရုံအုပ်ကြီးနှင့် တာဝန်ရှိသူများက ထိခိုက်ပျက်စီးခဲ့ရမှုအခြေအနေများကို လိုက်လံ ရှင်းလင်း တင်ပြကြသည်။ ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ပြိုကျပျက်စီးခဲ့မှုကြောင့်ဆေးရုံအတွင်း၌ ပိတ်မိ နေသူများအား အမြန်ဆုံးပြန်လည်ဆွဲထုတ်နိုင်ရေးနှင့် အဆောက်အဦထိခိုက်ပျက်စီး မှုအားအမြန်ဆုံးရှင်းလင်း ဖယ်ရှားနိုင်ရေးဆောင်ရွက်သွားရန် တာဝန်ရှိသူများနှင့် ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးသည်။

ထိုသို့ကြည့်ရှုစစ်ဆေးစဉ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်သည် မြန်မာနိုင်ငံမှ ကူညီကယ်ဆယ်ရေးဝန်ထမ်းများနှင့်အတူ ကူညီကယ် ဆယ်ရေးလုပ်ငန်းများအတူတကွပူးပေါင်း ဆောင်ရွက်ပေးလျက်ရှိသည့် ငလျင်လှုပ်ခတ် ပြီးနောက် ၁၈ နာရီအတွင်း မြန်မာနိုင်ငံသို့ ပထမဆုံးသောရောက်ရှိလာသော တရုတ် နိုင်ငံယူနန်ပြည်နယ်ကယ်ဆယ်ရေးဆေးကုသမှုအဖွဲ့မှ အဖွဲ့ဝင်များအား ရင်းရင်းနှီးနှီး နှုတ်ဆက်၍ ကျေးဇူးတင်စကားပြောကြားသည်။ အဆိုပါ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကယ်ဆယ်ရေးဆေးကုသမှုအဖွဲ့တွင် အဖွဲ့ဝင် ၃၇ ဦးပါရှိပြီး အရေးပေါ်ကူညီကယ်ဆယ် ရေးပစ္စည်း စုစုပေါင်း ၁၁၂ စုံနှင့်အတူ မတ်လ ၂၉ နံနက် ၇ နာရီတွင် ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့ခြင်းဖြစ်ကြောင်း၊ ထို့နောက် နေပြည်တော်သို့ ရောက်ရှိကာ ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ပေးနေခြင်းဖြစ်ပြီး ဥတ္တရသီရိအထွေထွေ ရောဂါကုဆေးရုံကြီးအတွင်း ပိတ်မိနေသူသက်ကြီးအမျိုးသမီးတစ်ဦးကို ယနေ့နံနက် ၄ နာရီခန့်(ငလျင်လှုပ်ခတ်ပြီး ၃၆ နာရီကျော်)၌ မြန်မာနိုင်ငံမှ ကူညီကယ်ဆယ်ရေးအဖွဲ့များ နှင့်ပူးပေါင်း၍ အသက်ရှင်လျက်ကယ်ထုတ်ပေးနိုင်ခဲ့ကြောင်းနှင့် ကူညီကယ်ဆယ်ရေး လုပ်ငန်းများကို ဆက်လက်ဝိုင်းဝန်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ပျဉ်းမနားမြို့၊ ခေမာသီဝံကျောင်းတိုက်အတွင်းရှိ ဓမ္မာရုံတော် ငလျင် ဘေးဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့မှုအား ကူညီကယ်ဆယ်ရေးနှင့် အပျက်အစီးများဖယ် ရှားရှင်းလင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုအားသွားရောက်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ်လိုအပ်သည်များ လမ်းညွှန်မှာကြားကာ ကူညီ ကယ်ဆယ်ရေးအဖွဲ့များအား အားပေးစကားပြောကြားသည်။

ထို့နောက် သက်တော် ၉၂ နှစ်၊ ဝါတော် ၇၂ ရှိပြီဖြစ်သည့် ခေမာသီဝံကျောင်းတိုက် ဦးစီးပဓာန နာယကဆရာတော် အဘိဓဇ ဘဒ္ဒန္တ တေဇနိယ အား ဖူးမြော်ကြည်ညိုပြီး ဆရာတော်ကြီး၏ ကျန်းမာရေးအခြေအနေများကို မေးမြန်းလျှောက်ထားကာ လှူဖွယ် ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ပျဉ်းမနားမြို့အတွင်း ငလျင်ဘေးဒဏ်ကြောင့် ပြိုကျပျက်စီးနေသည့် အဆောက်အဦများနှင့် အပျက်အစီးများအား ဖယ်ရှားရှင်းလင်းခြင်းလုပ်ငန်းများ ဆောင် ရွက်ပေးနေမှုများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး ပြိုကျပျက်စီးနေသည့်အုတ်ပုံ၊ အပျက် အစီးများအား  အမြန်ဆုံးဖယ်ရှားဆောင်ရွက်သွားရန်၊ လမ်းပန်းဆက်သွယ်မှုအဆင်ပြေ ချောမွေ့စေရေး ဦးစားပေးဆောင်ရွက်သွားရန်နှင့် အခြားလိုအပ်သည်များကို လမ်းညွှန် မှာကြားခဲ့ပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်နေသည့် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေး စကားပြောကြားသည်။

ငလျင်ဘေးဒဏ်သင့်ခဲ့သည့် ဒေသများအားလုံး၌ ကူညီကယ်ဆယ်ရေးနှင့် ပြန် လည်ထူထောင်ရေးလုပ်ငန်းများကို အစိုးရအဖွဲ့မှတာဝန်ရှိသူများ၊ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စေတနာ့ဝန်ထမ်းများ၊ ဒေသခံပြည်သူ များအားလုံး စုပေါင်း၍ အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိ သည်။