အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာကော်မတီ အရေးပေါ်လုပ်ငန်း ညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာစကားပြောကြား
နေပြည်တော်၊ မတ် - ၂၉
အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် အမျိုးသား သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီ၏ အရေးပေါ်လုပ်ငန်း ညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်၍ ငလျင်ဒဏ်သင့်ဒေသများ၌ ကူညီကယ်ဆယ်ရေး လုပ်ငန်းများနှင့် ထောက်ပံ့ရေးလုပ်ငန်းများအား အမြန်ဆုံး ဆောင်ရွက်နိုင်ရေးအတွက် ဆွေးနွေး မှာကြားသည်။
အစည်းအဝေးသို့ ကောင်စီအတွင်းရေးမှူး ဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ နှင့်တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က အဖွင့်အမှာ စကားပြောကြားရာတွင် မတ် ၂၈ ရက်နေ့တွင်ဖြစ်ပေါ်ခဲ့သည့် အင်အားပြင်းမြေငလျင်နှင့် နောက်ဆက်တွဲ ငလျင်ငယ်များလှုပ်ရှားမှုကြောင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ် အရှေ့မြောက်ဒေသ၊ နေပြည်တော် ကောင်စီနယ်မြေ၊ ပဲခူးတိုင်းဒေသကြီးတို့၌ ငလျင်ဒဏ်သင့်ခဲ့ရပြီး လမ်းတံတား၊ အဆောက်အဦများ ထိခိုက်ပျက်စီးခဲ့ရကာ ပြည်သူအချို့ အသက်သေဆုံး ခဲ့ရမှုများနှင့် ထိခိုက်ဒဏ်ရာရရှိမှုများ ဖြစ်ပေါ်ခဲ့ရကြောင်း၊ အထပ်မြင့်နေအိမ်များ၊ အိမ်ရာများနှင့် အောက်ခြေ (Foundation) မခိုင်သည့် အဆောက်အဦများတွင် ပိုမိုပျက်စီးဆုံးရှုံး ခဲ့ရသည်ကို တွေ့ရှိရကြောင်း၊ အထူးသဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီးနှင့် နေပြည်တော်ကောင်စီနယ်မြေတို့တွင် ထိခိုက်ပျက်စီး ဆုံးရှုံးမှုများ ပိုမိုဆိုးရွားစွာ တွေ့ရှိရကြောင်း၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် အနေဖြင့်လည်း မတ် ၂၈ ရက်နေ့ ဖြစ်စဉ် ဖြစ်ပြီးချင်းပင် နေပြည်တော် ကောင်စီနယ်မြေအတွင်း ပျက်စီးမှုရှိသည့် ဝန်ထမ်းအိမ်ရာများ၊ အရပ်ဘက် ပြည်သူ့ ဆေးရုံကြီး(ခုတင်-၁၀၀၀)နှင့် မြို့တွင်းလမ်းတံတားများကို ကြည့်ရှုစစ်ဆေး၍ လိုအပ် သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း၊ ယနေ့တွင်လည်း မန္တလေးတိုင်းဒေသ ကြီးသို့ လိုအပ်သည်များ မှာကြားနိုင်ရန်နှင့် ဘေးဒုက္ခခံစားနေရသည့် ပြည်သူများကို အားပေး စကားပြောကြားနိုင်ရေး သွားရောက်လျက်ရှိပြီး ယခုအစည်းအဝေးပြုလုပ်ချိန် အထိ သေဆုံးသူဦးရေမှာ ၁၁၀၁ ဦးရှိပြီး ထိခိုက်ဒဏ်ရာရရှိမှု စုစုပေါင်းမှာ ၂၆၄၄ ဦးရှိပြီ ဖြစ်ကြောင်း၊ ထပ်မံ၍လည်း အရေအတွက်တိုးလာနိုင်ပါကြောင်း၊ ငလျင်နောက်ဆွဲ အနေဖြင့် စတင်ချိန်မှ ယခုအချိန်အထိ ၁၄ ကြိမ်ရှိပြီး ရစ်(ခ်)တာစကေး အနိမ့်ဆုံး ၂ ဒသမ ၈ မှ အမြင့်ဆုံး ၇ ဒသမ ၇ ဖြစ်ကြောင်း၊ မြေအောက် ၁၀ ကီလိုမီတာအနက်မှ ဖြစ်၍ ပိုမိုအင်အားပြင်းပြီး ပျက်စီးဆုံးရှုံးစေမှု ပိုမိုကြီးမားကြောင်း၊ နေပြည်တော်ကောင်စီ နယ်မြေအတွင်းရှိ ဝန်ကြီးဌာနအသီးသီးမှ စုပေါင်းအိမ်ယာများ၌ နေထိုင်ကြသည့် ဝန်ထမ်းများအနေဖြင့် ငလျင်ဒဏ်ကြောင့် ပြောင်းရွှေ့နေထိုင်နေကြရလျက်ရှိရာ သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ ဝန်ကြီးများက မိမိတို့၏ ဝန်ထမ်းများကို သွားရောက် အားပေးပြီး လိုအပ်သည်များ စစ်ဆေးပေးကြရန်နှင့် စိတ်ဓာတ်ခွန်အား မြှင့်တင်ပေးကြ ရန် လိုအပ်ကြောင်း၊ အထူးသဖြင့် အစားအစာနှင့် သန့်ရှင်းသောသုံးရေ၊ သောက်ရေ များရရှိရေး ဖြည့်ဆည်းပေးရန် လိုအပ်ကြောင်း၊ မိမိတို့ NDMC အနေဖြင့် နိုင်ငံတကာမှ အကူအညီများ စေလွှတ်ပေး ပို့မှုအပေါ် လိုအပ်သည့် နေရာများသို့ အမြန်ဆုံး ရောက်ရှိရန်နှင့် အမြန်ဆုံးဖြန့်ဝေပေးနိုင်ရန် လိုအပ်ကြောင်း၊ လက်ရှိဖြစ်ပေါ်နေသည့် အခြေအနေများနှင့် ပတ်သက်၍ ဒေသအသီးသီးရှိ ဝန်ထမ်းများ၏ လိုအပ်ချက်များကို ဝန်ကြီးဌာန အသီးသီးက တစ်ပိုင်တစ်နိုင်စာရင်း ကောက်ယူ၍ ဖြည့်ဆည်းပေးရန် လိုအပ်ကြောင်း၊ အများပြည်သူပိုင်လမ်း၊ တံတားများ ပျက်စီးမှုများ၊ မြေကျွံမှုများကြောင့် လမ်းပန်း ဆက်သွယ်ရေး အခက်အခဲများ ရှိနေသည့် အတွက် ရေရှည်၊ ရေတိုစီမံချက်များ ချမှတ်၍ အမြန်ဆုံးပြုပြင်နိုင်ရန် လိုအပ်ကြောင်း၊ အရေးပေါ်လိုအပ်ချက်များ ဖြစ်သည့် ဆက်သွယ်ရေး၊ လျှပ်စစ်မီးရရှိရေးနှင့် သန့်ရှင်းသော သောက်သုံးရေရရှိရေးတို့ကို ဆောင်ရွက်ရမည်ဖြစ်ပြီး လျှပ်စစ်မီးရရှိမှသာ ရေရရှိရေးကို ဆက်လက်ဆောင်ရွက်နိုင် မည်ဖြစ်သဖြင့် အမြန်ဆုံး ဆောင်ရွက်နိုင်ရေးတို့ကို ဆွေးနွေးမှာကြားသည်။
ထို့နောက် ကော်မတီဒုတိယဥက္ကဋ္ဌ (၂) လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချ ထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းနှင့် ကော်မတီဝင် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူတို့က မတ် ၂၈ ရက်တွင် ဖြစ်ပေါ်ခဲ့သည့် အင်အားပြင်း ငလျင်ကြောင့် ပျက်စီးဆုံးရှုံး ရမှုအခြေအနေများ၊ ကယ်ဆယ်ရေးလေယာဉ်များနှင့် ပစ္စည်းများရောက်ရှိမှုအခြေအနေများ၊ ကယ်ဆယ်ရေး ယာဉ်များအတွက် ပို့ဆောင်ဆက်သွယ်ရေး လမ်းကြောင်းဆောင်ရွက် ထားမှုအခြေ အနေများ၊ ဆက်သွယ်ရေးနှင့် လမ်းပန်းဆက်သွယ်ရေးများ ပြန်လည်ရရှိရေး အမြန်ဆုံး ဆောင်ရွက်ပေးနေသည့် အခြေအနေများ၊ ငလျင်ဒဏ်ကြောင့် ဝန်ထမ်းအိမ်ရာ များ ပျက်စီးဆုံးရှုံးမှု၊ ဝန်ထမ်းများနှင့် မိသားစုဝင်များ အသက်သေဆုံးရမှု၊ ထိခိုက်ဒဏ်ရာ ရရှိမှုများ၊ အရေးပေါ်ကူညီကယ်ဆယ်ရေးဆောင်ရွက်နေမှုများ၊ ငလျင်ဘေးဒဏ် ခံစား ရသည့် ဝန်ထမ်းများအတွက် ဝန်ကြီးဌာနအသီးသီးအလိုက် စားသောက်၊ နေထိုင် မှုနှင့် လုံခြုံရေးအတွက် ဆောင်ရွက်ပေးထားမှုအခြေအနေများ၊ ဘဏ္ဍာငွေ ခွဲဝေသုံးစွဲမှု အခြေအနေများ၊ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆက်လက် ဆောင်ရွက်သွားမည့် အစီအမံများကို ဆွေးနွေးတင်ပြကြသည်။
ဆွေးနွေးတင်ပြမှုများအပေါ် အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ဆွေးနွေးချက်များအပေါ် ဝန်ထမ်းအိမ်ယာအလိုက် ယာယီမိုးကာတဲများဖြင့် အိမ်ယာနှင့်အနီးဆုံး ပန်းခြံ၊ အရိပ်ရှိကွက်လပ်ကျယ်၌ ထား ရှိရေး၊ နေ့စဉ် သန့်ရှင်းသော သောက်ရေရရှိရေး၊ ရွှေ့လျားရေသန့်စက် မော်တော်ယာဉ် ၅ စီးခန့်ဖြင့် ရေသန့်ချက်ပြီး ရေကားအသီးသီးမှ တဆင့် ဝန်ထမ်းယာယီနေရာများသို့ ပို့ဆောင်သုံးစွဲစေရေး၊ အုပ်ချုပ်မှုနှင့် ကျန်းမာရေးဆိုင်ရာကိစ္စ ဖြေရှင်းနိုင်ရေး ယာယီရေကန်များ ပြုလုပ်လျက် သုံးရေရရှိရေး၊ ဝန်ထမ်းများ သက်သာချောင်ချိစွာ စားသောက်နိုင်ရေး ရွှေ့လျား ကုန်စိမ်း၊ ကုန်ခြောက် အရောင်းမော်တော်ယာဉ်များဖြင့် လုံလောက်စွာ ဖြန့်ဖြူးရောင်းချပေးရန်၊ ဝန်ထမ်းများနှင့် မှီခိုမိသားစုများ အရေး ပေါ်သုံးစွဲနိုင်ရန် ထောက်ပံ့ငွေကြေးနှင့် စားသောက်နိုင်ရေး၊ NDMC မှလည်း အလုပ်သမား ဝန်ကြီးဌာနမှ ဝန်ထမ်းများ၏ လူမှုဖူလုံရေး ရန်ပုံငွေမှ ထုတ်ယူ သုံးစွဲခွင့်ရရှိရေး အပါ အဝင် ပြန်လည်ထူးထောင်ရေးကိစ္စရပ်များ၊ စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ ကျန်းမာ ကြံ့ခိုင်ရေး ကူညီဆောင်ရွက်ပံ့ပိုးပေးမည့် ကိစ္စရပ်များ၊ ဝန်ထမ်းများအတွက် လုံခြုံရေး ဆိုင်ရာကိစ္စရပ်များ၊ နိုင်ငံတကာအကူအညီလာရောက် မှုအပေါ် အဆင်ပြေချော မွေ့စေ ရေး အဆိုပါအဖွဲ့အတွက် ဆက်ဆံရေးအရာရှိ၊ ကူညီကယ်ဆယ်ရေးအတွက် တွဲဖက်ပေး ရမည့် ပြည်တွင်းမှ ဘေးအန္တရာယ်ဆိုင်ရာ ကူညီကယ်ဆယ်ရေးအဖွဲ့များ ထားရှိရေးကိစ္စရပ်များ၊ တည်းခိုနေထိုင်ရေးကိစ္စရပ်များ နှင့် လိုအပ်နယ်မြေအလိုက် ကူညီကယ်ဆယ်ရေး၊ ဆေးပစ္စည်း ကူညီပေးရေး ခွဲဝေတာဝန် ပေးရန်ကိစ္စရပ်များအား NDMC အဖွဲ့ဝင်များနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားကာ အစည်းအဝေးကို ရုတ်သိမ်းလိုက်သည်။
ထို့နောက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် အဖွဲ့ဝင်များနှင့်အတူ ငလျင်ဘေးဒဏ်ကြောင့်ပျက်စီး မှုများ ဖြစ်ပေါ်ခဲ့သည့် နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့သို့ လည်းကောင်း၊ ဇမ္မူသီရိမြို့နယ်၊ ဗလသိဒ္ဓိရပ်ကွက်ရှိ ဝန်ထမ်းအိမ်ရာများသို့ လည်းကောင်း သွားရောက်ကြည့်ရှုစစ်ဆေးပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေမှု များကို လိုက်လံကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များကို မှာကြားသည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် နှင့် အဖွဲ့ဝင်များ သည် ငလျင်ဘေးဒဏ်သင့်မှုကြောင့် ဆုံးရှုံးပျက်စီးမှုများပြားပြီး ယနေ့အထိ ကယ်ဆယ်ရေးဆောင်ရွက်နေရသည့် ဥတ္တရသီရိမြို့နယ်၊ ဥတ္တရသီရိပုဂ္ဂလိက အထူးကုဆေးရုံ၌ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများကို သွားရောက် ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးသည်။
ထိုမှတဆင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် နှင့် အဖွဲ့ဝင်များ သည် နေပြည်တော် ခုတင်(၁၀၀၀)ဆံ့ အထွေထွေရောဂါကုဆေးရုံကြီးသို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး ဆေးရုံတက်လူနာများအတွက် ယာယီကုသဆောင်များ ထားရှိရန် စီစဉ်နေမှု၊ ဆေးရုံတက်လူနာများအတွက် လိုအပ်သော သောက်သုံးရေရရှိရေး စီစဉ်ဆောင်ရွက်ထားရှိမှုများနှင့် ဆေးရုံကြီးရှိ ကုသဆောင်အလိုက် အဆောက်အဦ ကြံ့ခိုင်မှုဆိုင်ရာများကို လိုက်လံကြည့်ရှု စစ်ဆေးခြင်းနှင့် တပ်မတော်စစ်ဆေးရုံကြီးမှ ရွှေ့လျားခွဲစိတ်ကုသယာဉ်နှင့် ဓာတ်မှန်ယာဉ်များ ကူညီပို့ဆောင်ပေးရန် ကိစ္စအပါအဝင် တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် နှင့် အဖွဲ့ဝင်များသည် ခုတင်(၃၀၀)ဆံ့ သွားဖွားမီးယပ်ဆေးရုံနှင့် နေပြည်တော်တပ်မတော် ဆေးရုံကြီး(ခုတင်-၁၀၀၀)သို့ သွားရောက်၍ ဆေးရုံတက်ရောက်ကုသမှု ခံယူလျက်ရှိ သည့် တပ်မတော်သား မိသားစုဝင်များနှင့် အရပ်သားပြည်သူများအား လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးနေမှုနှင့် ခွဲစိတ်ခန်းများနှင့် ဆေးရုံသုံး ပစ္စည်းများ အသင့်ပြင်ဆင်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးပြီး ဆေးရုံတက် လူနာများအတွက် ချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာကော်မတီ အရေးပေါ်လုပ်ငန်း ညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာစကားပြောကြား နေပြည်တော်၊ မတ် - ၂၉
Wednesday, April 16, 2025 - 17:00