အင်အားပြင်း ငလျင်လှုပ်ခတ်မှုကြောင့် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်ရှိ ခပေါင်းတံတား ချဉ်းကပ်လမ်းနှစ်ဖက် မြေနိမ့်ပျက်စီးမှုများအား ပြန်လည်ပြုပြင်ပြီးစီး
နေပြည်တော်၊ ၂၀၂၅ မတ် ၂၉ ရက်
၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့တွင် ဖြစ်ပေါ်ခဲ့သည့် အင်အားအလွန်ပြင်းထန် သော မြေငလျင်နှင့် နောက်ဆက်တွဲ ငလျင်ငယ်များ လှုပ်ရှားခဲ့မှုကြောင့် ပဲခူးတိုင်း ဒေသကြီး၊ အုတ်တွင်းမြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ် မိုင်တိုင်၊ ၁၄၅ ရှိ ခပေါင်းတံတားမှာ ချဉ်းကပ်လမ်းနှစ်ဖက် မြေကျွံပျက်စီးနိမ့်ကျသွားခဲ့ကြောင်း သိရှိရ သည်။
အဆိုပါ မြေကျွံနိမ့်ကျပျက်စီးခဲ့၍ အများပြည်သူများ သွားလာရေး အခက်အခဲဖြစ်ပေါ်လျက်ရှိသော ခပေါင်းတံတားအား သက်ဆိုင်ရာ လမ်း/တံတား တည်ဆောက်ရေးအဖွဲ့နှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုခဲ့ပြီး အများပြည်သူ များ ဖြတ်သန်းသွားလာနိုင်ရေးအတွက် ပြုပြင်မှုများအား ချက်ချင်းဆောင်ရွက်ခဲ့ရာ ယနေ့မွန်းလွဲ ၁၂ နာရီခွဲခန့်တွင် အဆိုပါတံတားပေါ်မှ မော်တော်ယာဉ်ငယ်များဖြင့် အများပြည်သူများ ဖြတ်သန်းသွားလာနိုင်ပြီဖြစ်ကြောင်း သိရှိရသည်။
အင်အားအလွန်ပြင်းထန်သော မြေငလျင်လှုပ်ခတ်မှုကြောင့် မြန်မာနိုင်ငံ အနှံ့အပြားရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် ငလျင်ဒဏ်သင့်ခဲ့ရပြီး လမ်း/တံတား အဆောက်အဉီများ ထိခိုက်ပျက်စီးမှုများ ရှိခဲ့ရာ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် သဘာဝဘေးကူညီကယ်ဆယ်ရေးအဖွဲ့များမှ ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ် ကို ကာကွယ်စောင့်ရှောက်ရန်နှင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို အချိန်နှင့် တပြေးညီ ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။